welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အမြင်အမျိုးမျိုး၊သဘောထားအမျိုးမျိုးကွဲခြင်းကိုလက်ခံသော်လည်း

Thursday, October 1, 2009

အမြင်အမျိုးမျိုး၊သဘောထားအမျိုးမျိုးကွဲခြင်းကိုလက်ခံသော်လည်း
ဘာ့ကြောင့်လဲဆိုတာ တချက်လောက်ငဲ့ကြည့်ကြပါ

ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်ကြမယ့်၊ န.အ.ဖ ၀န်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီဘက်တော်သားအချို့က ဖိနပ် နဲ့ပစ်ပေါက်လိုက်ကြတာလူတိုင်းကြားသိ၊ရုပ် သံများမှ တဆင့်မြင်တွေ့ကြရမည်ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီအင်အားစုများကြားတွင်လည်း၊ ထိုကိစ္စနှင့်စပ် လျဉ်း၍ အမြင်အမျိုးမျိုး သဘောထားအသီးသီးထွက်ပေါ်လာကြသည်။

တချို့က ဖိနပ်နှင့်ပစ်ပေါက်ကြသည်။ ဆဲဆိုကြသည်မှာ နဲသေးသည်။ ဒါ့ထက်ပိုလုပ်သင့်သည်။

တချို့က သိပ်ကိုအားရကျေနပ်ဖို့ကောင်းသည်။ ဒီလိုလုပ်ရဲကြသည့်သူများကိုလေးစားသည်။

တချို့က ဆန္ဒပြတာကိုလက်ခံသည်။ ဆဲဆိုမှုနှင့်ဖိနပ်နဲ့ပစ်ပေါက်မှုကတော့ ရိုင်းလွန်းသည်။

တချို့က အဲဒီလိုမျိုးလုပ်လိုက်ကြသည့်အတွက် မိမိတို့နိုင်ငံရေးအင်အားစုများကို

နိုင်ငံတကာအသိုင်းအ ၀ိုင်းမှအထင်သေးအမြင်သေးဖြစ်ပေတော့မည်။

တချို့ကတော့ အဲဒီလိုမျိုးလုပ်လိုက်ကြသည့်အတွက် မိမိတို့ပြင်ပရောက်နိုင်ငံရေးအင်အားစုများ၏ရပ် တည်ချက်ကိုပင်ထိခိုက်ပျက်ပြားလာစေနိုင်သည်။

စသည့်၊စသည့်၊ အမြင်အမျိုးမျိုး၊ သဘောထားအသီးသီးထွက်ပေါ်လာကြပါသည်။ လက်ခံရမည်သာဖြစ် သည်။ လက်ခံပါသည်။
သို့သော်…..
န.အ.ဖ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ကို ဆန္ဒပြကြသည့်၊ဆဲဆိုကြသည့်၊ဖိနပ်နှင့်ပစ်ပေါက်ကြ သည့် အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီဘက်တော်သားများ ထိုကဲ့သို့ဘာ့ကြောင့်လုပ်ကြပါသနည်း။ဘာ့ ကြောင့်ထိုကဲ့သို့လုပ်ရပါသနည်း။
ယုတ္တိဗေဒကျကျစဉ်းစားနည်းတွင် ကိစ္စရပ်တိုင်းကို နိဒါန်းမှ အစချီ နိဂုံးသို့ဆွဲယူသုံးသပ်ပါမှ ကြောင်း ကျိုးဆီလျော်သည့် အဖြေကိုရပေသည်။ ထိုသည်ကို ဆင်ခြင်သုံးသပ်ခြင်းဟုခေါ်ဆိုကာ။ ထိုသို့မဟုတ်လျှင် အဖြေယုတ္တိမရှိသော စဉ်းစားမှုအဆင့်သာဖြစ်ပေလိမ့်မည်။

ယနေ့ကာလမြန်မာ့ဒီမိုကရေစီအရေးကိစ္စအပေါ်တွင်ကမ္ဘာ့နိုင်ငံများ၏မူဝါဒအပြောင်းအလဲ အခြေအနေများနှင့်ကြုံကြိုက်ကာန.အ.ဖ၊၀န်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးတို့ ဖိနပ်နှင့်ပစ်ပေါက်ခံရခြင်းဖြစ်သည်။ ဆဲဆိုခံရခြင်း ဖြစ်သည်။
အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုများ မရပ်တန့်သော်လည်း၊ မြန်မာအစိုးရ ကို ပြောဆိုဆက်ဆံမည်၊ ယခင်ကကဲ့သို့ အထီးကျန်ဆန်ဆန်ပစ်ပယ်ထားခြင်းမျိုးမလုပ်တော့ ဟု အတိအလင်း ပြောဆိုလိုက်ပြီဖြစ်သည်။
ထို့အတူ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း၊ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ကုလသမဂ္ဂ၊ ဥပရောပသမဂ္ဂ နှင့် အမေရိကန်နိုင်ငံတို့၏ မူဝါဒများသည် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆက်ဆံသွားမည်ဖြစ်သ ဖြင့် အာဆီယံအနေဖြင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့တောင်းဆိုရန်မလိုအပ်တော့ ဟု ပြောဆိုခဲ့ပေသည်။
မြန်မာ့အရေးနှင့်ပတ်သတ်၍ ကမ္ဘာ့အခင်းအကျင်းက ထိုသို့ရှိနေသည့်အချိန်တွင်၊ အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီဘက်တော်သားများက၊ န.အ.ဖ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးကိုဆဲဆိုပြလိုက်သည်။ဖိနပ် နှင့်ပစ်ပေါက်ပြလိုက်သည်။
ဘာ့ကြောင့်လဲ။ ကိုယ်စိတ်နှလုံး သုံးပါးစလုံး ယဉ်ကျေးသိမ်မွေ့လွန်းလှတဲ့ မြန်မာတွေ။ ဘာ့ကြောင့် ဒီလောက်ထိအောင် တင်းတင်းမာမာ ပြုမူလိုက်ကြတာလဲ။
မြန်မာ့ဒီမိုကရေစီအင်အားစုတွေက စစ်အစိုးရတက်လာပြီးတဲ့အချိန်ကစလို့ မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းကြရအောင်လို့ ထပ်ခါတလဲလဲပြောခဲ့သည်။တောင်းဆိုခဲ့သည်။ လုပ်ဆောင်ခဲ့သည်။ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာရအောင်လို့ ထပ်ခါတလဲပြောခဲ့သည်။တောင်းဆိုခဲ့သည်။ လုပ်ဆောင်ခဲ့သည်။
ထိုသို့ ပြောဆိုနေရင်းက။ တောင်းဆိုနေရင်းက။ လုပ်ဆောင်နေရင်းက။
ဒီမိုကရေစီအင်အားစုတွေ ထောင်တွေထဲရောက်ကုန်ကြသည်။
ခက်ခဲကြမ်းတမ်းတဲ့ စစ်ကြောရေးအဆင့်ဆင့်ကိုဖြတ်သန်းခဲ့ကြရသည်။

နှစ်ရှည်ထောင်ဒဏ်တွေ ကျခံလိုက်ကြရသည်။

စစ်ကြောရေးမှာ အသက်တွေပေးခဲ့ကြရသည်။

ထောင်ထဲမှာ အသက်တွေပေးခဲ့ကြရသည်။

ထောင်ထဲမှာ ဘ၀တွေစတေးခဲ့ကြရသည်။

မိသားစုဘ၀တွေ ပျက်စီးခဲ့ကြရသည်။

စာနဲ့ရေးသားဖေါ်ပြပေးနိုင်စွမ်းမရှိအောင်ပင် အစစအရာရာပျက်စီးဆုံးရှုံးခဲ့ကြရသည်။
တိုင်းပြည်၏ ဆင်းရဲမှုသည်လည်းကုန်းကောက်စရာမရှိတော့။
ဒါတွေ ဘယ်သူတွေလုပ်ခဲ့ပါလဲ။ ဒါတွေ ဘယ်သူ့ကြောင့်ဖြစ်ခဲ့ပါလဲ။
ဖိနပ်နဲ့ပစ်ပေါက်ခဲ့ကြတဲ့၊ ဆဲဆိုခဲ့ကြတဲ့ အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီဘက်တော်သားတွေရဲ့ဘ၀ တွေဟာလည်း စစ်အစိုးရရဲ့ ဖိနှိပ်၊ ရက်စက် အဖက်ဖက်က ပျက်စီးယိုယွင်းအောင် ပြုလုပ်ခြင်းခံခဲ့ကြရတဲ့ မြန်မာ မိသားစုတွေ ထဲက ဘ၀အစိတ်ပိုင်း များပင်ဖြစ်သည်ကို ကျွန်တော်တို့ငဲ့ကြည့်ကြဖို့လိုပါသည်။ စစ်အစိုးရလက် ထက်မှာ သူတို့ဘ၀တွေပျက်ခဲ့ကြသည်။ စစ်အစိုးရလက်ထက်မှာ သူတို့မိသားစုဘ၀တွေပျက်ခဲ့ကြသည်။ စစ်အစိုးရလက်ထက်မှာ သူတို့တိုင်းပြည်ရဲ့ ပြည်သူလူထုတွေ ဆင်းရဲနွမ်းပါး၊ လူနေမှုအဆင့်အတန်းနိမ့်ပါးနေတာ သူတို့တွေ့မြင်နေကြရသည်။
ဒါတင်မဟုတ်ပါ။ စစ်အစိုးရလက်ထက်မှာ သံဃာတော်တွေကို ပစ်ခတ်၊သတ်ဖြတ်၊ နှစ်ရှည်ထောင်ဒဏ် များချမှတ်၊ ကျောင်းတိုက်တွေကို ၀င်ရောက်စီးနင်း ဖျက်ဆီး၊ လှုဒါန်းထားသော အလှူပစ္စည်းများကို ယူငင်ရောင်း ချ၊ သံဃာများအကြား ထောက်လှမ်းရေးသူလျှိုများသွတ်သွင်း၊ သာသနာတော်ပြိုကွဲအောင်လုပ်ဆောင်ခဲ့ကြသည် ကို မမေ့နိုင်။ မမေ့ရက်။ မမေ့အပ်သည့် အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ နှလုံးသားကို တစ်ချက်လောက်ငဲ့ကြည့်ကြဖို့လိုပါသည်။
ကျွန်တော်ကထိုသို့ရေး။ထိုသို့ပြောပါလျှင်။ နိုင်ငံရေးပညာရှင်ဆန်သူတို့ နိုင်ငံရေးဂုရုလို့ကိုယ့်ကိုယ်ကို အထင်ရောက်နေသူတို့က ကလဲ့စားချေ ခြင်း မှာကောင်းသည့် စရိုက်မဟုတ်ကြောင်း ပြောကြပါလိမ့်မည်။
မငြင်းပါ။ ကလဲ့စားချေ တာမကောင်းမှန်း ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းဝင်တိုင်း သိပါသည်။ နိုင်ငံရေး တွင် အများပြည်သူနှင့်ဆိုင်သည့်ကိစ္စရပ်များ၌ ကလဲ့စားချေတယ် ဆိုသောအသုံးအနှုန်းကို ရောထွေးသုံးစွဲ၍မဖြစ် ပါ။ ရှင်းအောင်ပြောရပါလျှင်၊ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် ရာဇ၀င်ကြွေးဆိုသည်ကိုတော့မေ့ ပျောက်၍ မရစကောင်းပါ။ ကလဲ့စားချေခြင်းသည် ပုဂ္ဂလ ဆန်၍ တိုင်းပြည်အတွက်ရာဇ၀င်ကြွေးသည် လူ့အဖွဲ့ အစည်းနှင့်ဆိုင်ပါသည်။ အများပြည်သူနှင့်ဆိုင်ပါသည်။ စစ်ခုံရုံးတင်ရန်ကြိုးစားနေခြင်းသည်၊ ရာဇ၀င်ကြွေးကို ပေးဆပ်ကြစေရန်ကြိုးစားနေကြခြင်းသာဖြစ်သည်။
လူသားဖြစ်တည်မှု၌ လူသားဆန်ခြင်းသည်ရှက်စရာမဟုတ်ပါ။ မိမိတို့ကိုးကွယ်ရာ သံဃာတော်များကို ပစ်ခတ်နှိမ်နင်းတတ်သည့် တိရိစ္ဆာန် အမူအကျင့်မျိုးမရှိရန်သာအရေးကြီးပါသည်။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ်ထားရှိသောမူဝါဒအပြောင်းအလဲများအကြားတွင်၊ မိမိတို့ ယုံကြည်ချက်၊ ခံယူချက်များအတိုင်း၊ ရဲရဲရင့်ရင့် လုပ်ဆောင်ပြသလိုက်သော အမေရိကန်ရောက်မြန်မာ့ ဒီမိုကရေစီ ဘက်တော်သားများ၏ န.အ.ဖ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်၊ဆဲဆိုဆန္ဒပြ ခဲ့သည့် လုပ်ရပ်ကို တစ်ချက်ကလေးငဲ့ကြည့်ရင်း ဘ၀ တစ်သက်စာလေးစားလိုက်ရပါတော့သည်။

ပြည်သိမ်းမင်း
၁.၁၀.၂၀၀၉

3 comments:

Anonymous said...

ဟုတ်တယ်ဗျို့  ဒီကိစ္စ ကို ပြစ်တင်ချုံ့ ချတဲ့သူတွေ ကို
ငဲ့ကြည့်ဖို့ ပြောတာထက် အချောင်သမားတွေ လို့ ပြောသင့်တယ်

Unknown said...

ဒီလူတွေဟာ ၁၉၈၈ အရေးတော်ပုံကာလ နဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွေမှာ ရက်ရက်စက်စက်
သုတ်သင်ခံရတာတွေကို မတွေ့ဘူး မကြုံဘူးတဲ့ လူတွေ
ဖြစ်နိုင်ပါတယ် ၊ ကိုယ်တိုင် မကြုံဘူးခဲ့တော့ ကိုယ်ချင်းစာ
တက်တဲ့ တရားတွေ ရှိကြမှာမဟုတ်ပါဘူး..

ကိုမိုးသီးတို့ ဖိနပ်နဲ့ပေါက်တာတောင် နဲနေပါဘေးတယ်
ဒီ့ထက်ပိုတောင်လုပ်သင့်တယ်ဗျာ့ ။

Anonymous said...

ဟုတ်တယ်ဗျို့ ကိုသားထူးပြောတာကို အပြည့်အ၀ထောက်ခံပါတယ်