welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကျားရဲ

Tuesday, September 1, 2009

ကျ

နေပြင်းလျှင် နှင်းမှုန်လျှင်
ဆွေ့ ဆွေ့ ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန်ချမ်းလိုချမ်း
အခန်းကျဉ်းကျဉ်း
အလင်းမ၀င်လေမ၀င်
နေမမြင်လမမြင်
လူမမြင်သူမမြင်

ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး
အိပ်လျှင်အိပ် မအိပ်လျှင်တွေး
သတင်းမေးဖို့ ဝေးရော
သီချင်းကလေးမှမဆိုရ
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှမစပ်ရ
တရားဟောဖို့ ဝေးရော
စကားလေးမှမပြောရ
အဟောသိကသံသရာ
ငါ့ကမ္ဘာ ပိစိကွေး

အခန်းကျဉ်းကလေး ပတ်လျောက်လိုက်
သံတခါးဝရပ်လိုက်
တမတ်တတ်တတ်တနေကုန်
မနေ့ ကလည်းတစ်နေကုန်
ဒီနေ့ လည်းတစ်နေကုန်ပြန်
နက်ဖန်လည်းကုန်ဦးမယ်
ကုန်ကုန်ကုန်
ကုန်ချင်သလောက်ကုန်စမ်း
တစ်ရက်ကုန်မလားတစ်သက်ကုန်မလား
တစ်လကုန်မလား တစ်ဘ၀ကုန်မလား
တစ်နှစ်ကုန်မလားတစ်ခေတ်ကုန်မလား

အားမလျော့ဘူးမပျော့ဘူး
ပေဖြစ်တာ့ခံမယ် တူဖြစ်တော့နှံမယ်

အမှန်တရားတို့ ဘက်မှာရှိတယ်
ပြည်သူအများတို့ ဘက်မှာ၇ှိတယ်
ကာလယန္တယား တို့ ဘက်မှာ၇ှိတယ်
ရှင်တော်ဘုရားတို့ ဘက်မှာရှိတယ်
သိကြရဲ့လား ဟား ဟား ဟား ဟား

တိရိစ္ဆာန်ရုံကကျားလို
လှောင်အိမ်ထဲမှာတလွန့် လွန့် နဲ့ 
ကျားညွှန့် တုံးတွေထင်နေသလား
မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။

မှတ်ထားဟေ့
အ၀ါပေါ်မှာအနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်းကွင်း
အရှင်းသားမလွဲသရွေ့
အထင်းသားစွဲသရွေ့
ကျားရဲဟာ ကျားရဲ။
ငါလည်း အဲဒီ့လိုပဲကွ ဟေ့။ ။

ဦးဝင်းတင်(ဟံသာဝတီ)

4 comments:

Nge Naing said...

ကဗျာလေးကို ဖတ်သွားပါတယ်။ သိပ်ကောင်းပါတယ်။ ကဗျာရှင်ဦးဝင်းတင်ကိုရော ပြနလည်တင်ပြပေးတဲ့ အစ်မကိုပါ ကျေးဇူးတင်ပါတယ်။

kiki said...

သံတိုင်တွေကြားက
ကျားရဲတကောင်ရဲ့  ဇွဲ၊အား နဲ့ မာန် တွေကို လေးစားမိပါတယ် ။

ပေဖြစ်တုန်းခံ၊ တူ ဖြစ်တဲ့ အခါ အတိုးချပြီး နှံ ကြဖို့ 
အားမွေးကြရအောင် ။။

ခင်မင်စွာဖြင့်
ကိကီ

မောင်နိုင် said...

ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး
အိပ်လျှင်အိပ် မအိပ်လျှင်တွေး
သတင်းမေးဖို့ ဝေးရော
သီချင်းကလေးမှမဆိုရ
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှမစပ်ရ
တရားဟောဖို့ ဝေးရော
စကားလေးမှမပြောရ
အဟောသိကသံသရာ
ငါ့ကမ္ဘာ ပိစိကွေး

ဒီအပိုဒ်လေးက အကျဉ်းစံတွေရဲ့ အဖြစ်လေးကို ကိုယ်ချင်းစာမိပါတယ် မမေရေ...
ခုလိုမျိုး ဖော်ပြပေးတဲ့ အတွက် မမေကို ကျေးဇူးတင်ပါ၏

Unknown said...

မမေရေ...
ဆရာကြီးရဲ့ ကဗျာတွေလေးကို ဖော်ပြပေးတဲ့အတွက်
ကျေးဇူး အထူးတင်ပါတယ် ။
လှောင်အိမ်ထဲ ရောက်နေပဲမယ့် ကျားရဲဟာ ကျားရဲပါပဲ