welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ရေးချိန်တန်က ရေးရမှာပဲ

Tuesday, October 20, 2009

ရေးချိန်တန်က ရေးရမှာပဲ
လူထုစိန်ဝင်း

''အင်ဂျီအိုတွေနဲ့ ပတ်သက်ပြီး ဆရာ ရေးတာကို ပြင်းပြင်းထန်ထန် တိုက်ခိုက် ထားတာ အင်တာနက် ထဲမှာ တွေ့ရတယ်။ ဆရာ ဖတ်ပြီးရောပေါ့၊ ဘာမှ ပြန်မရေးတော့ဘူးလား'' ဂျာနယ်တိုက် တစ်ခုက လူငယ်တစ်ယောက် ပြောတဲ့စကား ဖြစ်ပါတယ်။ အခုတလေ သူ့လို လာပြောသူတွေ နေ့စဉ်ပြတ်တယ် မရှိပါဘူး။
နောကြေပြီးသားပါ
ပြောတဲ့လူငယ်တိုင်းကိုလည်း ပြန်မရေးပါဘူးလို့ပဲ ပြန်ဖြေလိုက်ပါတယ်။ မကြိုက်ရင် မကြိုက်ဘူးလို့ပြောပိုင်ခွင့် လူတိုင်းမှာရှိပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို အသိ အမှတ်ပြုပြီး လိုက်နာကျင့်သုံးခြင်းဆိုတာ ယဉ်ကျေးတဲ့ လူသားများရဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်။ ကိုယ်က လွတ်လွတ်လပ်လပ် ပြောချင်ရေးချင်သလို သူများလည်း ပြောချင် ရေးချင်မှာပဲဆိုတဲ့
စိတ်ဓာတ်မျိုးရှိရမှာပေါ့။
''ဒါပေမယ့် သူက တော်တော်မိုက်မိုက်ရိုင်းရိုင်း ရေးထားတာခင်ဗျ''
လူငယ်လေးက တော်တော်ခံပြင်းပုံ ရပါတယ်။ ကိစ္စ မရှိပါဘူး။ လူတွေက အတုံးအ,အတွေမှ မဟုတ်တာ။ စာတစ်ပိုဒ် ဖတ်လိုက်တာနဲ့ အဲဒီစာရေးသူဟာ ဘယ်လို အတန်းအစားကလူလဲ ဆိုတာ ကောင်းကောင်း သိကြပါတယ်။ မြန်မာစာဖတ် ပရိသတ်က''နောကြေ''ပြီးသား ပရိသတ်ပါ။
အင်တာနက်ကျေးဇူး
လူငယ်တွေ အများစုကလည်း ပြန်ရေးနေစရာ မလိုပါဘူးလို့ သဘောတူကြပါတယ်။ ''ဆရာက ပြန်ရေးဖို့တောင် မလိုပါဘူး။ သူ့စရိတ်နဲ့သူ သွားပါပြီ။ အင်တာနက်ထဲမှာ သူ့ကိုဝိုင်းတီးတဲ့စာတွေ တစ်ပုံကြီးပါပဲ''
လူငယ်တချို့က မဖတ်ရမှာစိုးပြီး အင်တာနက်ထဲက စာတွေအားလုံး ဆွဲချကူးယူပြီးတောင် လာပေးကြပါ တယ်။ အင်တာနက်ရဲ့ကျေးဇူးကြောင့် လူတိုင်း စာရေး ဆရာတွေ ဝေဖန်ရေးဆရာတွေ၊ နိုင်ငံရေးသမားတွေ ဖြစ်လာကြတာ ဝမ်းသာစရာကောင်းလှတယ်။ စာရေးတဲ့ အလုပ်ကို စာရေးဆရာတွေပဲ အပိုင်စီးထားလို့ မရတော့ ဘူး။ လူတိုင်းလူတိုင်း ကိုယ့်ရင်ထဲက စကားတွေကို လွတ် လွတ်လပ်လပ်ချက်ချင်းလက်ငင်း
ဖွင့်ထုတ်နိုင်ကြတယ်။ မကောင်းဘူးလား။
အနာပေါ်တုတ်ကျ
ကမ္ဘာတစ်နိုင်ငံလုံးရှိ အင်ဂျီအိုတွေရဲ့ သဘာဝက ''မျောက်ပြဆန်တောင်း'' လုပ်တာပဲလို့ တလောလေးက ရေးလိုက်တယ်။ နိုင်ငံတကာမှာ သူတို့ဘာတွေ လုပ်လုပ်ဘာမှ ဝင်ပြောစရာ မလိုပါဘူး။ ဒါပေမယ့် အဲဒီကူးစက်ရောဂါဆိုးက မြန်မာနိုင်ငံအတွင်းထိ ကူးစက်ပျံ့နှံ့လာပြီး မြန်မာလူငယ်တွေပါ ဆိုင်းဘုတ် အမျိုးမျိုးထောင်ပြီး အင်ဂျီအို လုပ်စားလာကြတာ အတော်လေး များလာတာ တွေ့မြင်နေလို့
ရေးလိုက်တာပါ။ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိထားလို့ ရေးလိုက်တာပဲ။ ပြည်တွင်းက မျောက်ပြဆန်တောင်း ကြသူတွေကို မျောက်အဖြစ် ပြန်အသုံးချပြီး ဆန်တောင်းနေကြတဲ့ နိုင်ငံခြားသားတွေကိုပါ ကောင်းကောင်း သိနေတာကိုး။
ကိုယ့်ထမင်းကိုယ်စား လုပ်သူတွေ
အခုအခါ မြန်မာပြည်အနှံ့အပြားမှာ ပေါ်ထွန်းလာကြတဲ့ နာရေးကူညီမှု အသင်းတွေလို၊ စေတနာ စာသင်ကျောင်းတွေလို အမှတ်တကယ် ပရဟိတ အလုပ်လုပ်ကိုင်နေသူများ ဆီကတော့ ''အနာပေါ်တုတ်ကျသံတွေ'' လုံးဝ မကြားရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အားလုံးက ကိုယ့်ရပ်ကိုယ်ရွာက စေတနာရှင်များရဲ့ စေတနာသန့်သန့် လှူဒါန်းမှုများနဲ့ အလုပ်လုပ်ကြပြီး လုပ်သူအားလုံးကလည်း
ကိုယ့်ထမင်းချိုင့်လေး ကိုယ်စွဲပြီး တကယ်ကို ပရဟိတ လုပ်နေကြတာ ဖြစ်လို့ပါ။ မြန်မာပြည်ရဲ့ ပထမဆုံး ပေါ်ပေါက်လာတဲ့ ဗြဟ္မစိုရ် နာရေးကူညီမှု အသင်းကြီးဟာ မန္တလေး မြို့မိမြို့ဖများရဲ့ လှူဒါန်းငွေနဲ့ စတင်ထူထောင်ခဲ့တာ ဖြစ်ပြီး အခုထိလည်း ဘယ်နိုင်ငံ အဖွဲ့အစည်းမျိုးရဲ့ ကူညီမှုကိုမှ လက်မခံပါဘူး။ ဒါတောင် နာရေး ကူညီမှုသာမကတော့ အခမဲ့ ဆေးဝါးကုသမှု လုပ်ငန်းတွေထိ
တိုးချဲ့ လုပ်ဆောင်နိုင်ပါတယ်။ မြန်မာလူမျိုးများရဲ့ စေတနာသန့်သန့် လှူဒါန်းမှုတွေနဲ့ပဲ လုပ်ဆောင်နေတာပါ။ အဲဒီအသင်းရဲ့ အမှုဆောင်တွေ အားလုံး ကိုယ့်ထမင်းချိုင့်လေး ကိုယ်ယူပြီး စေတနာ့ဝန်ထမ်း လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။
ကြည်ညိုစရာကောင်းသူတွေ
မန္တလေးက ဗြဟ္မစိုရ်အသင်းကြီးကို အတုယူ တည်ထောင်ခဲ့ပြီး ဗြဟ္မစိုရ်အသင်းကြီးလိုပဲ သြဇာကြီးမားတဲ့ အသင်းကြီး ဖြစ်နေတဲ့ ရန်ကုန်နာရေးကူညီမှု အသင်းကြီက အမှုဆောင် အားလုံးဟာလည်း ကိုယ့်ထမင်းကိုယ်စားပြီး လုပ်နေကြတာပါ။ တစ်နိုင်ငံလုံး အနှံ့ရှိနေတဲ့ နာရေးကူညီမှု အသင်းတွေ အားလုံးလည်း စေတနာသန့်သန့်နဲ့ ပရဟိတစစ် ဝင်လုပ်နေကြတာပါ။ ကြည်ညိုစရာ ကောင်းလှပါတယ်။
သူတို့အားလုံးရဲ့ နောက်မှာ မြန်မာနိုင်ငံက ပြည်သူလူထုကလွဲပြီး ဘယ်သူမှ မရှိပါဘူး။ ဘယ်နိုင်ငံတကာ အကူအညီမှလည်း မလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့တစ်တွေက မျောက်ပြဆန်တောင်း သူတွေမှ မဟုတ်တာ
ခေတ်ပျက်သူဌေးမျိုး
အနာပေါ်တုတ်ကျလို့ ငယ်သံပါအောင် အော်ဟစ်သူတွေလို ပြန်မရေးတာ သဘောထားကြီးလို့တော့ မထင်လိုက်ပါနဲ့။ ကျွန်တော်က ဘယ်ဘက်ပါးကို ရိုက်ရင် ညာဘက်ပါးကို ထိုးပေးနိုင်တဲ့ သူတော်ကောင်းမဟုတ်ပါဘူး။ ရေးဖို့ မလိုလို့မရေးတာပါ။ ရေးဖို့လိုရင်တော့ သတင်းစာ သမားပီပီ၊ သွယ်ဝိုက်မနေဘဲတိုက်ရိုက်ဒဲ့ဒိုး(တဲ့တိုး)ပဲ ရေး ပါတယ်။ တချို့ဆိုရင် အားနာမနေဘဲ
ပွင့်ပွင့်လင်းလင်းကို ဝေဖန်ရေးသားပါတယ်။ ဘယ်လိုတချို့လဲဆိုတော့ လေရူးသုန်သုန်ဝတ္ထုကြီးထဲက ခေတ်ပျက်မှာ သူဌေးဖြစ်လာတဲ့ ''ရက်ဘတ္တလာ''လို နိုင်ငံရေး အချောင်သမားမျိုးပါ။
စက်ဆုပ်စရာ အီလစ်တွေ
ရက်ဘတ္တလာ ဆိုသူက ဘာနိုင်ငံရေးကိုမှ စိတ်ဝင်စားသူ မဟုတ်ပါဘူး။ အမေရိကန် ပြည်တွင်းစစ်ကြီးအတွင်းမှာ ဟိုဘက်ကလိုလို ဒီဘက်ကလိုလို အရေခြုံထားပေမယ့်၊ တကယ်တော့ ဘယ်ဘက်ကမှ မဟုတ်ပါဘူး။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး သူ့ကိုယ်ကျိုးအတွက် စီးပွားရှာဖို့သာ အကွက်ကောင်း ချောင်းနေသူ ဖြစ်ပါတယ်။ ''ဘယ်သူသေသေ ငတေမာပြီးရော''ဆိုတဲ့ စက်ဆုပ်စရာ လူစားမျိုးပါ။ မြို့ကြီးသား
ရေပေါ်ဆီ လူတန်းစား ''အီလစ်'' Elite တွေထဲမှာ ရက်ဘတ္တလာလို လူစားတွေကို တွေ့နေရပါတယ်။ သူ တို့တစ်တွေက ဟိုဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်၊ ဒီဘက်ကိုတစ်မျိုး ဟန်ဆောင်ပြလိုက်နဲ့ နှစ်ဖက်ခွစားဖို့ ကြံနေကြတာပါ။ တကယ်တော့ ဘယ်ဘက်မှ သူတို့တကယ် စိတ်ဝင်စားမှု မရှိပါဘူး။ သူတို့ အတွက် အကွက်ကောင်းကိုသာ ချောင်းနေကြတာဖြစ်တယ်။
လူအကွေ့အကောက်တွေ
မြန်မာနိုင်ငံရေးကလည်း တော်တော် အကွေ့အကောက်များတဲ့ နိုင်ငံရေးဆိုတော့ လူအကွေ့အကောက်တွေလည်း တော်တော်များပါတယ်။ ပြောသင့်ချိန်မှာပြော၊ ရေးသင့်ချိန်မှာ ရေးလိုက်တာပါ။ သည်းခံတယ်။ သဘောထားကြီးတယ် ဆိုတာ အချိန်အခါ၊ အခြေအနေနဲ့ လူပုဂ္ဂိုလ် ရွေးချယ်မှုရှိပါတယ်။ ရက်ဘတ္တလာလို ''ငတေ'' တွေ အပေါ်မှာတော့ သဘောထားမကြီးနိုင်ပါဘူး သတင်းစာသမားမှာ ပြည်သူလူထု
မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာကိုမှ အားနာထောက်ထားတဲ့ စိတ်မရှိရပါဘူး။
ဘက်လိုက်ရမှာပဲ
ပြည်သူလူထုကြီး ဘာပဲဖြစ်နေနေ ကိုယ်ကောင်းစားဖို့ လိုရင်းပဲဆိုသူတွေ အပေါ်မှာတော့ ပြတ်ပြတ်သားသား ဝေဖန်ရှုတ်ချရမှာ ဖြစ်တယ်။ ဘက်မလိုက်တဲ့ သတင်းစာသမားဆိုတာ လူကြားကောင်းအောင် ပြောတဲ့စကားပါ။ သတင်းစာသမားကောင်း မှန်ရင် အမှန်နဲ့ အမှား၊ ဓမ္မဘက်က ရပ်တည်ရမှာ ဖြစ်တယ်။ အဓမ္မဝါဒမှန်ရင် ဘယ်လို မျက်နှာဖုံး စွပ်ထားတဲ့ အဓမ္မဝါဒပဲဖြစ်ဖြစ် မညှာမတာ ဝေဖန်ထောက်ပြရမှာပဲ
ဖြစ်တယ်။ ''မျောက်ပြဆန်တောင်းတဲ့ ပရဟိတအရေခြုံ လုပ်ရပ်မှန်သမျှဟာလည်း ဓမ္မလမ်းကြောင်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ လက်နက်မဲ့အဓမ္မဝါဒ''ပဲဖြစ်တယ်။ ဒါကြောင့် အားနာနေလို့ မရပါဘူး။ ရေးချိန်တန်က ရေးရမှာပါပဲ။ ဒါမှ စာနယ်ဇင်းသမား ဝတ္တရားကျေမှာပါ။

လူထုစိန်ဝင်း (၈-၁ဝ-ဝ၉)

1 comments:

ကိုအောင် said...

ဆရာ လူထုဦးစိန်ဝင်း စာကို လာဖတ်သွားတယ် အမ၊
အားပေးလျက်ပါ။