welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဇွန် (၆) အလုပ်သမားအရေးအခင်း

Sunday, May 3, 2009

၁၉၇၄ ဇွန်လ အလုပ်သမား အရေးအခင်း နှင့် ကျောင်းသားများ’
အောင်ဝေး
မေ ၂၊ ၂၀၀၉
တော်လှန်ရေးကောင်စီ လက်အောက် ၁၉၇၀ ပြည့်လွန် မြန်မာ့နိုင်ငံရေးမှာ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး၊ ဥပဒေတွင်း ဒီမိုကရေစီ လှုပ်ရှားမှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လာခဲ့ပါတယ်။ မဆလခေတ်မှာ ပထမဆုံး ပြင်းပြင်းထန်ထန် နဲ့ ထင်ထင်ရှားရှား ဖြစ်ခဲ့တဲ့ လူထုတိုက်ပွဲကတော့ ၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမား အရေးအခင်းပါပဲ။


မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) တဖြစ်လဲ တော်လှန်ရေးကောင်စီ စစ်အစိုးရဟာ ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထဲမှာ သူတို့ စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ပြုလုပ်ပါတယ်။

ဒီပွဲမှာ မဆလဟာ နိုင်ငံရေး နားမလည်တဲ့ အနုပညာသည်တွေ၊ တတ်သိပညာရှင်တွေကို ခုတုံးလုပ် အသုံးချပြီး လူထုလည်ပင်း ဓားထောက်ကာ သူတို့ဥပဒေကို တဖက်သတ် အတည်ပြုလိုက်ကြပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးမှာ ပြည်သူလူထု ဆန္ဒအမှန် မဟုတ်တဲ့ ၁၉၇၄ စစ်တပ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပေါ်ထွက်လာခဲ့တာပါပဲ။

အဲဒီအခြေအနေမှာ တတိုင်းတပြည်လုံး၊ တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဘ၀ အထွေထွေဟာ အတော့်ကို ချွတ်ချုံကျနေခဲ့ပါပြီ။ ဆင်းရဲ ကျပ်တည်းတဲ့ ဒဏ်ကို အောက်ခြေလူထုက အလူးအလဲ ခံနေရတဲ့ အချိန်ပါ။ အထူးသဖြင့် မြို့နေ အလုပ်သမားတွေရဲ့ ဘဝဟာ ရင်နင့်စရာ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင် တိုးနေရပါပြီ။

အဲဒီလို လူထုရဲ့ အထွေထွေ အကျပ်အတည်း ကြားမှာပဲ ၁၉၇၄ ခုနှစ် မတ်လထဲမှာ ရန်ကုန် ဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ် RASU (ယခု ရန်ကုန်တက္ကသိုလ်) အနီးမှာ ရှိတဲ့ ကမာရွတ် ရဲစခန်း မီးရှို့မှု ပေါ်ပေါက်လာခဲ့ပါတယ်။

အဖြစ်အပျက်ကတော့ အဆောင်နေ ကျောင်းသားတဦးကို ခါးပိုက်နှိုက်နဲ့ မှားပြီး ရဲက ဖမ်းလိုက်တာက စတာပါ။ ကမာရွတ် ရဲစခန်းမှာ ရဲတွေက အဲဒီကျောင်းသားကို ရိုက်နှက် စစ်ဆေးကြတယ်။ ဒါကို ကျောင်းသားထုကြီးက မခံမရပ်နိုင် ဖြစ်ပြီး ကမာရွတ်ရဲစခန်းကို ဝိုင်း၊ ရိုက်နှက် စစ်ဆေးတဲ့ ရဲတွေကို ဖော်ထုတ် အရေးယူပေးဖို့ တောင်းဆို ဆန္ဒပြကြပါတယ်။

စခန်းမှူး နဲ့ အာဏာပိုင်တွေဘက်က အရေးယူ ဆောင်ရွက်ပေးမှု မရှိတဲ့အပြင် ကျောင်းသားတွေ အပေါ် မချေမငံ ဆက်ဆံတဲ့အတွက် ကျောင်းသားထုကြီးက ကမာရွတ်ရဲစခန်းကို မီးရှို့ ဖျက်ဆီးပစ်လိုက်ကြပါတော့တယ်။

ကမာရွတ်ရဲစခန်း မီးရှို့မှု ဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး၊ ၁၉၇၄ ခုနှစ် မေလ နဲ့ ဇွန်လတွေ အတွင်းမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အလုပ်သမားတွေရဲ့ အုံကြွမှုကြီးတွေ ဆက်တိုက် ပေါ်ပေါက်လာပါတော့တယ်။

အစောဆုံး ပေါ်ထွက်လာတဲ့ အလုပ်သမားထု ဆန္ဒပြပွဲတွေကတော့ ၁၉၇၄ ခုနှစ် မတ်လ ပလိပ် ချည်မျှင် နဲ့ အထည်စက်ရုံ၊ ဧပြီလ မန္တလေးမြို့က အစိုးရပိုင် သစ်စက်တွေမှာ ဖြစ်ပါတယ်။

မေလထဲ ရောက်တော့ ၁၃ ရက်နေ့ မြစ်ငယ် မီးရထား တွဲပြင်စက်ရုံ နဲ့ ရွာသစ်ကြီး ချည်မျှင် နဲ့ အထည်စက်ရုံ၊ မေလ ၁၇ ရက် မိတ္ထီလာ ဆည်မြောင်း ဦးစီးဌာန စက်မှုလုပ်ငန်း၊ မေလ ၁၈ ရက် မန္တလေး ကုန်းလမ်း ပို့ဆောင်ရေး ကုန်စည်ဌာနခွဲ အဲဒီ နေရာ အသီးသီးမှာ အလုပ်သမား သပိတ်တွေ ဆက်တိုက် ပေါ်ထွက်လာပါတယ်။

၁၉၇၄ ခုနှစ် ဇွန်လထဲမှာ မြစ်ငယ် မီးရထား စက်ခေါင်းရုံက စလိုက်တဲ့ အလုပ်သမား သပိတ်ဟာ တနိုင်ငံလုံးကို ပျံ့နှံ့ ကူးစက်သွားပြီး နိုင်ငံလုံးဆိုင်ရာ အထွေထွေ အလုပ်သမား သပိတ်ကြီး အဖြစ် ရောက်ရှိသွားခဲ့ပါတယ်။

မန္တလေး၊ မြစ်ငယ် အစ ချောက်၊ ရေနံချောင်း၊ စစ်ကိုင်း အလယ် ရန်ကုန်၊ သံလျင် အဆုံး တပြည်လုံးက စက်ရုံ အလုပ်ရုံပေါင်း ၁၂၈ ခု သပိတ်မှောက် ဆန္ဒပြခဲ့ကြတဲ့ တိုက်ပွဲပါပဲ။

ဇွန်လ ၆ ရက် ရန်ကုန် အလုပ်သမား တိုက်ပွဲမှာ အလုပ်သမားတွေဘက်က အလုပ်သမားထုနဲ့ ပြည်သူ တရပ်လုံးအတွက် ကုန်ဈေးနှုန်း ကျဆင်းရေး၊ ဆန် လုံလောက်စွာ ရရှိရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး၊ နေစရာ အိမ်ခန်း ရရှိရေး၊ လစာ တိုးမြှင့်ရေး စတဲ့ အလုပ်သမား အခွင့်အရေးတွေကိုပဲ တရားဝင် တောင်းဆိုခဲ့ကြတာ ဖြစ်တယ်။

အလုပ်သမားတွေဟာ မဆလ စစ်တပ်ဆီက အာဏာကို လုနေတာ မဟုတ်ဘူး ဆိုတဲ့ အချက်ကို အလုပ်သမား ခေါင်းဆောင်တွေက အစိုးရကို ရှင်းပြခဲ့ကြတယ်။

ဒါပေမဲ့ မဆလ စစ်အုပ်စုက အလုပ်သမား သပိတ်ကြီးကို လက်နက်နဲ့ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ ရန်ကုန်မြို့ သမိုင်း ချည်မျှင် နဲ့ အထည်စက်ရုံက အလုပ်သမားတွေ၊ ဆင်မလိုက် သင်္ဘောကျင်းက အလုပ်သမားတွေ အများအပြား သေကြေ ဒဏ်ရာရခဲ့ကြပါတယ်။

ဒီတိုက်ပွဲမှာ အလုပ်သမား ခေါင်းဆောင် ၁၄၇ ဦး ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ နှစ်ကနေ ၁၅ နှစ်အထိ အပြစ်ပေးခံခဲ့ရပါတယ်။ အလုပ်သမား တော်တော်များများလည်း အလုတ်ဖြုတ်ခံကြရပါတယ်။

မဆလ အစိုးရဟာ အလုပ်သမား သပိတ်ကို ကွန်မန်ဒိုတပ်တွေ သုံးပြီး နှိမ်နင်းခဲ့တာပါ။ စားစရာ ဆန် တောင်းနေတဲ့ အလုပ်သမားတွေကို စစ်တပ်က ကဲ ဟေ့ မင်းတို့ ဆန်တော့ မရဘူး၊ ကျည်ဆံပဲရမယ် ဆိုပြီး ပစ်ခတ် ချေမှုန်း၊ ဘက်နက် လှံစွပ်နဲ့ အတင်း တက်ထိုးခဲ့တဲ့ ဖြစ်ရပ်ပါ။

ဇွန်လ ၆ ရက်၊ ဇွန်လ ၇ ရက် အလုပ်သမားသပိတ်ကို ပစ်ခတ် ဖြိုခွဲနေတဲ့ မောင်းပြန် သေနတ်သံတွေ၊ ပေါက်ကွဲသံတွေကို တက္ကသိုလ်နယ်မြေထဲကလည်း အတိုင်းသား ကြားနေခဲ့ရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံနေရတဲ့ အလုပ်သမားတွေထဲမှာ ကျောင်းသား မိဘတချို့လည်း ပါပါတယ်။

အလုပ်သမားတွေ ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေပါပဲ။ ပြည်သူရဲ့ ဒုက္ခကို ဘယ်တုန်းကမှ မျက်ကွယ်ပြုရိုး ထုံးစံ မရှိတဲ့ ကျောင်းသားတွေဟာ သွေးမြေ အကျခံပြီး တိုက်ပွဲဝင်နေတဲ့ အလုပ်သမားတွေကို ကူညီဖို့ ခွပ်ဒေါင်းအလံကို လွှင့်ထူလိုက်ကြပါတယ်။

တက္ကသိုလ် ကျောင်းသားတွေ လမ်းမပေါ် ထွက်လာပြီး မဆလ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ကြွေးကြော်သံတွေ တခဲနက် ကြွေးကြော်လိုက်ကြပါပြီ။

မဆလ အစိုးရဟာ အလုပ်သမား တိုက်ပွဲထဲကို ကျောင်းသားတွေ ပူးပေါင်း ပါဝင်လာပြီ ဆိုတာနဲ့ ချက်ချင်း ဆိုသလို တက္ကသိုလ် ကောလိပ်တွေကို ရက် အကန့်အသတ်မရှိ ပိတ်ပစ်လိုက်ပြီး အဆောင်နေ ကျောင်းသားတွေကို အမိန့်နဲ့ တက္ကသိုလ်နယ်မြေထဲကနေ ထွက်ခွာခိုင်းပါတော့တယ်။

အလုပ်သမား တိုက်ပွဲတွေကတော့ ချက်ချင်း သွေးအေးမသွားဘဲ ဇွန်လ ၁၀ ရက် အမှတ် ၃ သစ်စက်၊ ဇူလိုင် ၁ ရက် ကြို့ကုန်း ဘီပီအိုင် စက်ရုံတို့မှာ ဆက်လက် ဖြစ်ပွားခဲ့ပါသေးတယ်။

၁၉၇၄ ဇွန်လ ၆ ရက် အလုပ်သမားလှုပ်ရှားမှု တိုက်ပွဲ ချေမှုန်းခံခဲ့ရပေမယ့် အလုပ်သမားထုနဲ့ ပြည်သူ တရပ်လုံးရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စိတ်ဓာတ်တွေကတော့ ကြံ့ကြံ့ခံနေဆဲပါပဲ။ ။

ကိုအောင်ဝေး

မေး(လ်) ပို့ ပေးသော Green Leave အားကျေးဇူးတင်ပါသည်။။

0 comments: