welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

NLD ရွေးကောက်ပွဲဝင်မည် စဉ်းစားနေသည်၊ ထို့ကြောင့် ဤသို့ဝေဖန်ရပါသည်

Friday, March 19, 2010

NLD ရွေးကောက်ပွဲဝင်မည် စဉ်းစားနေသည်၊ ထို့ကြောင့် ဤသို့ဝေဖန်ရပါသည်၊


စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ဝေဖန်နေကြသည်။ ပြည်တွင်းမှ နိုင်ငံရေးပါတီများ၊ နိုင်ငံတကာမှ အစိုးရများ အပြင် ကုလသမဂ္ဂမှပါ ဝေဖန်နေကြပါသည်။ ယင်းကား ဤဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ထုတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် တရားမျှတမှူမရှိဟု တညီတညွတ်တည်း ပြောဆိုနေကြသည်။ ဤနေရာ၌ အရှည်သဖြင့် မရေးချင်တော့။ လူတိုင်းလိုလို ရွေးကောက်ပွဲဥပဒေကို လေ့လာပြီးကြပြီးဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ကမူ ပို၍ပင်လေ့လာတွက်ချက်ပြီးကြပြီးဖြစ်သည်။ တချိန်ထဲမှာပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းဝေးမတိုင်ခင်က တပါတ်အလိုကပင် ကျွန်တော်သည် ဆောင်းပါးဖြင့် သတိပေးရေးသားခဲ့သည်။ သူတို့အဖွဲ့ချုပ်အတွင်း စိတ်ဝမ်းမကွဲကြရန် ၊သွေးစည်းညီညွတ်ရန် ရေးသားတင်ပြခဲ့သည်၊ ယခုတော့ အစည်းအဝေးထိုင်ပြီးသည်နှင့် ကွဲပြဲလာနေကြပြီဆိုသော သတင်းကြားလာရပြီ။

NLD ၏ နောက်ခံသမိုင်းကို ဤနေရာ၌ စဉ်းစားကြည့်သည်။ နိုင်ငံရေးပါတီအဖြစ်ပေါ်ပေါက်လာခြင်း၊ လှုပ်ရှားလာခြင်း မှသည် ယခုအချိန်ထိ လေ့လာကြည့်သည်။ မတရားအမိန့်ကို တာဝန်အရ ဖီဆန်ကြ ဆိုသော စကားမှာ သူတို့ဆီက လာသော ကြွေးကြော်သံဖြစ်သည်။ ယခုမတရားသောအမိန့်ကို ထုတ်ထားပါသည်။ သူတို့မည်သို့အတွက်ကြောင့် မဖီဆန်ကြပါသနည်း။ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်လိုက်သည်ဆိုလျင် ရွေးကောက်ပွဲကို ၀င်ရမည်ဖြစ်သည်၊

ရွေးကောက်ပွဲကိုဝင်လျင် ၉၀ ခုနှစ်ကလို NLD က တနိုင်ငံလုံးတွင် မဲအပြတ်အသတ်နိုင်မည်ဟု ထင်လျှင် ငါးပါးကြီးမှောက်ပါလိမ့်မည်၊ ရိုးစင်းစွာ ပြောလိုပါသည်၊

ကောင်းပါပြီ။ ယခု စစ်အစိုးရက တနိုင်ငံလုံးတွင် အကွက်ချပြီး စီစဉ်နေပြီးဖြစ်သည်။ စစ်အစိုးရ၏ ကောက်ကျစ်ယုတ်မာမူများကို ယခုကတည်းက ကြားနေကြသည်။ သူတို့ကို မည်သို့နည်းနှင့်မျ ယဉ်နိုင်ရန်အကြောင်းတရားမရှိချေ။ သူတို့မှ တရားဥပဒေမရှိ။

၎င်းမှာရွေးကောက်ပွဲကို ၀င်လျှင် အရှုံးနှင့် ရင်ဆိုင်ရမည်ကို လွယ်လွယ်ကလေး သုံးသပ်တင်ပြခြင်းဖြစ်သည်။ှ ဒေါ်အောင်ဆန်းစုကြည်မပါသော ၊ဦးဝင်းတင် မပါသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မည်သည့်နည်းနှင့်မျ ပျံသန်းနိုင်သော အခြေအနေမရှိ။ တောင်ပံကျိုးနေသောငှက်တကောင်လိုဖြစ်နေပါလိမ့်မည်။ ထားပါတော့။ နိုင်လျှင်လည်းရှုံး ရှုံးလျှင်လည်း ရှုံး လုပ်မည့် ဤပြိုင်ပွဲမှာ မည်သည့်နည်းနည်းနှင့်မျှ ၀င်ပြိုင်သင့်စရာ အကြောင်း မရှိ။ ဤအချက်ကို ထည့်တွက်ကြည့်ရန်အရေးကြီးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဖွဲ့အစည်းတခု ပါတီတခု ဖြစ်သည်။ သို့သော် ယင်းအဖွဲ့ချုပ်ထက်၊ အဖွဲ့အစည်းထက် ၊ အခြားလူပုဂ္ဂိုလ်များထက် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ပုဒ်ကပို၍ ကြီးမားပါသည်။ သူမမှာ နိုင်ငံရေးသြဇါတိက္ကမ အလွန်ရှိပါသည်။ သူမကြောင့် နိုင်ငံတကာမှ လေးစားနေကြခြင်းဖြစ်သည်။ အဖွဲ့ချုပ်မှ နိုင်ငံရေးပေါ်လီစီကြောင့် ၊တော်လို့တတ်လို့ ကြောင့် ၊ မူဝါဒချမှတ်နိုင်ခြင်းကြောင့် ပြည်ပမှ လေးစားနေကြခြင်းမဟုတ်။ နိုင်ငံတကာမှလေးစားနေကြခြင်းမဟုတ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားနေကြခြင်းကြောင့် ဆိုသည်ကို ကမ္ဘာကြီးတခုလုံးရှိလူတိုင်း သိရှိနားလည်ကြပါသည်။

နောက်တခုမှာ ၂၀၀၈ ရွေးကောက်ပွဲဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု လက်မှတ်ထိုးရတော့မည်။ မည်သည့်လက်မျိုးနှင့် ယင်းမှတ်ပုံတင်စာရွက်ပေါ်မှာ လက်မှတ်ထိုးရန်

ကောင်းပါသည်ခင်ဗျားဆိုကာ ကာကွယ်စောင့်ရှောက်ပါမည်ဟု ခံဝန်ဂတိလက်မှတ်ထိုးရမည်ဆိုခြင်းမှာ NLD အဖို့ ရှက်စရာဖြစ်သည်။ ယင်းမှာ နိုင်ငံရေးပြသနာဖြစ်သည်။ နိုင်ငံရေးပါတီအဖြစ်ရပ်တည်ရေးမှာ မူဝါဒခိုင်မြဲစေရန် အရေးကြီးသည်။ မိမိမူဝါဒထိခိုက်နေပြီဆိုလျှင် သတိထားရတော့မည်ဖြစ်သည်။ မူဝါဒကင်းမဲ့သောပါတီအဖြစ် သက်ရောက်သွားပြီဆိုက ယင်းနိုင်ငံရေးပါတီမှာ လှုပ်ရှားရန်မလွယ်ကူတော့။ လူတွေအယုံအကြည်နည်းပါးသွားသည်။ ယခုတောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်တွေကို ပြည်သူတွေက စိတ်ပျက်နေကြပါပြီ။

ဝန်းနည်းစရာကောင်းသည်မှာ အင်မတန်တက်ကြွသော အဘဦးဝင်းတင်က မှတ်ပုံတင်မည်ဆိုပါက အနားယူတော့မည်။ အဖွဲ့ချုပ်မှ ထွက်ပါတော့မည်ဟု ပြောဆိုလာသည်။ ဤသည်မှာ အလွန်အရေးကြီေးသာ အကြောင်းအရာဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ခြင်္သေ့ကဲ့သို့ ရဲရင့်သော ဒေါ်အောင်ဆန်းစုကြည်ကရှိနေပြီး ကျားကဲ့သို့ သတ္တိကောင်းသော အဘဦးဝင်းတင်က ၀န်းရံထားနေ၍သာ ဤအဖွဲ့ချုပ်က ဂုဏ်သတင်းကျော်ကြားနေခြင်းဖြစ်သည်။ ပါတီမှတ်ပုံတင်လျင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အဖွဲ့ချုပ်တွင် မပါဝင်တော့ ။ ချက်ချင်း ဦးဝင်းတင်က ထွက်သွား၍ အဖွဲ့ချုပ်တွင် မပါဝင်တော့ဟု ပြော၍ရနိုင်ပါသည်။ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလတွင် လွပ်မြောက်လာမည်မို့ ယင်းအချိန်မှာ အဖွဲ့ချုပ်တွင် နိုင်ငံရေးတာဝန်က ဆက်လက်ထမ်းဆောင်နိုင်ပါသည်ဟု ပြောသံကြားရသည်။ ဘယ်အချိန်မှာ လွပ်မည်မှန်းမသိသော အခြေအနေကို ထည့်ပြီးစဉ်းစားနေသည်မှာ သဘာဝတော့မကျလှချေ။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်သို့ ခုထွက်လိုက် ခုပြန်ဝင်လိုက်နှင့် လိပ်ခေါင်းလို နိုင်ငံရေးလုပ်မည့်သူတော့ မထင်။ မူဝါဒတွေ၊ ပေါ်လီစီတွေ၊ နှင့် ခံယူချက်ပြင်းထန်သောသူမို့ ဤမျှစည်းပျက်ကမ်းပျက်ဖြစ်နေသော မခိုင်မြဲသည့်ပုဂ္ဂိုလ်တို့နှင့် လက်တွဲလိမ့်မည်မထင်တော့ချေ။ သူမတဦးတည်းကို လွှတ်ပေးရုံနှင့်မပြီးသေး၊ အဖမ်းဆီးခံနေရသော နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမှသာ သူမဖမ်းဆီးထားရာမှ လွှတ်ပေးမည်ကိုလက်ခံမည်ဟု ပြောဆိုထားသူဖြစ်သည်။ ပြီးတော့ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မနေ့ကဘဲ ပြောသေးသည်။

ခြင်္သေ့လည်းမရှိ ကျားလည်းမရှိသော ယင်းဂူကို စစ်အစိုးရက မည်သည့်အချိန်မဆို ဖြိုဖျက်နိုင်သည်ကို မမေ့လျှော့သင့်။ အဓိကလုပ်စရာတခုသာရှိသည်။ ယင်းအချက်ကို မေ့နေကြသည်၊ ယခုစစ်အစိုးရက တချက်ခုပ် သုံးချက်ပြတ်လုပ်လိုက်သည်၊ မှတ်ပုံတင်သည်နှင့် ၂၀၀၈ ဥပဒေတွေလည်း အတည်ဖြစ်ပြီ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားဖမ်းဆီးခံနေရသော သူတွေလည်း ယင်းအဖွဲ့ချုပ်မှာ မရှိတော့။ သူတို့ကလည်း သက်ဆိုးရှည်မည်၊ ဤအချက်တွေကို NLD က ဖြေရှင်းနည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်က ထုတ်ပါယ်လိုက်သောနည်းဖြင့် ဖြေရှင်းခြင်းမှာ အထူးရှက်စရာဖြစ်သည်။ ယင်းနည်းမှာ မလိုအပ်သောအချက်ဖြစ်သည်။

သည်လိုဆိုလျင် ဒေါ်အောင်ဆန်းစုကြည်လည်း အဖွဲ့ချုပ်မှာ ရာသက်ပန်ရှိနေရမည့်နည်းလမ်း၊ ၂၀၀၈ ဥပဒေပျက်စီးစေမည့်နည်းလမ်း၊ စစ်အစိုးရဖြုတ်ချစေမည့်နည်းလမ်းများကို ရှာကြံသင့်သည်၊ ထို့ကြောင့် နိုင်ငံရေးသုံးသပ်သူများက ရှာဖွေဆန်းစစ်နေကြသည်၊ ကျွန်တော်ရှာဖွေသောနည်းလမ်းကို ရဲဝံ့စွာ တင်ပြချင်သည်။ နိုင်ငံရေးပြသနာကို တင်ပြခြင်းမို့ လူတွေကို သေတွင်းပို့ခြင်းဟုတော့ မထင်မှတ်စေလို။ အဘဦးဝင်းတင်ပြောသလို အကြောက်တရားကို စွန့်ကြ။ သွေးစည်းညီညွတ်ကြ။ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ရည်မှန်းချက်ရှိကြစေရန် ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော်မီတီတွေကို တင်ပြခြင်းဖြစ်သည်။

Mandate ရထားပါသည်ဟု ခဏခဏပြောနေသောလွှတ်တော်ကိုယ်စားလှယ်တို့မှာ ယခုအချိန်တွင် ဤတာဝန်ကို ထမ်းဆောင်ရပါတော့မည်၊ ၄င်းမှာကျွန်တော်တွေ့ရှိသောနည်းလမ်းမှာ သုံးပွင့်ဆိုင် ဖိုခနောက်ချိန်ခွင်လျှာ ညီနေရေးဖြစ်သည်။ ဤနည်းလမ်းအတိုင်းကျင့်ကြံလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ အဖွဲ့ချုပ်တွင်ရှိနေပါလိမ့်မည်။ ယင်းသုံးပွင့်ဆိုင်ဖိုခနောက်နည်းလမ်းကား ဤသို့ဖြစ်ပါသည်။ ပြည်သူတွေရွေးချယ်တင်မြှောက်

ခြင်းခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အခြားနိုင်ငံရေးခေါင်းဆောင်များနှင့် စင်ပြိုင်အစိုးရကို ချက်ချင်းဖွဲ့စည်းရန်လိုအပ်ပါသည်။ ထို့ကြောင့် အနည်းဆုံးအစိုးရအဖွဲ့ဝင်

၁၀ ဦးခန့်ဖြင့် ကြေညာရပါလိမ့်မည်။ ယင်းကဲ့သို့ကြေညာ၍ အဖမ်းဆီးမခံရချေ။ အကြောင်းမှာ ၀န်ကြီးချုပ်ဟောင်းဦးးနုက ၈၈ အရေးအခင်းတွင် စင်ပြိုင်အစိုးရကို ဖွဲ့ခဲ့သည်ကို သတိထားရမည်ဖြစ်သည်။ သူ့တုံးက အဖမ်းအဆီးမခံခဲ့ရ။ ဖမ်းခံထိလျင်လည်း ၁၀ ယောက်သော နိုင်ငံရေးခေါင်းဆောင်တို့က ဖြုံမှာမဟုတ်။

နိုင်ငံတကာကို အကူအညီတောင်း၍လည်း ရနိုင်သည်။ ကမ္ဘာ့ကုလသမဂ္ဂကိုလည်း တောင်းနိုင်ပါသည်။ တနည်းအားဖြင့် အမေရိကန်အစိုးရကိုလည်း စစ်ရေးအရ အကူအညီတောင်းနိုင်သည်။ လက်ရှိတပ်မတော်ကိုလည်း တပ်ရင်းများကိုပြန်ဖို့ အမိန့်ချက်ချင်းထုတ်ပြန်ပေးရပါလိမ့်မည်။ နအဖစစ်ကောင်စီကို မတရားအသင်းအဖြစ် ကြေညာရပါလိမ့်မည်။ လွပ်ငြိမ်းချမ်းသာခွင့်ကိုချက်ချင်းထုတ်ပြန်ရပါလိမ့်မည်။ တရက်တည်းတနေ့တည်းမှာ အမျိန့်အာဏာများကို ချက်ချင်းထုတ်ပြန်ပေးရန်အရေးကြီးပါသည်။ ယင်းသို့ စင်ပြိုင်အစိုးရမှ အမိန့်အာဏာထုတ်ပြန်သည့်အခါ ပြည်သူ့လွှတော်ရွေးကောက်ပွဲကို စင်ပြိုင်အစိုးရမှ မည်သည့်နေ့ရက်အချိန်ကာလတွင် ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာရန်လိုပါသည်။ ဤအချက်များမှာ နအဖစစ်အစိုးရလည်းပြုတ်ကျသွားသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ရပ်တည်စေမည့်နည်းလမ်းဖြစ်သည်။

အကယ်၍ဤအချက်ကို မစဉ်းစားဘဲ နအဖ၏ထောင်ချောက်ကိုသာ စဉ်းစားပြီး ရွေးကောက်ပွဲဝင်ရန်မှတ်ပုံတင်မည် ဆိုပါက ရက်ပေါင်း ၆၀ ဆိုသော သတ်ကွင်းမှာ လည်စင်းခံရုံသာ ရှိပါတော့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မပျက်စီးအောင် ထိမ်းသိမ်းရမည့်တာဝန်မှာ အဖွဲ့ချုပ်ဝင်တို့ဖြစ်သည်။ ရွေးကောက်ပွဲဝင်ရန်မှတ်ပုံတင်သည်နှင့် အဖွဲ့ချုပ်မှာ ပျက်စီးသွားပြီဟု ချက်ချင်းပြောဆိုကြပါတော့မည်။ ဦးအောင်ရွှေသည် မြန်မာ့နိုင်ငံရေးလောကတွင် အဓိကမဟုတ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း အဓိကမဟုတ်ချေ။ သူ၏စဉ်းစားတွေးခေါ်ပုံသည် ယခုအချိန်၌ အလွန်မှားယွင်းနေသည်။ သူ့လမ်းစဉ်အတိုင်းလိုက်နာမည်ဆိုက အဖွဲ့ချုပ်မှာ မလွယ်တော့၊

ထို့ကြောင့် NLD ရွေးကောက်ပွဲဝင်ရန်စဉ်းစားနေသည်ဆိုလျင် ကျွန်တော်တို့ဝေဖန်ရပါတော့မည်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်စရာမလိုတာ့ပါ။ တစညပါတီနှင့်ပေါင်းပြီး ရွေးကောက်ပွဲကိုပြုလုပ်ကျင်းပလိုက်လျင် ပို၍ပင်သင့်တော်သွားပါလိမ့်မည်။ အကြောင်းမှာ နိုင်လျင်လည်းရှုံး၊ ရှုံးလျှင်လည်းနိုင်မည့်ပွဲမို့ အတိုက်အခံပါတီမဟုတ်သည့်အတူတူ မဟာမိတ်လုပ်ပြီး ရွေးကောက်ပွဲဝင်ရုံသာ ရှိပါသည်။သို့သော် မြန်မာနိုင်ငံရေးလောကတွင်ကား မြောင်းထဲကိုပါမက မြေမြုပ်ခံလိုက်ရပါပြီ၊ နာမည်ဆိုးနှင့်ကျော်ကြားသော စစ်အစိုးရ၏ ရွေးကောက်ပွဲကို ကမ္ဘာကဆန့်ကျင်ပေးနေသည်မှာ လူတိုင်းမပါဝင်၍ဖြစ်သည်၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုချန်ထား၍ ဖြစ်သည်။

နာမည်ကောင်းရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယခုအချိန်ထိ ပန်းပန်လျက်တုံး ရှိနေပါသေးသည်။ ဤပန်းကို နွမ်းကြွေအောင် မပြုလုပ်မိရန် လိုပါသည်။ နာမည်ဆိုးနှင့်ကျော်ကြားသော မကောင်းဆိုးဝါး နအဖစစ်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ခြေနှင့်နင်းချေရုံမက လည်ပင်းကိုတက်နင်းနေသည်မှာကြာပါပြီ။သူနှင့်မှ အတူတူတွဲလုပ်ရန်ကြိုစားသောသူတို့မှာ မူဝါဒ မရှိသူများ။ နိုင်ငံရေးခံယူချက်မရှိသူများသာဖြစ်သည်။ ထို့ကြောင့် သေသေချာချာ စဉ်းစားကြပြီးမှ စစ်အစိုးရကို မတရားအသင်းကြေညာရန် စင်ြ့ပိုင်အစိုးရကိုဖွဲ့စည်းမှသာ အဖွဲ့ချုပ်ရပ်တည်သွားမည်ဟု ပြောချင်သည်။ တနည်းအားဖြင့် မှတ်ပှံတင်မှ နိုင်ငံရေးပါတီအဖြစ် ပြည်သူတွေက လက်ခံမည်ဟု မထင်။ ပြည်သူတွေက မှတ်ပုံမတင်လျင် နိုင်ငံရေးပါတီအဖြစ် ပို၍ပင်လက်ခံထားပါသည်ဆိုသောအချက်ကို မမေ့လျော့ကြရန် အချိန်မှီ သတိပေးလိုက်ရပါကြောင်း ဆိုပါက မှားမည်မထင်။



ခိုင်အောင်ကျော် ( နယူးယောက် )

0 comments: