welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ခံစားရေးသားသူများကိုဂုဏ်ပြု၍ တင်ပြပါသည်။။

Tuesday, March 23, 2010

“ဂန္ထ၀င်မဲဆောက်”

မဲဆောက်...
မဲဆောက်ရဲ့ အနားသတ်မျဉ်း
သောင်းရင်းကို ခြေကန်တိုက်တဲ့
ခုခံရေးစစ်ပွဲ များစွာရှိတယ်။

မဲဆောက်ဟာ
(၁၈) ရာစုရဲ့ ချီကာကိုလည်း ဖြစ်တယ်။
မဲဆောက်ရဲ့ စက်ရုံတွေမှာ
စပါတာကပ်ရဲ့ မျိုးဆက်တွေ ပေါ်ထွက်ခဲ့သလို
သခင်အားရ ကျွန်ပါးဝတဲ့
ငတေမာသူ အလိုတော်ရိတွေလည်း ရှိတယ်။

မဲဆာက်မှာ...
မပွင့်ခင်အခြွေခံတဲ့
အကြွေပန်းတွေရှိသလို
ပွင့်ပြီးမှအချေခံရတဲ့
ကြေပွင့်တွေလည်းရှိတယ်။

မဲဆောက်မှာ...
ကားတာယာကွင်းတွေထဲ
အရှင်လတ်လတ် အရိုးပြာတွေရှိသလို
မဲဆောက်ရဲ့ တမျှော်တခေါ် ဥယျာဉ်ခြံကျယ်ကြီးထဲ
ဂျူးတွေလို တန်းစီခိုင်းပြီ
နာဇီတွေလို သေနတ်ခလုတ်ဆွဲတဲ့
ခေတ်သစ် အရိုးတွန်သံတွေ ရှိတယ်။

မဲဆောက်မှာ..
အမိမဲ့သား ရေနည်းငါးလို
ပေါက်ပင်ကိုင်းရတဲ့ တရားခံတွေဟာ
မဲဆောက်ရဲ့တဖက်ခြမ်း
သောင်းရင်းနဲ့ ခပ်လှမ်းလှမ်းမှာရှိတယ်။

မဲဆောက်မှာ..
ဖါးဖါးချင်း ငါးငါးချင်း ဇာတ်တူသားစားပြီး
စားပိုးနင့်သွားသူတွေရှိသလို
တကောင်ကျွေး နှစ်ကောင်စားပြီး
ကင်းဝင်ဖို့ ထိုးကျွေးထားတဲ့
နှစ်ဖက်ချွန် သုံးဖက်ချွန်တွေ ရှိတယ်။

မဲဆောက်မှာ...
ဘလူးတပ်စ်ရဲ့ဓါးမြှောင်ကို ၀ှက်ကိုင်ထားတဲ့
ခြံစည်းရိုးပေါ်က လူတွေရှိသလို
အပေါင်းရှုံးသွားတဲ့
ဂုဏ်သိက္ခာအတွက်
ဦးနှောက်ကို လေလံပစ်သူတွေလည်း ရှိတယ်။

မဲဆောက်မှာ...
ဦးနှောက်နဲ့ စာအုပ်အထူအပါး
ပြောင်ပြန်အချိုးကျသူတွေ
တခါတခါ မျက်စိလည် လမ်းမှားလာတတ်သလို

မဲဆောက်ဟာ....
အနေက်ဘက်လား ခရီးသွားများအတွက်
တထောက်ခိုရာ သာလာယံဇရပ်တဆောင်လည်း ဖြစ်တယ်။
မဲဆောက်မှာ....
လေးဖြူရဲ့သီချင်းကို ဖျက်ဆိုလိုက်ချင်ရဲ့
နီချင်ယောင်ဆောင်မနေနဲ့...
ဇော်ပိုင်ရဲ့ သီချင်းကို ဖျက်ဆိုလိုက်ချင်ရဲ့
နီယောင်ဆောင်သူတွေ မနည်းပါလား။

မဲဆောက်မှာ...
နောင်ရိုးကမ်းအတက်
ဖေါင်ဝှက်သူတွေ ရှိသလို
နအဖရဲ့ ရွေးကောက်ပွဲဆိုင်းသံကြား
မရိုးမရွ ပိုးထလာသူတွေလည်းရှိတယ်။

မဲဆောက်မှာ...
ဘူတာရုံမဟုတ် ကားမှတ်တိုင်မဟုတ်
ညောင်ညိုပင်မဟုတ် ယင်းမာပင်မဟုတ်
အချို့တွေ ရုတ်ရုတ်
အထုပ်တွေပြင်ကြ အထုပ်တွေဖြေပြ
အထုပ်မှားဆွဲသူတွေလည်း ရှိလေရဲ့။

မဲဆောက်မှာ...
အစွယ်လိုသူ မိဖုရား အသွားစေခိုင်းသူ မင်းဧကရာဇ်
လေးပစ်သူ ဘုရားကျွန်တော်မျိုး
ဤသုံးဦးတွင်မှရယ်လို့
ငိုချင်းချသူတွေလည်း ရှိလေရဲ့။

မဲဆောက်ရဲ့ကစားပွဲတွေဟာ
ကြွေတလှည့် ကြက်တခုန်အတွင်း
ဘာမဆိုဖြစ်သွားနိုင်တယ်။

မဲဆောက်ရဲ့ မျိုးစုံသောဈေးကွက်ထဲ
လုပ်အားရောင်းသူ၊ အသွေးအသား ရောင်းသူ
ဦးနှောက်ရောင်းသူ၊ သိက္ခာရောင်းသူ
အနာဂတ်ရောင်းသူ၊ ဘ၀ရောင်းသူ...
...ရောင်းသူ
...ရောင်းသူ
....ရောင်းသူ။

ဈေးပေါပေမယ့် ရောင်းသာဝယ်သာရှိတဲ့
ဈေးကွက်ကြီးတခုလုံး
မဲဆောက်ဟာ သူ့ပုခုံးပေါ်ထမ်းတင်ရင်း
သူကိုယ်တိုင်က ရောင်းစားခံရမှာကို
စိုးရွံ့နေပုံရလေရဲ့။

ပသို့ဖြစ်စေ
အာဏာရှင် ကိစ္စမတုံးသရွေ့
သောင်းရင်းရေ စီးမြဲစီးသလို
တော်လှန်သူတို့ရဲ့ ခုခံရေးစစ်ပွဲတွေဟာလည်း
ရှိမြဲရှိနေဦးမှာ အသေအချာပါ။

စိုင်းလတ် (ABCDF)




၁၉၉၀ များ

ထင်ထားတာထက်
ပိုလွယ်နေတာက
မနေ့တနေ့ကမှ မထင်မရှား ကျူးလွန်းခဲ့သေးတဲ့
တကိုယ်စာ လိမ်ညာပုံမျိုးပေါ့။

ထင်ထားတာထက်
ပိုခက်ခဲနေတာက
သူ့ကိုယ်သူ
အနိုင်ပိုင်းဖို့ ကြိုးစားလိုက်
လက်လွတ်ဆုံးရှုံးသွားလိုက်နဲ့
ဗျာများနေပုံမျိုးပေါ့။

ထင်ထားတာထက်
ပိုဝမ်းနည်းစရာကောင်းနေတာကတော့
သူ့အကျင့်သိက္ခာနဲ့
သူ့နဲ့
ခပ်တန်းတန်းဖြစ်သွားပုံမျိုးပေါ့


ကိုမောင်ရီ

ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း အမှတ်(၃) ဧပြီ ၂၀၀၆

ကိုမောင်ရီ (စာမူခွင့်ပြုချက် ဆင်ဆာ အဖွဲ့ ကိုကျော်ပြီးမှ အာဏာပိုင် မှ ဆုတ်ဖြဲခိုင်း
သဖြင့် ဆုတ်ဖြဲခံခဲ့ရသော်ကဗျာဖြစ်သည်) ရဲဘော်တင်အေး ရဲ့ ရင်ကို ထိစေသော ၁၉၉၀ များ





ရွက်လှပန်း

သူလိုနာမည်မျိုး
ရုက္ခဗေဒ အဘိဓာန်မှာတောင်
ရှားမယ်ထင်ရဲ့။

အသီးကို
အသီးလို့ပဲခေါ်ကြ။

အရွက်ကို
အရွက်လို့ပဲခေါ်ကြ။

အပွင့်ကို
အပွင့်လို့ပဲခေါ်ကြ။

ဒါပေမယ့်
သူ့ကိုကြတော့
နေပြင်းလေ
အဆင်းလှလေဆိုတဲ့ဇွဲ
အပူဒဏ်ရိုက်ပုတ်ပေမယ့်
ခေါင်းမငုံ့တဲ့ သတ္တိကြောင့်
အရွက်ပေမယ့်
ပန်းဆိုပြီး ဦးညွှတ်ကြ။

သော့ခလောက်သံ
ချောက်ကနဲ အပိတ်မှာ
ကျောကုန်းနဲ့ ရင်ဘတ်ကဒဏ်ရာကို
ကဗျာအဖြစ် အသွင်ပြောင်းဖို့
အဲ့ဒီပန်းက
အားတွေပေးခဲ့။ ။

တင်မြိုင်စိုး(ကောလိယ)

ဆရာတော် ဦးဇ၀နမှ၂၀၀၃ ဒီဇင်ဘာ၊ တောင်ငူထောင်တွင် ရေးဖွဲ့သည်။

1 comments:

Canada Myanmar Group said...

မဲဆောက်ကဗျာကို ကြိုက်တယ် အဲဒီမှာ နေဘူးလို့ လား
တော့ မသိဘူး