welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဘန်ကောက်မှ ရွှေ့ပြောင်းအလုပ်သမားများဘဝ

Wednesday, December 2, 2009

လုပ်ငန်းရှင်က လုပ်ခမပေးပဲ သေနတ်ဖြင့် ခြိမ်းခြောက်သဖြင့် အလုပ်သမားများထွက်ပြေး
ဘန်ကောက်မြို့ တနေရာတွင် ရှိသော အသေးစား ရေခဲစက်ရုံတွင် အလုပ်သမား များက လုပ်အားခ တောင်းခံရာ လုပ်ငန်းရှင်က သေနတ်ကို ပြသဖြင့် အလုပ်သမားများ ကြောက်လန့် ထွက်ပြေး သွားကြကြောင်း သိရပါသည်။

ယနေ့ နံနက်ပိုင်း ရေခဲလိုက်ပို့စဉ် ကားပေါ်မှ ဆင်းနေခဲ့ကြသဖြင့် အလုပ်သမားများ ဘေးအန္တရာယ် တစ်စုံတစ်ခု မဖြစ်ပဲ ချောမွေ့စွာ မိတ်ဆွေများ အခန်းသို့ ရောက်ရှိခဲ့ကြသည်။ ထို ရေခဲစက်ရုံမှ ထွက်ပြေး လွတ်မြောက် လာသော အလုပ်သမားများမှာ မအေးမိစံ၊ ထွန်ထွန်းဝင်း၊ ဝေလင်းနှင့် ကိုသိန်းဇံတို့ ဖြစ်ကြပါသည်။

မိန်းကလေး အလုပ်သမများကို နံနက်၃နာရီ ကတည်းက ထ၍ ညနေ၈နာရီထိ ခိုင်းစေပြီး၊ ယောက်ျား အလုပ်သမားများကိုမူ ညဥ့် ၁၀ နာရီအထိ နာရီပေါင်းများစွာ အလုပ်လုပ်ကြရသော်လည်း လုပ်အားခ မပေး သဖြင့် စားသောက်စရာမျှ မရှိကြောင်း အလုပ်သမားများက ပြောသည်။ ထမင်းဟင်း စားသောက်ရန်ပင် အထူးခက်ခဲ လာခဲ့ရသည်ဟု ကရင်အမျိုးသမီး မအေးမိစံက “လုပ်အားခလည်း ထုတ်မပေးတော့ ထမင်းကို ငပိရည်နဲ့ ငရုပ်သီးနဲ့ ပဲစားနေရတော့ ၀မ်းတွေလည်း ပူလှပြီ၊ ပြေးစရာလည်းမရှိ၊ စားစရာလည်း မရှိဘူး။ ကျမတို့ ငွေတောင်းတော့ သူဌေးက သူ့အခန်းကို ခေါ်သွားတယ်လေ၊ ပြီးတော့ သေနတ်ကို ထုတ်ပြတယ်။ ငွေကို ရှင်းမပေးတာ ထွက်ပြေးသွားမှာ စိုးလို့တဲ့၊ ထမင်း မစားရတော့ဘူးဆိုမှ ဘတ်၂၀၀ မျိုး ၃၀၀ မျိုး ပေးပါတယ်။ ကျမတို့ ပင်ပင်ပန်းပန်း လုပ်ပြီး ကြက်ဥတောင် မစားရတဲ့ အနေအထား ၊ တော်တော်ဆိုးပါတယ်။ သေနတ် ပြတော့ ကျမတို့ ကြောက်တာပေါ့နော်၊ ကျမတို့ လုပ်အားခမရပဲ ထွက်ပြေးလာခဲ့တာပါ”ဟု ပြောသည်။

အလုပ်စ၀င်တုန်းက ယောက်ျား အလုပ်သမားများကို တစ်လ ၅၃၀၀ ဘတ်နှင့် မိန်းမအလုပ်သမကို တစ်လ ၄၃၀၀ ဖြင့် လုပ်ကိုင်ခဲ့ကြသည်။ သို့ရာတွင် စနေနေ့များတွင် နံနက် ၃နာ၇ီမှ စ၍ နောက်နေ့ ၄နာရီလောက်ထိ လုပ်ခိုင်းပြီး အချိန်ပို လုပ်အားခ မရရုံမျှမက အလုပ်နားရက် တနင်္ဂနွေနေ့ အတွက် နေ့တွက်ခကိုပါ ဖြတ်သည်ဟု ဆိုသည်။

ထွက်ပြေး လွတ်မြောက်လာသူ အလုပ်သမား ကိုဝေလင်းက “ ကျနော်တို့တွေ ကိုခိုင်းတယ်၊ ထောင်သား တွေလိုပဲ၊ နာရီ ၂၀ လောက်စီ လုပ်ရတယ်၊ ၂ရက်ဆက်တိုက် ခိုင်းတယ်၊ တစ်ရက်နားရတယ်၊ နားတဲ့ အတွက်ဆိုပြီးတော့ ဖြတ်တယ်၊ ဆိုတော့ ကျနော်တို့ လေးထောင်လောက်ပဲရပြီ၊ ဒီကထွက်မယ်ဆိုရင် လူရှာပေး ပြီးမှ ထွက်လို့ ရတယ်၊ အလုပ်ကို မြန်မြန် လုပ်ခိုင်းတယ်၊ ကျနော်တို့ ရေခဲလိုက်ပို့ ရတယ်၊ ကားကို သေသေ ချာချာ ရပ်မပေးခင် ကျနော်တို့ ခုန်ဆင်းရတယ်။ ခုန်တက်ရတယ်။
နဲနဲ နောက်ကျတာနဲ့ ပက်ပက်စက်စက်ဆဲတယ်။ ပြောတာ နားမလည်ရင် သံတုတ်နဲ့ ရိုက်မလို့ ရွယ်တယ်၊ သူ့အခန်းကို ခေါ်ပြီး သေနတ်ကို ပြတယ်။ ထွက်ပြေးရင် ပစ်သတ်မယ်လို့ ပြောတယ်” ဟုပြောပြခဲ့သည်။

အဆိုပါ ရေခဲစက်အလုပ်ရုံတွင် ထွက်ပြေးစရာ အဆက်အသွယ်မရှိသော ၂လသားအရွယ်ကလေး တဦးရှိသူ လင်မယားနှစ်ဦးနှင့် အခြား ရောက်ခါစ လူငယ်နှစ်ဦး ကျနေခဲ့ကြောင်း ထွက်ပြေးလာသူ များက ပြောပြသည်။

အလုပ်သမားများနေထိုင်သော အခန်းနံရံများတွင် ရှေ့ကထွက်သွားသူများက (ဤအလုပ်ရုံတွင် ခေတ္တ နေထိုင် ပြီးနောက် လွတ်မြောက်ရာလမ်းကို အမြဲကြံဆောင်ကြရန်နှင့် လွတ်မြောက်နိုင်မည့် အချိန်အခါကို အမြဲ စောင့်စားပြီး လွတ်မြောက်အောင် ကြိုးစားကြရန်) စာများ ရေးသားထားဟု ထွက်ပြေးလာသူများက ပြောပြကြ သည်။

ယခု ထွက်ပြေးလာသူများမှာ အပြင်တွင် ဘတ်လုပ်ထား သူများဖြစ်ပြီး ကျန်နေခဲ့သူအချို့နှင့် ယခင် ထွက်ပြေး သွားကြသူများမှာ အလုပ်သမားလက်မှတ် ဘတ်လုပ်ခ ပေးခဲ့ကြရသော်လည်း ဘတ်ကို မရရှိသွားကြကြောင်း သိရသည်။

မေး(လ်)ပေးပို့ သော saffrontoward အားကျေးဇူးတင်ပါသည်။။

0 comments: