welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကြုံဖူးဆုံဖူးသမျှ အညတရများ (၂)

Tuesday, July 21, 2009

၁။
ကျွန်တော်၏ နံဘေးတွင် ထူးထူးခြားခြားစစ်ကြောရေးကိုဖြေဆိုနေသည်မှာ အသက်နှစ်ဆယ်ကျော် ပိန်ပိန်
ရှည်ရှည် အသားမဲမဲကုလားကောင်ကလေးတစ်ယောက်ပင်ဖြစ်သည်။ကျွန်တော်နှင့်တခါမျှ မတွေ့ဘူး၊မဆုံဘူး၊
စကားမပြောဆိုဘူးသောလူငယ်လေးပင်ဖြစ်သည်။၎င်းအားစစ်ကြောရေးလုပ်နေသည်မှာစိတ်ဝင်စားစရာကောင်း
သဖြင့်ကျွန်တော်နားထောင်နေမိသည်။
“ မင်းက ၈၈ တုန်းကလည်း ဘာမှမမှတ်မိတဲ့ကလေးဖြစ်နေပြီး၊

ခုဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်အောင်မင်းကရွှေတိဂုံဘုရားမှာဆုတောင်းမလို့ လမ်းလျှောက်ချီတက်တယ်
ဆိုတော့မင်းဒေါ်အောင်ဆန်းစုကြည်ကိုအပြင်မှာမြင်ဘူးလားကွာ။”
အထူးသတင်းတပ်ဖွဲ့မှ အရာရှိတစ်ယောက်ကမေးမြန်းနေခြင်းဖြစ်သည်။ ၄င်းလူငယ်လေးကလည်းချက်ချင်းပင်
“ကျတော်ဒေါ်အောင်ဆန်းစုကြည်ကိုအပြင်မှာတခါမှမမြင်ဘူးပါဘူး”
“ဒါဆိုရင်မင်းက ဒေါ်စုကြည်လွတ်မြောက်ဖို့ဘာအတွက်ဆုတောင်းချင်ရတာလဲ။ မင်းကိုဘယ်သူတွေကခေါ်လို့
လိုက်လာတာလဲ”
“ကျွန်တော့ကိုဘယ်သူတွေကမှ အတင်းအကျပ်ခေါ်လို့လိုက်လာတာမဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကဒေါ်အောင်ဆန်းစုကြည်ကိုလွတ်စေချင်လို့
လိုက်လာတာပါ”
“မင်းကဒေါ်စုကြည်ကိုမမြင်ဘူးမတွေ့ဘူးပဲနဲ့ဘာ့ကြောင့်လွတ်စေချင်တာလဲ”
“ကျွန်တော်တို့ဆင်းရဲသားတွေကို ဆင်းရဲတွင်းကနေလွတ်အောင်အမှန်တကယ်လုပ်ပေးမယ့်သူမို့လို့ပါ”
“မင်းကဒေါ်စုကြည်ကိုမမြင်ဘူးပဲနဲ့ဘာ့ကြောင့်ပြောရတာလဲ”
“ကျွန်တော်မမြင်ဘူးပေမယ့် ရေဒီယိုနားထောင်ရင်ဒေါ်အောင်ဆန်းစုကြည်အကြောင်းနဲ့ဒေါ်အောင်ဆန်းစုကြည်
ပြောတဲ့မိန့်ခွန်းတွေ အမြဲကြားရပါတယ်
နောက်ပြီးဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းထားတယ်ဆိုတာလည်းသိပါတယ်။ ဒါ့ကြောင့်လေးစားတဲ့အနေ
နဲ့လွတ်စေချင်တာပါ”
“ဒါဆိုရင်မင်းဒေါ်စုကြည်ကိုဘယ်လောက်လေးစားလဲငါ့ကိုပြောစမ်းကွာ”
“ဒီအချိန်မှာ အကိုကျွန်တော့ကို ဓားနဲ့ထိုးမယ်ဆိုရင် ခနနေအုံးလို့ကျွန်တော်ပြောမှာ”
“ဘာဆိုင်လို့လဲကွ”
“ဆိုင်ပါတယ်အကို အဲဒီလိုပြောပြီးကျွန်တော်အင်္ကျီ ကိုအပေါ်လှန်တင်အုံးမယ်”
ထိုလူငယ်က ယင်းသို့ပြောရင်း သူဝတ်ထားသောအင်္ကျီကိုလည်းအပေါ်လှန်တင်လိုက်သည်။ပြီးမှ
“အကိုကျတော့ကိုဓားနဲ့ထိုးချင်ထိုးလို့ပြောမှာ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါတဲ့
အင်္ကျီပေါက်သွားမှာစိုးလို့ပါ”
ဟုပြောလိုက်ရာ သတင်းတပ်ဖွဲမှ စစ်ကြောရေးအရာရှိ ခွက်ထိုးခွက်လှန်ရယ်မောသည်အထိဖြစ်သွားလေသည်။
ထိုနေ့ကကျွန်တော်တို့အဖမ်းခံရသူအားလုံး FREE AUNG SAN SUU KYI စာတမ်းပါ ဒေါ်အောင်ဆန်းစုကြည်
၏ ရုပ်ပုံနှင့် တီရှပ်အင်္ကျီ များကို ၀တ်ဆင်ထားကြခြင်းဖြစ်လေသည်။
သတင်းတပ်ဖွဲမှ အရာရှိ ထိုလူငယ်အားဆက်လက်စစ်ကြောရေးမလုပ်တော့ပါ။ စစ်မေးရန်လိုအပ်သည်များကို ၄င်းဘာသာရေးဖြည့်သွားလေသည်။
၂။
ကျွန်တော်၏ စိတ်ထဲတွင် ထိုလူငယ်ကိုတော်တော်စိတ်ဝင်စားသွားပါသည်။
စစ်ကြောရေးပြီးလို့အားလုံးစကားပြောဆိုဖြစ်ကြသောအခါတွင် ထိုလူငယ်မှာ မျိုးကျော်ဇင်ဖြစ်ကြောင်းသိရတော့
သည်။
အမှန်တကယ်တွင်မူ မျိုးကျော်ဇင်ပြောဆိုသည့်စကားများသည် အဆီအငေါ်တည့်ချင်မှတည့်ပါမည်။
ကျောင်းမနေဘူးသူ၊ စာတလုံးမှမတတ်သည့် လူငယ်လေးကထိုသို့ပြောလိုက်ခြင်းဖြင့် စစ်ကြောသူ အရာရှိအနေ
ဖြင့် အမှတ်မထင် အသိတရား ရသွားစေနိုင်သည်။
မျိုးကျော်ဇင်သည်အမှန်တကယ်တော့လှိုင်သာယာဆင်ခြေပုန်းရပ်ကွက်တွင် ညီဖြစ်သူက နေ့ခင်းပိုင်းဆိုက်ကားနင်း
ကာ ၄င်းကိုယ်တိုင်က ညပိုင်းတွင် ဆိုက်ကားနင်းခြင်းဖြင့် မိသားစုစားဝတ်နေရေးကို တာဝန်ယူဖြေရှင်းပေးနေရသောလူငယ်လေးတစ်ဦးပင်ဖြစ်သည်။
နိုင်ငံရေးအသိတရားထက် အောက်ခြေလူတန်းစားများဆင်းရဲကျပ်တည်းအတိဒုက္ခရောက်နေသည်ကိုသာသိသည်။
ထိုကဲ့သို့ဝတ်ပြုဆုတောင်းပွဲတွင်၎င်းကိုယ်တိုင်ပါဝင်လာရခြင်းမှာလည်း နိုင်ငံရေးဆိုသည်ကို သိရှိနားလည်ခြင်း
ကြောင့်မဟုတ်။
နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရသည့် အကျပ်အတည်းအခက်အခဲများက ၄င်းဘာလုပ်သင့်သည်ဆိုသည်ကိုပြဌာန်းပေးလိုက်ခြင်းသာဖြစ်ပေသည်။
၃။
မျိုးကျော်ဇင်သည် တကယ့်အညတရပင်ဖြစ်သည်။
ဖမ်းဆီးခံရသည့် အယောက်လေးဆယ်ကို ကိုးယောက်တစုခွဲ၍ ရဲတပ်ရင်းများကိုပို့လိုက်သည့်အခါတွင်
ကျွန်တော်က မှော်ဘီမြို့နယ်ရှိ ရဲတပ်ရင်းအမှတ်-၃ သို့ရောက်သွားပြီး၊ မျိုးကျော်ဇင်မှာ မင်္ဂလာဒုံမြို့နယ်ရှိ
ရဲတပ်ရင်းအမှတ်- ၈ သို့ရောက်သွား လေသည်။
သို့သော်မျိုးကျော်ဇင်နှင့်ကျွန်တော်၏ ရေစက်ကမကုန်သေး။ နောက်တကြိမ်ပြန်လည်ဆုံတွေ့ရန်အကြောင်းက
ပေါ်လာပြန်ပါသည်။

သို့သော်ဆုံတွေ့ရသည့်အကြောင်းကတော့မကောင်းလှပေ။

စောကျော်ကျော်မင်း
၂၂.၇.၂၀၀၉

0 comments: