welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

မျှဝေစဉ်းစား အဖြေထုတ်သူများ…

Saturday, July 4, 2009

မျှဝေစဉ်းစား အဖြေထုတ်သူများ…


ယနေ့ ၂၀၀၉ခုနှစ် ဇူလိုင်လ ၃ရက်နေ့မှာ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကိုရောက်ရှိနေပြီ (နအဖ)စစ်အုပ်စုခေါင်းဆောင် ဗိုလ်သန်းရွှေနဲ့ တွေ့ဆုံမယ်၊ အဖွဲချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲဝင် (၄)ဦးဖြစ်တဲ့ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးညွှန့်ဝေနဲ့ ဦးလှဖေတို့ကို တွေ့ဆုံမှာဖြစ်တယ်၊ နှစ်ရက်တာ ခရီးစဉ်မှာ မြန်မာပြည်သူများ မျှော်လင့် တောင်းတချက်တွေ ဖြည့်ဆီးနိုင်ဖို့ မဖြစ်နိုင်ပါဘူး၊ ကိုယ့် မြန်မာနိုင်ငံ အရေးက နိုင်ငံသား အားလုံးရဲ့ (အများစု) အရည်အချင်းနဲ့ ထိုက်တန်မှုပေါ် မူတည်နေပါတယ်၊ အတတ်နိုင်ဆုံး နိုင်ငံတစ်ကာ မိသားစုဝင်တွေ ကူညီပါဝင် ပေးနေကြပေမယ့် ကိုယ့်မြန်မာနိုင်ငံ အရေး ကိုယ်တိုင် ပါဝင် မလုပ်ဆောင်သ၍ မိဘပြည်သူအများစု တောင်းတလိုလားနေတဲ့ အနာဂတ် ဘ၀ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။

ဒီတော့ လူအချို့က ပြောလာတယ် - မေးလာကြတယ်၊ ကြပ်တည်းနေတဲ့ ဒီလိုအချိန်မှာ ကိုယ့်တာဝန်- မိသားစု တာဝန်တောင် ယူနိုင်ဖို့ အနိုင်နိုင်လုပ်နေရတာ ဘယ်ကလာပြီး ပတ်ဝန်းကျင်အကြောင်း၊ အများစု အတွက် စဉ်းစားနိုင်မယ့် အနေအထား ဘယ်ရှိနိုင်မလဲ၊ ဘယ်လိုလုပ် တိုင်းပြည် ကိစ္စ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ အရမ်းဝေနေကြပြီ၊ အဖမ်းခံ အနှိပ်စက်ခံရမှာ အလွန်ကြောက်နေကြတော့ တိုက်ပွဲဝင်ရဲတဲ့ ခေါင်းဆောင်နဲ နိုင်ငံတစ်ကာကိုဘဲ အားကိုးမှု ဖြစ်နေမှာဘဲ၊ ဒီထဲကနေထွက်ပြီး တွေးဖို့-လုပ်ဖို့ ဆိုတာသိပ်လွယ်မှာ မဟုတ်သလို၊ ဘယ်လိုလုပ်ရမှန်းလဲ မသိပါဘူး၊ ဦးဆောင်နိုင်သူတွေ လုပ်ပေးကြပါ ထိုင်စောင့်နေရင် ဒီမိုကရေစီ မရနိုင်သလို ထပြီးဝင်ရောက် ပါဝင် လုပ်ဆောင် လိုက်ရင်လဲ ကိုယ့်မိသားစု ပိုဒုက္ခဖြစ်သွားလိမ့်မယ် ဆိုတာလဲ တွေ့နေရတော့ ဘယ်လို လုပ်ရမလဲ။


အားလုံးကို တင်ပြချင်တာကတော့ ရောထွေးပြီး ခေါင်းရှုပ်သွားအောင် မတွေးသင့်ပါဘူး၊ တစ်ခုဆီကို ခွဲခြားစိတ်ဖြာ သုံးသပ် အဖြေထုတ် နိုင်ဖို့ ကြိုးပမ်းသင့်ပါတယ်၊ လက်ရှိ လူထုကြုံတွေနေရတာက သာမာန် စစ်အာဏာရှင် မဟုတ်ဘူး၊ တိုင်းရင်းသား မိဘပြည်သူတွေက (နအဖ)စစ်အုပ်စုကို ဘယ်လိုမှပြန်ပြီး မတွန်းလှန် မဆန့်ကျင်ရဲအောင် ဘာတွေလုပ်ထားရမလဲ၊ (နအဖ)စစ်အုပ်စုလုပ်ပေးထားတာကို ကျေးဇူးပါဘဲလို ပြောနေအောင် ကြောက်နေအောင် မတွေးနိုင်အောင် ဘယ်လိုလုပ်ရမလဲလို့ အချိန်ပြည့်တွေးပြီး ဖိနှိပ်နေတဲ့ စွမ်းဆောင်နေတဲ့ စစ်အာဏာရှင် ဗိုလ်သန်းရွှေဆိုတာကို ပြည်သူလူထုတစ်ရပ်လုံး အသိဖြစ်နေပါပြီ။

ခေတ္တနားပြီး အချိန်နည်းနည်းပေး မေးခွန်းထုတ်သင့်တယ်၊ လက်ရှိအခြေအနေအတိုင်း (ငါ) စာဖတ်သူ ဆက်ပြီးတော့ လုပ်ကိုင် နေထိုင် ရပ်တည်သွားမယ်၊ ကြိုးစား သွားမယ် ဆိုရင် အနာဂတ်မှာ အာမခံချက် ပြည်ဝတဲ့ လူသားတစ်ဦးရဲ့ပျော်ရွှင်ငြိမ်းချမ်း တိုးတက်သာယာတဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်မလား၊ ပိုင်ဆိုင်နိုင်ဖို့ရာခိုင်နူန်းများလား၊ စာဖတ်သူရဲ့သားစဉ်မြေးဆက်ဘ၀တွေမှာ ယနေ့ကြုံတွေ့နေရတဲ့ အဖြစ်အပျက်ဆိုးတွေ ဆက်လက်မရှိဖို့၊ နည်းပါးသွားဖို့ ဘယ်လောက်အာမခံချက်ရှိလဲ၊ ဖြစ်သလို ကြုံသလို နေသွားကြဖို့ (ငါ)တို့တွေ လောကကို ရောက်လာတာလား။

မဟုတ်ပါဘူး ကြိုးစားမှု-ကြိုးပမ်းမှု မြန်မာနိုင်ငံသားတိုင်းလုပ်နေကြပေမယ့် နည်းလမ်းအမှန်ကိုရှာဖွေဖို့ အချိန်မပေးဘူး၊ ဖြတ်လမ်းနဲ့ ရုတ်တရက် ဖြေရှင်းနိုင်ဖို့၊ အချိန်တို ခံစားဖို့၊ ခဏတာ ပျော်ရွှင်မှုအတွက် ဦးစားပေး လှုပ်ရှားလုပ်ကိုင် ရပ်တည်နေရတာကို ၀မ်းနည်းစွာ တွေမြင် နေရတယ်။ နိုင်ငံခြား ထွက်ရင်ဘဲ ဒုက္ခတွေက လွှတ်မြောက်မယ် အောင်မြင်ကြီးပွား ချမ်းသာမယ် ဘ၀ တသက်တာ အတွက် ဖူလှုံနိုင်မယ့် ငွေအရင်းအနှီး ရရှိနိုင်မယ်လို့ စိတ်ကူးအမျိုးမျိုး ယဉ်နေကြပြီး၊ လက်တွေ့ကျကျ တွေးခေါ်ပြီး လူဘ၀နဲ နိုင်ငံသားတစ်ဦးရဲ့ တာဝန်ကိုယူဖို့ မေ့နေကြတယ်၊ မသိချင်ယောင်ဆောင်နေကြတာကို စိတ်မကောင်းခြင်းများစွာနဲ မြင်တွေ့ နေရပါတယ်။

ပြေလည်ချင်ရင်တော့ ပြေလည်နိုင်မယ့် နည်းလမ်း ရှာဖွေကြိုးပမ်းရသလို၊ အဖြေလိုချင်ရင်တော့ ကြိုးစားကြရမယ်၊ ဘယ်နေရာ ဘယ်အခြေအနေမှာဘဲဖြစ်ဖြစ် လူဘ၀ဆိုတာ သူများထုက်ထားတဲ့ ထွက်ပြီးသား အဖြေတွေကို ထိုင်ကူးချလို့ရတဲ့ အမျိုးမဟုတ်ပါဘူး၊ တစ်ဦးချင်းဆီရဲ့ဘ၀အဖြေကို တစ်ဦးချင်းဆီက ထုတ်နေရသလို၊ အများပြည်သူလူထုရဲ့ အဖြေကိုလဲ အားလုံးပူးပေါင်း ထုတ်ယူ ကြရမယ်ဆိုတာ သိဖို့နဲ အဖြေထုတ်ကြဖို့ အချိန်လွန်နေပြီလို့ တင်ပြချင်တယ်။

ယနေ့မှစာဖတ်သူတို့ မနှိုးထသေးဘူးဆိုရင် မြန်မာနိုင်ငံအနာဂတ်ဟာ အလွန်ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်ဆိုးတွေနဲ ကြုံကြရအုံးမယ်၊ ဘာလိုလဲ… ပညာတတ်နည်းပါးလာပြီ၊ ထမင်းစားရဖို့ လူဘ၀ ဂုဏ်သိက္ခာနဲအခွင့်အရေးတွေကို ရောင်းစားနေကြပြီ၊ ဖောက်ပြန်ဖို့ မကြောက်ကြဘူး၊ အလွယ်ရမယ့် ဖြတ်လမ်းကိုအပြိုင်တိုးပြီး အကျင့်သိက္ခာနဲဝတ်တရား-တာဝန်တွေကို မေ့လျှော့ နေကြတယ်၊ ဒီလိုလူငယ် လူထုနဲမျိုးဆက် အနာဂတ်ဘာဖြစ်နိုင်လဲဆိုတာ ခလေး သွားမေးတောင် စဉ်းစားတတ်ရင် သိနေမှာပါ။

ဒါပေမယ့် နိုင်ငံသားတွေနဲ စာဖတ်သူကိုယ်တိုင် မိမိတာဝန် မိမိယူဖို့ တွန့်ဆုတ်နေမယ်ဆိုရင်…

ခိုင်မာရဲရင့်တဲ့စိတ်ဓါတ်-သတ္တိနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေနဲ အာဇာနည်အားလုံး အတွက် အလွန်ဝမ်းနည်း ရပါတယ်။

ဘလော့ကာ ဒီရေ ထံမှ မိမိ သဘောဆန္ဒနှင့် တိုက်ဆိုင်သဖြင့် လက်ဆင့်ကမ်းတင်ပြလိုက်ပါတယ်


မိုက်စံထိုက်

0 comments: