welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဝိညာဉ်များနှင့်အတူ

Sunday, August 2, 2009



ရှစ်ဆယ့်ရှစ်ရဲ့ည
ကျမကလေးဘ၀ပါ
အင်္ကျီအဖြူ စကတ်အစိမ်းနဲ့ 
ကျမလည်းစွာရဲခဲ့သူပဲပေါ့
ထ(၁) အင်းစိန် စုရပ်က
ရှစ်ဆယ့်ရှစ်ညအတွက်
ထင်ရှားတဲ့မှတ်တိုင်ပေါ့
အင်းစိန် ဆူးလေအထိလမ်းလျောက်
ကျမ အဲဒီ့ည အိမ်ကပျောက်ခဲ့တယ်

ပူလောင်စပ်ဖျင်းမောပမ်းခြင်းနဲ့အတူ
အာခေါင်ကွဲအပ် အသံတွေမထွက်တော့တဲ့ညပေါ့
ဒါပေမဲ့---ဘေးဝဲယာကပြည်သူ့ အသံ
ပင်ပမ်းရဒဏ်ပြေပြီပဲလေ
ဆားသံပုရာခွံကျွေးလာတဲ့ပြည်သူ
ဖြူဖြူမဲမဲကျမ နှုတ်ခမ်းဟပေးမြဲပေါ့
ဘယ်သူဦးဆောင်ဦးဆောင်
အားလုံးဟာတစ်သံတည်းပါ
အရေးတော်ပုံအောင်ရမည်

တဖြောင်းဖြောင်းလက်ခုပ်သံတွေရဲ့ကြား
မြို့ တော်ခမ်းမရှေ့ကိုရောက်သွားကြပြီ
ကျမကိုချီမ ရဲဘော်တစ်ဦးက
ငါ့ညီမငယ်ဒါဟောကွယ်တဲ့
ဘယ်သူဘယ်ဝါမှန်းမသိ
ကျမစာရွက်ကိုင်ပြီးအသံကုန်ဟစ်တော့
လက်ခုတ်သံတွေမစဲ
ဟုတ်တယ် ဟုတ်တယ် သြဘာပေး
ကျမနထင်သွေးကြွ
အဲဒါကျမရဲ့တော်လှန်ရေးအစပါ

တက်နိုင်သူတွေကလက်ကိုင်ပ၀ါလေးတွေဝေငှ
မျက်ရည်ယိုဗုံးသတင်းပျံ့လွင့်
အားလုံးဟာကြောက်ရွံ့ခြင်းအလျဉ်းမဲ့ညပေါ့
(၇၇)ခွန်ခွန် လာတယ်ဟေ့
ပစ်ခိုင်းလို့ ပြန်သွားတယ်တဲ့
ဟော ခုလာတာ (၂၂)နှစ်ဆယ့်နှစ်
ချင်းတပ်အသစ်ဆိုပဲ
ပစ် --ပစ် ကွာ
ဒို့ ဆန္ဒကမ္ဘာသိစေရမယ် ကျောင်းသားတစ်ဦးရဲ့အသံ
အဲဒီ့နောက် --ဒိုင်း--ဒိုင်း--ဒိုင်း
ကျမကိုလူတစ်ယောက်ဆွဲပြေး
ဗန္ဓုလပန်းခြံဘေးကလက်မှတ်ရုံလေးကြားမှာ
ကျမတုန်ရီစွာနဲ့ 
ပစ်တယ်ဟ ပစ်တယ်ဟ အသံကြားရာလှည့်ကြည့်
ကျမမျက်စိမမှားခဲ့ပါဘူး
ဖြူစိမ်း ရင်ဖုံးနဲ့  ဆရာမတစ်ဦး
သူနဲ့ အတူကျောင်းသားနှစ်ဦး ၀မ်းလျားမှောက်ကျ
သွေးအိုင်ထဲမှာ အဲဒီ့ညပေါ့

ကျမ ဒူးတုန်လို့ ရှေ့ဦးတည်ရာပြေး
လသာ က ပြည်သူဖေးမကူလို့ 
အသက်၇ှင်သန်ခွင့်ရခဲ့သေးပေမဲ့
ရှစ်ဆယ့်ရှစ်ညရဲ့ ၀ိညာဉ်များဟာ
ကျမတို့ နဲ့ အတူ ခုချိန်ထိ
တိုက်ပွဲဝင်နေဦးမှာ အသေအချာပါ
ခုလိုလရဲ့ ရှစ်ရှစ် ညတွေဟာ
အသစ် အသစ်သော ဝေဒနာကိုရစေတာမို့ 
အာဏာရှင်မကျမချင်း အံကြိတ်အားခဲရင်းနဲ့ 
အမြဲထာဝရသင်တို့ ဝိညာဉ်များနဲ့ အတူတကွ။။။။။။။။။။။။။။။။။။


မေအိခင်(လယ်ဝေး)

0 comments: