welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အာဇာနည်မျိုး သေရိုးမရှိ

Saturday, July 18, 2009



“အာဇာနည်နေ့အဓိဌာန်”


◊အာဇာနည်ဆိုတာ

ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့

ပုခုံးဒေါက်က ကြယ်ပွင့်များမဟုတ်။

◊ဖေါ်ရှိုးပြထားတဲ့

ရင်ဘတ်က တံဆိပ်များလဲမဟုတ်။

◊ကိုယ့်ကိုယ်ကို အစွံထုတ်တဲ့

ဗိုလ်ချုပ်မှူးကြီး ရာထူးလဲမဟုတ်။

◊ဘယ်သူမှ အတုလုပ်မရတဲ့

အနှိုင်းမဲ့ ဂုဏ်ပုဒ်ဖြစ်တယ်။

◊အာဇာနည်ဆိုတာ

တုပြိုင်ဘက်ကင်းတဲ့

စွန့်လွှတ် အနစ်နာခံခြင်းရဲ့သရုပ်။

◊ရယူလိုမှုကင်းတဲ့

အဆုံးမဲ့ ပေးဆပ်ခြင်းရဲ့ပြရုပ်။

◊လူသား ဖြစ်တည်မှုရဲ့

ကြီးမြတ်တဲ့ ဂုဏ်ပုဒ်ဖြစ်တယ်။

◊လူတဦးရဲ့ လုပ်ရပ်ကို

သမိုင်းက အဖြေထုတ်သလို

အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်ကို

လူထုရဲ့ နှလုံးသားက ထုလုပ်တယ်။

◊ အဲဒီဂုဏ်ပုဒ်ကို

ဦးညွတ် အလေးပြုကြ။

အာဇာနည် စိတ်ဓါတ်ကို

လက်ဆင့်ကမ်း သယ်ဆောင်ကြ။

သူတို့ ရည်မှန်းတဲ့

ဒီမိုကရေစီ ပန်းတိုင်ဆီ

တိုက်ပွဲဝင် ချီတက်ကြ။

အမျိုးသားရေး အောင်လံကို

အမြင့်မားဆုံး လွှင့်ထူကြ။

ရွက်စိမ်း


အာဇာနည်မျိုး သေရိုးမရှိ



အစားထိုးမရသောဆုံးရှုံးမှုကြီး

၁၉၄၇ ၊ ဇူလိုင်လ၁၉ရက်၊ စနေနေ့၊ မနက် ၁၀နာရီကျော်

“စနေမိုးပေမို့ မစဲလေသလား၊ မကြာမီဖြစ်လာတော့မည့် အစားထိုးမရနိုင်သည့် ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုကြီး အတွက် ကြိုတင်၍ပင် ငိုကြွေးနေလေသလားပင်မသိ။

ကောင်းကင်ပြင် တခုလုံး ညိုမှိုင်း၍ မိုးက တအိအိတဖွဲဖွဲ ရွာသွန်းနေလေသည်။ မိုးကြောင့် လမ်းများတွင် လူသွား လူလာ မရှိသလောက်ပင်။ ထိုအချိန်တွင် ဝန်ကြီးများရုံး အဆောက်အအုံရှေ့သို့ အစိမ်းပုပ်ရောင် ဂျစ်ကား တစီး ဆိုက်ရောက်လာပြီး ဘရင်းဂန်းများ ကိုင်ဆောင်ထားကြသော လူတစုသည် ကားပေါ်မှ ခုန်ဆင်း၍ ရုံးအပေါ်ထပ်သို့ လျှင်မြန်စွာ ပြေးတက်သွားကြသည်။ သူတို့ဦးတည်ရာ အရပ်ကား အစည်းအဝေး ခန်းမဆီသို့………။

အစည်းဝေး ခန်းမထဲတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေသည်။ လက်တကမ်းသာ လိုတော့သည့် မြန်မာ့လွတ်လပ်ရေး ကိစ္စနှင့် ရှေ့အနာဂတ် အလားအလာ များအတွက် စိတ်အားထက်သန်စွာ ဆွေးနွေးနေမှုက စစ်ဖိနပ်သံများနှင့်အတူ အခန်းဝတွင် ပေါ်ပေါက်လာသည့် လက်နက်စွဲကိုင်သူ လူတစုကြောင့် ရပ်တန့်သွားသည်။ သွေးဆာနေသည့် လူသတ်သမားတို့က သေနတ်များဖြင့် ချိန်လိုက်စဉ်ဗိုလ်ချုပ်အောင်ဆန်းက တခုခုပြောရန် လက်တဖက်ကို မြှောက်၍ တားလိုက်သည်။ သို့သော် ဆူညံသော သေနတ်သံများနှင့်အတူ အခန်းတခုလုံး ယမ်းငွေ့တို့ဖြင့် မှောင်ပိန်း သွား လေတော့သည်။

ယမ်းငွေ့များ ပြယ်စပြုချိန်တွင် အခန်းထဲ၌ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင်ကြီးများ သွေးအိုင် ထဲတွင် အတုန်းအရုံး လဲပြိုကျလျက်ရှိနေပါတော့သည်။ ထိုအဖြစ်ဆိုးကို သိသည့်အလား မိုးက အငြိုးတကြီးဖြင့် တိုး၍ရွာချလိုက်သည်။ ထိုသတင်း ထွက်ပေါ်လာသည်နှင့် တပြည်လုံး ယူကြုံးမရ ငိုကြွေးကြပါတော့သည်။ မြန်မာပြည်၏ အနာဂတ်သည်လည်း မိုးနှင့်အတူ ရေစုန် မျောရပေတော့မည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ သခင်မြ၊ အတွင်းဝန်ဦးအုန်းမောင် အစရှိသော နိုင်ငံရေးခေါင်းဆောင်များနှင့် အခန်းပြင်ရှိ သက်တော်စောင့် ရဲဘော်ကိုထွေးတို့ပါ ထိုသွေးစွန်းသော စနေနေ့ မနက်၁၀နာရီ ၃၇ မိနစ်အချိန်တွင် ကြေကွဲဖွယ်ရာ ကျဆုံးခဲ့ရ ပါတော့သည်။”

ဤကား ကျွန်တော်ကြားခဲ့၊ မှတ်ခဲ့၊ ဖတ်ခဲ့ရဘူးသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျဆုံးခဲ့ရမှု ရုပ်ပုံကားချပ်ပင်။ ယခုနှစ်ဆိုလျှင် ဗိုလ်ချုပ်တို့ ကျဆုံးခဲ့သည်မှာ(၆၂)နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ တခေတ်တွင် တယောက်ပင် ပေါ်ထွက်ခဲသော နိုင်ငံခေါင်းဆောင်၊ မြန်မာတမျိုးသားလုံး၏ အမျိုးသားခေါင်းဆောင်၊ တိုင်းရင်းသားလူမျိုးများ၏ ချစ်ခင်လေးစားမှုကိုရသူ၊ အတိုက်အခံများကပင် လေးစားရသူ၊ တပ်မတော်၏ဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ကိုယ်ကျိုး မဖက် ဆောင်ရွက်ခဲ့ကြသော ထိုခေါင်းဆောင်များကို ဆုံးရှုံးမှုက တိုင်းပြည်အတွက် တန်ဘိုးအနဂ္ဂတွက် ချက်မ ရအောင် နစ်နာခဲ့ပါတော့သည်။

တိုင်းပြည်အတွက်နစ်နာဆုံးရှုံးရခဲ့မှူများ

ယခုမျက်မှောက် ဖြစ်ပေါ်နေသော အခြေအနေများကိုပင် သက်သေပြရပါတော့မည်။ ဗိုလ်ချုပ်ဖောက်ခဲ့သော လမ်းကို ဆက်လျောက်၍ လွတ်လပ်ရေး ပန်းတိုင်ဆီကိုတော့ ရောက်ခဲ့ရပါသည်။ ဆက်ခံသူ နိုင်ငံရေး ခေါင်းဆောင်များ၏ လက်ထက်တွင် နိုင်ငံရေးအယူအဆ ဂိုဏ်းဂဏ ကွဲပြားမှုများ၊ တိုင်းရင်းသား လူမျိုးများ အရေးအရာကိစ္စ မပြေလည်မှုများကြောင့် မြန်မာနိုင်ငံ အတွင်းတွင် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရ ပါတော့သည်။

အသွေးအရောင် အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့အစည်းများကြားတွင် မြေဇာပင်ကတော့ တိုင်းရင်းသား ပြည်သူလူထု များပင်။ ပြည်တွင်းစစ်ကြောင့် စစ်အင်အားအပေါ်ကို မှီခိုရသည်။ နိုင်ငံရေးအယူအဆ ကွဲပြားမှုကြောင့် စစ်တပ်ကို ကြားခံမဏ္ဍိုင်ပြုရသည်။ နိုင်ငံရေးအရရော စစ်ရေးအရပါ ဩဇာအာဏာ ကြီးမားသော ဗိုလ်ချုပ်မရှိတော့သည့် အခါတွင် ထိုအခြေအနေများကြောင့် ဗိုလ်နေဝင်းဆိုသော အာဏာရူး အတွက် ဘီလူးအစွယ်ပေါက်ရန် ဖြစ်လာတော့သည်။

အလိုလိုက် အကြိုက်ခစားသည့် ဗိုလ်အောင်ကြီးတို့လို လူစားတွေကြောင့် ပို၍ သွေးနားထင်ရောက်လာသည့် ဗိုလ်နေဝင်း၏ စစ်အာဏာသိမ်းခြင်းကို ခံရပါတော့သည်။ ထိုအချိန်မှစပြီး ဆိုရှယ်လစ်အနံ့ပေး၍ သွေးခွဲလိုက်၊ ငြိမ်းချမ်းရေးအသံပေး၍ ဘေးတီးလိုက်နှင့် အမျိုးမျိုးသော ဇာတ်ရုပ်ကိုက၍ မြန်မာပြည်တွင် စစ်မျိုးဆက် အုပ်ချုပ်ရေး အသက်ရှည်ရေးနှင့် စစ်ကျွန်ဇာတ်သွင်းရေးကို စနစ်တကျဖော်ဆောင်ခြင်း ခံခဲ့ရသည်မှာ ယခု ဗိုလ်သန်းရွှေတို့ လက်ထက်တိုင်ပင် ဖြစ်ပါသည်။

နှမြောစရာ အကောင်းဆုံး အချက်မှာ B.I.A ၊ B.D.Aမှစ၍ အစဉ်အလာကြီးမားခဲ့သည်ြ့ပည်သူလူထုကြားမှ ပေါက်ဖွား လာခဲ့သည့် မြန်မာ့ တပ်မတော်ကြီးသည် ယနေ့အချိန်တွင် အာဏာရူး လက်တဆုပ်စာတို့ အတွက် လက်ကိုင်တုတ်အဖြစ် ယုတ်နိမ့်သော ကြေးစားစစ်တပ် ဖြစ်ခဲ့ရခြင်းပင်။ အမျိုးကို အမှန်တကယ်ချစ်သော၊ တိုင်းပြည်ကို တကယ် မြတ်နိုးသော တပ်မတော်သားများ လေးနက်စွာ စဉ်းစားသုံးသပ်သင့်သော အချက်ဖြစ် ပါသည်။

ထိုကာလမှ ယနေ့အထိ ဆုံးရှုံးခဲ့ရသော ပြည်သူလူထုပေါင်း များစွာ၏ အသက်အိုးအိမ် စည်းစိမ်များ၊ အာဏာရူး များ၏ ကိုယ်ကျိုးရှာမှုကြောင့် တိုင်းပြည်ချွတ်ခြုံကျခဲ့ရမှုများကိုပါ ထည့်တွက်လျှင် တန်ဘိုးမည်မျှဟု ဘယ်ကဲ့သို့ တွက်ချက်နိုင်ပါမည်နည်း။ အလွန်အင်မတန် ကြီးမားလှသော ဆုံးရှုံးမှုကြီးဟုသာ ဆိုနိုင်ပါတော့သည်။

အာဇာနည်နေ့တို့မမေ့

ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့်နေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်၍ နှစ်စဉ်အလေးထား ဂုဏ်ပြုကျင်းပခြင်းသည် တိုင်းပြည်က တတ်နိုင်သမျှ ကျေးဇူးတုန့်ပြန်ခြင်း၊ အသိမှတ်ပြုခြင်းပင် ဖြစ်သည်။ ထိုမျှမက ဂုဏ်ပြုသင့်ပါသည် ဟုဆိုလျှင်လည်း ကျွန်တော် ငြင်းဆန်ရန် အကြောင်းမရှိပါ။

သို့ရာတွင် ၁၉၈၈ခုနှစ်စစ်တပ်မှ အာဏာသိမ်းပြီး ချိန်မှစ၍ အာဇာနည်နေ့ အခမ်းအနား ကျင်းပ မှုများကို မကောင်းတတ်၍သာ အဖြစ်သဘော လုပ်ဆောင်ကြသည်ကို ထင်ရှား စွာတွေ့ရပါသည်။

ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသည့်အချိန် ဇူလိုင်လ ၁၉ ရက် နံနက်၁၀နာရီ ၃၇မိနစ်တွင် မြန်မာ့အသံနှင့် နိုင်ငံတဝှမ်းလုံးရှိ စက်ရုံများမှ ဆွေးဆွေးမြေ့မြေ့ ဥဩဆွဲသံ ထွက်ပေါ် လာသည့်အခါ စိတ်မခိုင်သူများ မျက်ရည် ပေါက်ပေါက်ကျသည် အထိပင် ဖြစ်ခဲ့ ကြရဘူးပါသည်။

ထိုဥဩသံကိုပင် မဆွဲခိုင်းသည်အထိ ယခု ဗိုလ်ချုပ်ကြီးများဟု အမည်ခံသူများက ကျေးဇူးကန်းဝံ့ကြပါသည်။ တပ်မတော်၏ ဖခင်ကြီးကို ဦးညွတ်အလေးပြုရန် တပ်မတော် ခေါင်းဆောင်များဟု အမည်ခံသူများက ရှောင်လွှဲ ၍ သေးသိမ်စေကြသည်။ သို့သော် ပြည်သူလူထုများ ရင်ထဲ နှလုံးသားများထဲမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လေးစားကြည်ညိုသည့် စိတ်ကိုတော့ ဖြောက်ဖျက်မပစ်နိုင်ပါ။ ထို့ကြောင့် ပင်လျှင် ပြည်သူများက နှစ်စဉ်မပျက်မကွက် အာဇာနည်ကုန်းရှိရာသို့ သွားရောက်ပန်းခွေချခြင်း၊ ဦးညွတ် အလေးပြုခြင်းများ လုပ်ဆောင်နေကြခြင်းပင် ဖြစ်သည်။ ထိုသည်ကိုပင် မလိုတမာစိတ်ဖြင့် တားဆီး ပိတ်ပင်မှု အမျိုးမျိုး ပြုလုပ်နေကြပါသေးသည်။ မည်ကဲ့သို့ ပိတ်ပင် တားဆီးစေကာမူ အာဇာနည်နေ့ကို ကျွန်တော်တို့မမေ့ကြပါ။

အာဇာနည်မျိုးသေရိုးမရှိ

ပြည်သူလူထု အားလုံးသည် ဗိုလ်ချုပ်သာရှိခဲ့လျှင် ငါတို့တိုင်းပြည် အခုလိုမဖြစ်ဘူးဟု ဆိုကာ ယနေ့တိုင် တသ တိရ နေရဆဲပင်။ ယခုလို အဖမဲ့သားရေနည်းငါး ဖြစ်နေကြရချိန်တွင် ပိုလို့ပင် တမ်းတကြပါသည်။ တကယ် တော့ သတိရနေရုံနှင့်မပြီးသေးပါ။

ဗိုလ်ချုပ် ရည်မှန်းခဲ့သည့် ဒီမိုကရေစီပန်းတိုင် ရောက်အောင် ဆက်လက်လျှောက်လှမ်းရန် တာဝန်များ ကျန်နေ ပါသေးသည်။ သို့မှသာ အာဇာနည်ခေါင်းဆောင်ကြီးများကို ကျေးဇူးဆပ်ရာ ရောက်မည်ဖြစ်သည်။

ဗိုလ်ချုပ်၏ ရုပ်ခန္ဓာကိုယ်သည် ယခု၆၂ နှစ်မျှကြာသည့် အချိန်တွင် ဆွေးမြေ့ ပျောက်ကွယ်လောက်ပါပြီ။ သို့သော် ဗိုလ်ချုပ်၏ပုံရိပ်များ၊ ဗိုလ်ချုပ်ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ ဗိုလ်ချုပ်ပြုမူကျင့်ကြံ နေထိုင်ခဲ့ပုံများ၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှုများ စသည် တို့သည် ပြည်သူလူထုများ၏ နှလုံးသားများထဲတွင် အမှတ်ရနေဆဲ ဖြစ်ပါသည်။

ဗိုလ်ချုပ်နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများသည် ပြည်သူလူထု၏ ရင်ထဲတွင် ဆက်လက် ရှင်သန်နေပါ သေးသည်။ ပြည်သူလူထုများ၏ ဒီမိုကရေစီတပ်ဦး အောင်လံရှေ့မှ ဗိုလ်ချုပ် ဦးဆောင်မှုပေးနေသည် ဆိုသည့် ယုံကြည်စိတ်ဖြင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေး အတွက် တခဲနက် ဆက်လက်တိုက်ပွဲဝင်ကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။

“အာဇာနည်မျိုးသေရိုးမရှိပါ။”

ရွက်စိမ်း

0 comments: