welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကဲ လိမ်တာပေါ်ပြီ ဒေါက်တာသန်းငြိမ်း ရေ -

Tuesday, June 29, 2010

ထောက်လှမ်းရေး အကြီးအကဲ ဟောင်း အပါအ၀င် ရာထူးမှ ဖယ်ရှား ခံရခြင်းခံခဲ့ရသည့်  စစ်ဗိုလ်ချုပ် ဟောင်းများ ကို နေပြည်တော် တွင် ခေါ်ယူ တွေ့ ဆုံ


" မီဒီယာတစ်ခုတွင် ဒေါက်တာသန်းငြိမ်းသည် ၄င်း ပါတီသစ် ထူရခြင်း နှင့် ရွေးကောက်ပွဲဝင်ရန်သဘောထားမှာ
၎င်း၏ သဘောသာဖြစ်သည် ။ ခင်ညွန့် နှင့် လုံးဝမပတ်သတ်ကြောင်း သက်သေ ပြနိုင်က ပြပါဟု ပြောသွားသဖြင့်ဤ သတင်းနှင့် ဖြစ်စဉ် သည် သန်းငြိမ်း လိမ်ကြောင်း သက်သေ ဖြစ်သည် ။။''


အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကို အဖွဲ့ ဝင် အချို့ ကို ရွေးကောက်ပွဲ ၀င်ရန် စည်းရုံး နိုင်ခဲ့သူ အဖြစ် တစ်ဖန် မြှောက်စားခြင်း ခံနေရသည် ဗိုလ်ချုပ်ကြီး ခင်ညွှန့် 
Photo : AP





၁၉၉၇ ခုနှစ် မှ စ၍ ၂၀၀၅ ခုနှစ် အတွင်း ရာထူးမှ ဖယ် ရှားခံခဲ့ရသည့် ထိပ်တန်း စစ်ဗိုလ်ချုပ် အချို့ အားကာကွယ်ရေး ၀န်ကြီးဌာန ၏ အမိန့် ဖြင့် ဇွန်လ ၂၈ ရက်နေ့ က နေပြည်တော် သို့ ဆင့် ခေါ် ၍ မြန်မာ စစ်ခေါင်းဆောင် နှစ်ဦး က တွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။

၂၀၀၄ ခုနှစ်က အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရသည့်
စစ်ထောက်လှမ်းရေး အကြီး အကဲ နှင့် ၀န်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် လည်း ယခု တွေ့ ဆုံမှု တွင်ပါဝင်သည် ဟု အမည်မဖော်လို သည့် နေပြည်တော်ရှိ အကြီးတန်း အရာရှိ တစ်ဦး က Freedom News Groupသို့ ပြောသည်။

ယခု တွေ့ ဆုံမှု တွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်း ရွှေ နှင့် ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး တို့ ၏အမိန့် ဖြင့် ဆင့် ခေါ် တွေ့ ဆုံသည် ဟု ဆိုသော် လည်း Freedom News Group မှ အတည် ပြု နိုင်ခြင်း မရှိချေ။

ဗိုလ်ချုပ်ကြီး ခင်ညွှန့် အပါအ၀င် ဗိုလ်မှုးချုပ် အေဘယ်(လ)၊ ဗိုလ်ချုပ် ထွန်းကြည် နှင့် ဗိုလ်ချုပ် ကျော်ဘ
တို့ အပါအ၀င် ငါးဦး ထက်မနည်း ကို ခေါ် ယူ တွေ့ ဆုံခဲ့ခြင်း ဖြစ်ပြီး ထိုတွေ့ ဆုံမှု သတင်း အား ကာယကံရှင် များ မှ လွဲ၍ မည်သူမှ မသိရ အောင် သိုသိပ် စွာ လုပ် ဆောင် ခဲ့သည် ဟု ဆိုသည်။

မြန်မာ စစ်တပ် မှ အရာရှိ ဟောင်း တစ်ဦးက ‘လွန်ခဲ့တဲ့ နှစ်လ လောက် ကတည်း ကလည်း ဗိုလ်သန်းရွှေက
ဗိုလ်ခင်ညွှန့် ကို နေပြည်တော် ကို ပြောင်း နေ ဖို့ ပြောထား တာ ကြားတယ်။ အခု တွေ့ တာကတော့ ၂၀၁၀ရွေးကောက်ပွဲ အတွက် ဖြစ်ရင်လည်း ဖြစ်နိုင်တယ် ၊ရွေးကောက်ပွဲ အတွက် ဆိုတာ မှာ အကြံဥာဏ် တောင်းတာမျိုး မဟုတ်ပဲ သတိပေးတာ မျိုး ။ဒါမှ မဟုတ် ဗိုလ်ခင်ညွှန့် ပါတယ် ဆို တော့ လက်ရှိ ညူကလီးယား စတဲ့ လျို့ ဝှက်သတင်း တွေ ပေါက်ကြား နေမယ့်  ထောက် လှမ်း ရေး နဲ့  လုံခြုံရေး ဟာကွက်တွေ ကို ဖာ ထေး ဖို့ုဖြစ် နိုင်တယ် ဟု သုံးသပ် သည်။

ပြီးခဲ့သည့် လ က ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ ညွှန်ကြားချက် ဖြင့် ထောက်လှမ်း ရေး အကြီးအကဲ ဟောင်း
အား ၂၀၁၀ ရွေးကောက်ပွဲ နှင့် နယ်စပ် ဒေသ တိုင်းရင်းသား လက်နက် ကိုင်များ အရေး အား သဘောထား
အမြင် အစီရင် ခံစာ တင် ခိုင်ရန် ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ယခု ရွေးကောက် ပွဲတွင် တတိယ အုပ်
စု သည် အန္တရာယ် ကောင်များ ဖြစ်ကြောင်း(ရွေးကောက်ပွဲ တွင် အတိမ်းအစောင်း ဖြစ်ပါက ချက်ခြင်း အရောင် ပြောင်းမည့်  သူများ ဖြစ်ကြောင်း နှင့်) နယ်စပ် တိုင်ရင်းသား လက်နက် ကိုင် အရေး မှာ ရွေးကောက်ပွဲ မပြီး မချင်းမဆုံးဖြတ်သင့် ဟု ထိုစာ ကို ဖတ်ရှု ခဲ့ရသူ တစ်ဦး က Freedom News Group သို့ ပြောသည်။

တနင်္လာ နေ့ က ရာထူးမှ ဖယ်ရှားခံရသူ များ နှင့် တွေ ဆုံမှု တွင် ၎င်း တို့ မိသားစုများ ပါရှိပြီး ၊ဗိုလ်ချုပ်ကြီး ခင်ညွှန့်  နှင့် အတူ ဒေါက်တာ ဒေါ်ခင်ဝင်း ရွှေ လည်း ပါရှိလာ သည် ဟု သိရသည်။ မြန်မာ စစ်ခေါင်းဆောင်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဒေါက်တာ သန်းငြိမ်း အား ရွေးကောက်ပွဲ ၀င်ရန် စည်းရုံး နိုင်ခဲ့သည့်အတွက် လွန်ခဲ့သည့် သုံးလခန့် မှ စ၍ နေအိမ်အကျယ်ချုပ် ဖြင့် ထားရှိခြင်း အမိန့် ထုတ်ပြန် ထားသော် လည်း၎င်း ၏ သွားလာ မှု အချို့ အား မသိကျိုးကျွံ့ ပြုထားသည်။

နေပြည်တော် မှ လာသည့် သတင်းတစ်ရပ် တွင်မှု ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ဖယ်ရှားစဉ်က ထောင်ဒဏ်ကျခံခဲ့ရသည့်သူ ၏ သား နှစ်ဦး ကို ပြန်လွှတ်ပေးမည် ဟု သတင်းရရှိသည်။ မြန်မာ စစ်ခေါင်းဆောင်သည်
သမ္မတ ဟောင်း ဦးနေ၀င်း ၏ သားမက် နှင့် မြေးများ ကို လည်း ပြန်လွှတ်ပေးရန် အသင့်ရှိနေသည် ဟု ဆိုသည်။မြန်မာ စစ်အစိုးရသည် ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် နှစ်တစ်ဝက် ကျိုးသည်အထိ မည်သည့်နေ့ ရက် တွင် ကျင်းပမည် ဟု သတင်း ထုတ်ပြန် ခြင်း မပြုလုပ်ခြင်း ကြောင့် ရွေးကောက်ပွဲ ၀င်မည့် သူ များ စိတ်အနှောင့်အယှက် ဖြစ်နေရသည် ဟု သိရသည်။

မူရင်း http://freedomnewsgroup.com/

မှတ်ချက် ။ ။ မီဒီယာတစ်ခုတွင် ဒေါက်တာသန်းငြိမ်းသည် ၄င်း ပါတီသစ် ထူရခြင်း နှင့် ရွေးကောက်ပွဲဝင်ရန်သဘောထားမှာ
၎င်း၏ သဘောသာဖြစ်သည် ။ ခင်ညွန့် နှင့် လုံးဝမပတ်သတ်ကြောင်း သက်သေ ပြနိုင်က ပြပါဟု ပြောသွားသဖြင့်
ဤ သတင်းနှင့် ဖြစ်စဉ် သည် သန်းငြိမ်း လိမ်ကြောင်း သက်သေ ဖြစ်သည် ။။

ဆန္ဒမရှိရင် မဲမပေး တာကလည်း ဥပဒေအရ အခွင့်အရေးပဲ

Monday, June 28, 2010



လွတ်လပ်မှု၊ ဖွံ့ဖြိုး တိုးတက်မှု နှင့် လူသားတန်ဖိုး
Freedom, Development, and Human Worth

၁၉၉၄ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်အထိ ကောစတာ ရီကာနိုင်ငံ (Costa Rica) ဆန်ဟိုဆေး မြို့ တွင် ကျင်းပခဲ့သော ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကမ္ဘာ့ ကော်မရှင်၏ အစည်းအဝေးတွင် ရည်မှန်းချက် ပန်းတိုင် ၃ ခုကိုချမှတ်ခဲ့သည်။ တတိယမြောက် ပန်းတိုင်မှာ ယဉ်ကျေးမှု ဆိုင်ရာ ဒိုင်နမစ်သစ်တစ်ခုကို တိုးမြင့်ဆောင်ရွက်ရန်ဖြစ်သည်။ ယင်းအချက်သည် ငြိမ်းချမ်းရေး ယဉ်ကျေးမှု (the culture of peace)နှင့် ဖွံ့ဖြိုးတိုးတက်မှု ယဉ်ကျေးမှု (the culture of development) တို့ဖြစ်သည်။ ကော်မရှင်အနေနဲ့ ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို နိုင်ငံတွင်းမှာ သာမက နိုင်ငံတကာ စံချိန်ဖြင့် မြှင့်တင်လုပ်ဆောင် နိုင်ခဲ့သည်။ ထိုပြင်ကော်မရှင် အနေနဲ့ ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ ဒီမိုကရေစီ ယဉ်ကျေးမှု နှင့် လူ့အခွင့်အရေး ယဉ်ကျေးမှု တို့သည် တခုနှင့်တခု ခွဲခြား၍မရကြောင်း တင်ပြနိုင်ခဲ့သည်။ သူတို့၏ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွတ်မှုသည် ဒီမိုကရေစီ နည်းကျ စီမံခန့်ခွဲမှု နှင့် ယဉ်ကျေးမှုခြင်း အပြန်အလှန် ပဋိပက္ခ ဖြစ်မှုမှကာကွယ်ပေးခြင်းများတွင် အကျိုးရလာဒ်ရှိမည်ဖြစ်သည်။

ငြိမ်းချမ်းရေး ပန်းတိုင် ဟာအမွန်မြတ်ဆုံး စံတစ်ခုဖြစ်သည်။ အဲဒီစံ ကိုမည်သည့် အစိုးရ၊ နိုင်ငံကမှ ဖက်ပြိုင်နိုင်မည် မဟုတ်ပါ။ စစ်ဘီလူး တွေပင် ပြိုင်ဆိုင်နိုင်မည်မဟုတ်ပေ။ ထိုပြင် ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ ဒီမိုကရေစီ ယဉ်ကျေးမှု တို့ရဲ့နီးကပ်စွာ အချင်းချင်း အမှီသဟဲ ပြုနေမှု သဘောကိုလည်း မငြင်းဆန်နိုင်အောင်တွေ့ရမည်ဖြစ်သည်။ သို့ပေမယ့် မသေချာမရေသော ကိစ္စတရပ်လည်း ရှိနေတုန်းပါဘဲ။ အစိုးရတွေက ငြိမ်းချမ်းရေး ယဉ်ကျေးမှုဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေနဲ့ ခွဲခြားမရကြောင်း နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု အတွက် မရှိမဖြစ် ဆိုတဲ့အချက်ကို လက်ခံကျင့်သုံးဖို့ အလှမ်းဝေးနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်ရေးကို တားဆီး ပိတ်ပင်ဖို့ ဖွံ့ဖြိုးတိုးတက်မှု နှင့် ယဉ်ကျေးမှုကို ဥပါယ်တံမျဉ် တစ်ခု (pretexts)လို အသုံးချ နေကြကို အထောက်အထား များစွာနဲ့တွေ့နေရပါတယ်။ အများသိကြတဲ့အတိုင်း တချို့သော အစိုးရတွေဟာ ဒီမိုကရေစီဆိုတာ အနောက်တိုင်းရဲ့ အတွေးစိတ်ကူး (Western concept) တစ်ခုသာဖြစ်ပြီး မိမိတို့ရဲ့ ပင်ကိုယ်စံနှုန်း တန်ဖိုးတွေနဲ့ ခြားနားကြောင်း ဆင်ခြေ ပေးတာတွေ ရှိနေပါတယ်။ အဲဒါဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဟာ ဒီမိုကရေစီကဲ့သို့သော နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေနဲ့ ပဋိပက္ခ ဖြစ်နိုင်ခြင်း၊ ဒုတိယကို ပထမ နေရာပေးရန် လိုအပ်သည်လားကဲ့လို့ ဆိုချင်နေပုံရပါတယ်။ ယခုလို ဆင်ခြေပေးမှုတွေကြောင့်ဘဲ ဖွံ့ဖြိုး တိုးတက်မှု နှင့် ယဉ်ကျေးမှု တွေဟာ သေသေချာချာ စီစစ်စမ်းသပ်ခြင်းကို ခံနေရပြီး၊ မကျင့်သုံးအပ်ဘူး ဆိုပြီးပိုင်းဖြတ် ကြတာ တွေတောင် ရှိလာခဲ့တယ်။ တချို့သော အစိုးရတွေဟာ ဒီမိုကရေစီ အဖွဲ့အစည်း တည်ထောင်ခြင်းများ၊ လူ့အခွင့်အရေးအတွက် ဆောင်ရွတ် လိုသော လူများ၊ နိုးကြားစိတ်များကို တားဆီးချိုးနှိမ် ဖို့အတွက် ရည်ရွယ်ပြီး ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလွဲသုံးစားပြုခြင်းများလည်းရှိသည်။

နိုင်ငံ အများစုရဲ့ ကျေနပ်ဖွယ်မရှိသော ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု (Development) အဓိပါယ် ဖွင့်ဆိုဖို့ လိုအပ်မှု တွေဟာ စီးပွားရေး ပညာရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အတွက် အရေးကြီးသော ကိစ္စတစ်ရပ် (သို့) အလေးထားစရာ တစ်ခုဖြစ်နေခဲ့သည်မှာ ရာစုနှစ်တစ်ခု ကျော်ခဲ့ပြီ ဖြစ်သည်။ ယင်းအဓိပါယ်သစ်က ဖွံ့ဖြိုးတိုးတက်မှု (Development) ဖြစ်ရန် စီးပွားရေး တိုးတက်မှု (Economic growth) သာမက အခြားအချက်တွေပါ ပါဝင်နေတယ် ဆိုနေသည်။

၁၉၈၃ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဖရန်ကွားစ် ပါးရိုး (Francois Perroux) ၏ ဖွံ့ဖြိုးတိုးတက်မှု ၏ အမြင်သစ်တစ်ခု (A New Concept of Development) စာအုပ်တွင် ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်သော အချက်များကိုတင်ပြထားသည်။ သူက ဖွံ့ဖြိုးတိုးတက်မှု သည် ပြဇတ် ဆန်ဆန် အသိစိတ် နိုးကြားမှု ဖြစ်နေခြင်း၊ ကတိတစ်ခု၊ ကိစ္စတရပ် (သို့) မကြွင်းမကျန် ရပ်တည်နေရုံမှသာ ကိုယ်စားပြုနေကြမည် ဟု ဖွင့်ဆိုပြသည်။ ယင်းတွင် အသိဥာဏ် ပညာ အရလည်း မှေးမှိန်သော သိမှုတစ်ခုသာ ဖြစ်နေမည်ဟု ဆိုသည်။ ယင်းစာအုပ် နောက်ပိုင်းတွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု (Personal development) သည် အခြား ဖွံ့ဖြိုး တိုးတက်မှုများ၏ အဓိက အကြောင်းရင်းကြီးများမှ တစ်ခုဖြစ်သည်။ သူ၏ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ယူဆချက်သည် တိုးတက်ရေး၊ စီးပွားရေး နှင့် အခြား အခန်း ကဏ္ဍတွေ အတွက် စီမံကိန်းများတွင် လူသား နှင့် ယဉ်ကျေးမှု တန်ဖိုးများ (Human and Cultural values) သည် ခိုင်မာသော နေရာတွင်ရှိသည်ကို ဖော်ပြနေသည်။

ယူအမ်ဒီပီ (United Nations Development Programme) အနေနဲ့ တိုးပွားခြင်း (Growth) နှင့် ဖွံ့ဖြိုးတိုးတက်မှု (Development) တို့ကြား ခြားနားမှုကို ဖွင့်ဆိုရှင်းပြရန် ၁၉၈၀ နှောင်းပိုင်းကာလ ကတည်းကပင် စတင်နိုင်ခဲ့သည်။ ၁၉၉၀ အစောပိုင်း ကာလ ကတည်း ကပင် UNDP ၏ လူသား ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ (Human Development Report) ကို ပထမဆုံး ထုတ်ပြန်ခဲ့ပြီး လူသား ဖွံ့ဖြိုးတိုးတက်မှု ၏ အသွင်အပြင်ကို အသိအမှတ် ပြုခဲ့သည်။ ၁၉၉၃ အစီရင်ခံစာ၏ အဓိက ဖော်ထုတ်ချက်မှာ လူသား၏ ပါဝင် ဆောင်ရွတ်မှုကို (ကျွန်ုတို့ ခေတ်၏ အဓိက ကိစ္စရပ်) (The central issue of our time) အဖြစ် မြင်ခြင်းဖြစ်သည်။

စီးပွားရေး အလွန် (Beyond Economics)

လူသား ဖွံ့ဖြိုးတိုးတက်မှု ထင်မြင်ယူဆချက်များကို အဓိကအချက်အဖြစ် နိုင်ငံတကာ စီးပွားရေး ပညာရှင်များ၊ စီမံခန့်ခွဲ အုပ်ချုပ်သူတွေရဲ့ အတွေးအခေါ် များတွင် ထည့်သွင်း ယူဆနေစဉ် အတွင်းမှာဘဲ ဈေးကွက်စီးပွားရေး (Market Economy) ကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်ရေး အတွက် အလျှင်မြန်ဆုံး နှင့် အသေချာဆုံး နည်းလမ်း အဖြစ် အစိုးရများက သတ်မှတ်လာကြသည်။ စီးပွားရေး လုပ်ဆောင်မှုများသာ တိုင်းပြည်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာ အားလုံးကို ဖြေရှင်းပေးနိုင်မယ်လို့ တင်မြင် ယူဆ နေကြသည်။ စီးပွားရေး ကိုသာ “dues ex machina” ခေါ် “ လိုလား တောင့်တ နေတဲ့ အာရှသစ် အတွက် တံခါးအားလုံးရဲ့ သော့က လောက်တွေ အတွက် အရေးပါ ဆုံးသော သော့တစ်ချောင်း” အဖြစ်တင်စားခဲ့ကြသည်။ ထိုအပြင် ငြိမ်းချမ်းရေး နှင့် လုံခြုံရေး စိန်ခေါ်မှု၊ လူ့အခွင့်အရေး နှင့် တာဝန်ယူမှု စိန်ခေါ်မှု၊ ဒီမိုကရေစီ နှင့် အုပ်ချုပ်ရေး ဥပဒေ စိန်ခေါ်မှု၊ တရားမျှတရေး နှင့် ပြုပြင်ပြောင်းလဲရေး စိန်ခေါ်မှု၊ ယဉ်ကျေးမှု ပြန်လည်ရှင်သန်ခြင်း နှင့် ပလူရဲလ် လစ်ဆင် (Pluralism) စိန်ခေါ်မှု ကိုအောင်မြင်စွာ ဆုံဆည်းနိုင်ရန် အတွက် “တောင့်တင်း ခိုင်မာသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု” ကိုသာ “မရှိမဖြစ် အရာ” တခုလိုမြင်ခဲ့ကြသည်။

“စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု” သည် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ယဉ်ကျေးမှုပိုင်း ဆိုင်ရာ ပလူရဲလ် လစ်ဆင် (Pluralism) တို့်အတွက် မရှိမဖြစ်ဖြစ်သည် ဆိုသောအမြင် နှင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး တို့၏ ယဉ်ကျေးမှု တစ်ခုသည် “စဉ်ဆက်မပြတ် လူသား ဖွံ့ဖြိုးတိုးတက်မှု” (Sustained human development) အတွက် မရှိမဖြစ်ဖြစ်သည် ဆိုသောအမြင်တို့သည် သီအိုရီဆိုင်ရာ ချဉ်းကပ်မှု အတွက်သာ ခြားနားသည်ဟု အပေါ်ယံထင်ရသည်။ သို့ရာတွင် အနီးကပ် လေ့လာကြည့်မှသာလျှင် သူတို့၏ အခြေခံကျသော အစီအစဉ်ကွဲပြားမှုများကို ဖြစ်စေသော မတူကွဲပြားသော ချဉ်းကပ်မှုတွေကို တွေ့ရသည်။

စီးပွားရေးကို တံခါးအားလုံး၏ သော့ကလောက်များအတွက် အရေးပါဆုံးသော သော့တံတစ်ချောင်း အဖြစ် သဘောထားလိုက်ခြင်းသည် လူချမ်းသာများ သာလျှင် ဆုံးဖြတ်ပေးနိုင်သူများ ဖြစ်သွားသည်။ သူတို့၏ စီးပွားရေး လက်နက်ကိရိယာ သာလျှင် အားလုံးကို ဆုံးဖြတ်နိုင်သည့် သဘောဖြစ်သွားသည်။ ဒီအချက်ဟာ စီးပွားရေး၊ နိုင်ငံရေး နှင့် လူမှုအဖွဲ့အစည်းများက လူသားတို့ အတွက် လုပ်ဆောင်နေသည်ဟု ခံယူထားသော ကမ္ဘာတစ်ခု၏ အမြင်နှင့် ကွဲပြားခြားနားနေသည်။ ယင်းကမ္ဘာတွင် ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု တို့၏ တပေါင်းတစည်းတည်း ဖြစ်မှုသည် လူသားတို့၏ အစွမ်းသတ္တိကို ဖြစ်စေမည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးသည်။

ယင်းကွဲပြားသော အမြင်များသည် လူမှုရေး နှင့် အမျိုးသားရေး စရိုက်ကို ဖြစ်စေသော အမျိုးမျိုးသော အစိတ်အပိုင်းများ အဖြစ်ပိုင်း ဖြတ်ရာတွင် ကွဲပြားခြားနား သွားစေသည်။ ယင်းတွင် ဆင်းရဲမှု၊ တိုးတက်မှု၊ ယဉ်ကျေးမှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေးများ ကို အခြေခံအမြင်များ အဖြစ်သတ်မှတ်ခြင်း တို့ပါဝင်သည်။ ထိုပြင် ယင်းတန်ဖိုး နှင့် အဓိပါယ်များကို မည်သူက ဆုံးဖြတ်ခွင့်ပါဝါ ရှိသည်လည်းပါဝင်သည်။

ယင်းတန်ဖိုးစနစ်တွင် ပါဝါရှိသူ နှင့်ပါဝါမရှိသူကြားတွင် တူညီမည်မဟုတ်ပေ။ လုပ်ပိုင်ခွင့်ရှိသူ (Privileged) နှင့် လုပ်ပိုင်ခွင့်မရှိသူ (Unprivileged) တို့၏ ထင်မြင်ယူဆချက်များ သည်လည်း မတူကွဲပြား သွားမည်ဖြစ်သည်။ ပါဝါ နှင့်လုပ်ပိုင်ခွင့် အရေးကိစ္စတွင် ချမ်းသာသူ (haves) နှင့် ဆင်းရဲသူ (haves-not) ကြားကွဲပြားခြားနားမှုသည် အရည်အတွက်ဆိုင်ရာ ကွဲပြားမှုသာလျှင် မဟုတ်ပေ။ သူတို့၏ စိတ်ပိုင်းဆိုင်ရာ နှင့် အတွေးအခေါ်ပိုင်း ဆိုင်ရာတွင်လည်း အတော်အတန် ကွဲပြားမှုများရှိသည်။ စီးပွားရေး ကိုသာ အလေးပေး သူများ အတွက် ပါဝါ နှင့် လုပ်ပိုင်ခွင့် ပုစ္ဆာကိုသာလျှင် ဇောင်းပေးနေရ၍ မျှမျှတတ ဖြစ်ခဲသည်။ ဆင်းရဲမှု ပြဿနာသည် လူ့သားတို့ အတွက် စီးပွားရေး ချဉ်းကပ်မှု သတ်သတ်တစ်ခုတည်းဖြင့် ပြည့်စုံမည်မဟုတ်ကြောင်း ဖော်ပြနေသည်။ ဆရာဝန်တွေ၊ အဟာရ ပညာရှင်တွေ၊ အခြား သိပံပညာရှင် တွေတောင် ဆုံးရှုံးလစ်ဟာခြင်း (deprivation) ၏ ဓမ္မဓိဌာန်ကျသော အခြေအနေတွေ အကြောင်း ပြောပြနိုင်သည်။

ဆင်းရဲမှုကို တိုက်ဖျက်ခြင်းဟာ ယင်းကဲ့သို့စီးပွားရေးတစ်ခု ကိုသာအလေးထားမှုကို ပြောင်းလဲစေတဲ့ လှုပ်ရှားမှု ဖြစ်စဉ်တစ်ခုကို ဖြစ်စေ လိမ့်မည်။ ပါဝါ နှင့် လုပ်ပိုင်ခွင့်ရသူတွေသာ နေရာရနေသောကြောင့် ဆင်းရဲသားတွေမှာ ပါဝါမဲ့ပြီး အသံမဲ့နေရတယ်။ ပါဝါဆိုသည်မှာ လူမှုဆက်ဆံရေး နယ်ပယ်တစ်ခု အတွင်း လူတစ်ဦးတစ်ယောက်၏ ဆန္ဒကိုတွန်းအားဖြစ်စေသော၊ ဖော်ထုတ်ရဲသော ဖြစ်နိုင်စွမ်းရည် (possibility) တစ်ခုဖြစ်သည်။ ဆင်းရဲသားတွေမှာ တွန်းအားပေးခြင်း၊ အတင်းအကြပ် စေခိုင်းနိုင်ခြင်း၊ သြဇာ လွမ်းမိုးနိုင်ခြင်း စသော စွမ်းရည်သတ္တိများမရှိနိုင်ကြပေ။

အဲဒါဟာ ဘာကိုဖော်ပြနေသလဲ ဆိုတော့ ဆင်းရဲသားတွေ အတွက် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ထောက်ပံ့ခြင်းသည် မလုံလောက်ကြောင်း ဖော်ပြနေသည်။ သူတို့ကို လုံလောက်တဲ့ ပံ့ပိုးတွန်းအားပေးမှု တွေလုပ်ပေးရမယ်။ အကြင်နာမဲ့တဲ့ ကမ္ဘာကြီးမှာ ငါတို့ဟာ အစွမ်းမရှိတဲ့ သူတွေ၊ အကူအညီမဲ့သူ တွေလို့ ထင်နေတဲ့ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ ကိုပြောင်းလဲပေးရပါမယ်။

လုပ်ပိုင်ခွင့်ပေးခြင်း (empowerment) ဟာ ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံး အတွက် အဓိက ကျပါတယ်။ အဲဒါဟာ နိုင်ငံ (သို့) လူမှုအသုံးအဝိုင်း အပေါ် တွန်းအားပေးနိုင်သည့် စွမ်းရည် မည်သူ့တွင်ရှိသည်၊ ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်အောက်တွင် လက်တွေ့ကျသော လုပ်ဆောင်မှုများ ကိုဆုံးဖြတ်ပေးနိုင်မည့်သူ ကိုဆုံးဖြတ်ပေးသည်။ တပါတီအာဏာရှင် (totalitarian) စနစ် ပီပြင်လေလေ လုပ်ပိုင်ခွင့်အာဏာများဟာ အုပ်စိုးသူအီလစ် (ruling elite) တို့၏ လက်ထဲတွင်ရှိလေ ဖြစ်ပြီး ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကျဉ်းမြောင်းသော ရည်ရွယ်ချက်တွေနဲ့ လုပ်လေဖြစ်သည်။ ယဉ်ကျေးမှု ကိုလည်း “ခေတ်အမှီဆုံး” (the most recent)၊ “အဆင့်အမြင့်ဆုံးသော ဖွံ့ဖြိုးတိုးတက်မှု (သို့) ဘဝရဲ့ ရှင်သန်မှု နှင့် လုံခြုံမှု ကိုတိုးမြှင့်ခြင်း အဖြစ် သတ်မှတ် ခဲ့ကြသည်။

ယဉ်ကျေးမှု အပေါ် အဓိပါယ် ဖွင့်ဆိုချက်သည် နက်နဲ ကျယ်ပြန့်သည်။ ပျော့ပြောင်းမှု (flexible) နှင့် အတင်းအကြပ် မဆန်သော အရည်အချင်းများ (noncompulsive qualities) ကိုအလေးထားသည်။ စိတ်ဝင်စားမှု ကျဉ်းလာလေလေ ဌင်း သည်လည်း မလှုပ်မရှား (Static) နှင့် တင်းတင်းမာမာ (rigid) ဖြစ်လာမည်။ ထိုပြင် အတင်းအကြပ်ဆန်သော အသွင်ဆောင်လာမည်။ “အမျိုးသား ယဉ်ကျေးမှု” (national culture) သည်လည်း အသေးစိတ် ရွေးချယ်ထားသော သမိုင်းဆိုင်ရာ အဖြစ်အပျက်များ နှင့် အဓိပါယ်လွဲမှားနေသော လူမှုတန်ဖိုး တို့၏ အမြင်ရိုင်းသော အပင်ဆက် (graft) တစ်ခုလိုဖြစ်သွားနိုင်သည်။ တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးတိုးတက်မှုသည်လည်း စီးပွားရေးတိုးတက်မှု၏ ဟောင်းနွမ်းသော အမြင်တစ်ခုလို ဖြစ်သွားမည်။ စာရင်းဇယား ကိန်းဂဏာန်းများကိုလည်း ရုံးပိုင်းဆိုင်ရာ လူပ်ဆောင်မှု၏ အောင်မြင်မှုများကို သက်သေပြဖို့ ရွတ်ပြပါလိမ့်အုံးမည်။

အာဏာပိုင်အစိုးရအများစုဟာ ခေတ်မီဖွံ့ဖြိုးမှုရှေ့မျက်နှာပြင်မှာတော့ ပေါ်လွင်ဆိုတဲ့ဆန္ဒတော့ရှိကြပါတယ်။ ဒါ ပေမယ့် စစ်မှန်တဲ့ ပြောင်းလဲမှုလုပ်ဆောင်ရမှာကိုတော့ တွန့်ဆုတ်နေကြတယ်။ အဲ့လို အစိုးရမျိုးတွေဟာ ခေတ် နဲ့အမီ လိုက်နိုင်ဖို့ သူတို့အနေနဲ့ နိုင်ငံရေးစနစ်တစ်ခု ဆီရောက်နိုင်မယ့် အမျိုးသားစရိုက် (သို့) ပြည်တွင်းဖြစ် စံပြ လမ်းစဉ်တစ်ခုကို ဖော်ဆောင်နေတယ်လို့လည်း ဖော်ပြတတ်ပါသေးတယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ပြီးပြီးချင်း ဆယ် စုနှစ်များအတွင်းမှာဘဲ ဆိုရှယ်လစ်ဝါဒ (Socialism) ဟာ လူကြိုက် များလာခဲ့တယ်။ ဒါပေမယ့် ၁၉၈၀ နှောင်း ပိုင်းကာလတွေကစပြီး ဒီမိုကရေစီဝါဒ (Democracy) ဟာ အခြေခိုင်မာလာခဲ့တယ်။ အမျိုးသားရေး (သို့) တိုင်းရင်းဖြစ်လမ်းစဉ်ဟာ ဆိုရှယ်လစ်ဇင်လား … ဒီမိုကရေစီလား … ဆိုတဲ့ အာရုံစိုက်မှုဟာ လုပ်ငန်းစဉ် (Process) နှင့် ပန်းတိုင် (Goal) နှစ်ခုစလုံးအနေနဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဆက်လက်ဖြစ်ခြင်း သက်ရောက်မှုများရှိနေ သည်။ အပြန်အလှန်အားဖြင့် ဓလေ့ ထုံးစံ အားဖြင့်သော် လည်းကောင်း၊ လုပ်ငန်းစဉ်ပိုင်းအရသော်လည်းကောင်း၊ သီးခြားအသုံးအနှုန်းများအနေနဲ့ ဒီမိုကရေစီ (သို့) ဆိုရှယ်လစ် ၀ါဒ တစ်ခုခုကို မဖြစ်မနေ အဓိပ္ပါယ်ဖွင့်ဆိုကြ သည်။ အဲ့ဒါဟာ ဝေဖန်ဆုံးဖြတ်ပေးနိုင်သူ (Arbiter) နှင့် အဓိပ္ပါယ် ဖွင့်ဆို ပေးနိုင်သူ (Interpreter) ကဲ့သို့ လို အပ်သောနေရာများအတွက် နိုင်ငံရေးအီလစ်များ ဖြစ်တည် ပေါ်ပေါက်ရေးကို ဖြစ်စေသည်။ ထိုသူများဟာ ယဉ် ကျေးမှုပိုင်းဆိုင်ရာကိုထိန်းသိမ်းစောင့်ရှောက်ရန်၊ ဆောင်ရန် ရှောင်ရန် (Do or Do Not) တွေကို လုပ်ဆောင် သည်။

လူ့အခွင့်အရေးကို အခြေပြုတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး တွေဟာ ယဉ်ကျေးမှု ခိုင်မာမှု၊ လူမှုရေး တည်ငြိမ်မှု နှင့် အမျိုးသား လုံခြုံရေး ဆိုတဲ့ နာမည်တွေ နဲ့တပ်ပြီး အာဏာပိုင်အစိုးရတွေရဲ့ တားဆီး ပိတ်ပင်ခြင်းကို ခံနေရပါတယ်။ အနောက်တိုင်း လူမှု အသိုင်းအ၀ိုင်းရဲ့ အဆိုးဝါးဆုံး နိုင်ငံတွေမှာဆို ဒီမိုကရေစီကို အထိန်းအကွပ်မဲ့သော လွတ်လပ်ခြင်း၊ ကိုယ်ကျိုးကြည့် တစ်ကိုယ်ကောင်း ၀ါဒတို့ရဲ့ ဘိုးဘေး ဘီဘင်ကြီး (Progenitor) အဖြစ် ထင်ယောင်မြင် ယောင်လုပ်ပြီး တဖြည်းဖြည်း အယုံသွင်းလာတာတွေရှိတယ်။ ဒီမိုကရေစီတန်ဖိုး (Democratic Values) တွေနဲ့ လူ့အခွင့်အရေး တွေဟာ အမျိုးသား ယဉ်ကျေးမှုတွေကို ဆန့်ကျင် နေတယ်လို့ ခိုင်လုံတဲ့ အထောက်အထားတွေ မရှိဘဲ စွပ်စွဲတာတွေလည်း ရှိတယ်။ ဒါကြောင့်မို့ တကယ် အကျိုးရှိအောင် လိုအပ်သလို ပြုပြင် ယူရမယ်လို့ ဆိုတာတွေလည်းရှိတယ်။ ဒီမိုကရေစီနဲ့ မသင့်တော်သေးဘူးလို့လည်း လူတွေကို ပြောကြတာတွေ ရှိတယ်။ ဒါကြောင့် လည်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်ဖို့ အချိန်တွေက အများကြီးပေးနေရတယ်။

ဒီလို ထင်မြင်ယူဆချက်တွေကို ချေပမှုရဲ့ ပထမပုံစံကတော့ အမေရိကန် (USA) ဟာ ဒီမိုကရေစီယဉ်ကျေးမှုရဲ့ အကောင်းဆုံး နမူနာတစ်ခုပါဘဲ။ အမေရိကန်နိုင်ငံဟာ အခြားယဉ်ကျေးမှုများကို ကိုယ်စားပြုနေတဲ့အပြင် ဒီမိုက ရေစီယဉ်ကျေးမှုရဲ့အရေးအပါဆုံး ကိုယ်စား လှယ်တော်ကြီး လိုဖြစ်ပါတယ်။ ဒါတောင် အချို့တွေက ဒီအချက် တွေကိုကျော်ပြီး အမေရိကန်ယဉ်ကျေးမှုကို ဣနြေ္ဒမဲ့ အရှုပ်ထုတ်ကြီးလို့ မြင်စေချင် ကြပါသေးတယ်။ အဲ့ဒီမှာဆိုရင် I-Want-It-All ဖောက်သည်ယဉ်ကျေးမှု၊ မီဂါစီးတီးယဉ်ကျေးမှု (Megacity Culture)၊ စူပါပါဝါယဉ်ကျေးမှု၊ နယ်ခြားစီးခြား ယဉ်ကျေးမှု (Frontier Culture)၊ ကူးပြောင်းလာသူယဉ်ကျေးမှု (Immigrant Culture) တို့ပါဝင် သည်။ ထို့ပြင် ခိုင်မာသော မီဒီယာ ယဉ်ကျေးမှု (Media Culture) လည်းဘဲရှိသေးသည်။ ယင်း မီဒီယာ ယဉ် ကျေးမှုသည် အမေရိကန်လူ့အဖွဲ့အစည်း၏ များမြောင်လှသော ပြဿနာ ပေါင်းများစွာကို ဖြစ်ပေါ်စေသည်ဟု လည်းဆိုကြသည်။ ထို့ပြင် လမ်းမပေါ်အကြမ်းဖက်မှု၊ မူးယစ်ဆေးအလွဲသုံးစားပြုမူ မှသည် လက်ထပ်ထိမ်းမြား ခြင်းဆိုင်ရာအခက်အခဲများအထိ ရှိသည်ဟု ဆိုကြသေးသည်။

အမေရိကန်လူ့အဖွဲ့အစည်း ဆိုးရွားမှုများကို ဒီမိုကရေစီအမွေအနှစ် (Democratic Legacy) ဖြင့် ခြေရာကောက် ၍ မရနိုင်ပေ။ သို့သော် ခေတ်မီရုပ်ဝါဒ များ၏ တောင်းဆိုချက်များနဲ့တော့ ခြေရာကောက်နိုင်သည်။ ဒီလိုမျိုးဆိုး ရွားမှုတွေကို အခြား ဖွံ့ဖြိုးပြီး နိုင်ငံကြီး များတွေလည်း အဆင့် အလိုက် ကွဲပြားခြားနားစွာတွေ့နေရသည်။ ဆိုးရွားသော တစ်ကိုယ်တည်း လွတ်လပ်စွာ ယုံကြည်ခွင့် ၀ါဒ (Gross Individualism) နှင့် လည်ပင်းဖြတ် ကိုယ်ကျင့် တရားဝါဒ (Cut-Throat Morality) များဟာ နိုင်ငံရေးနှင့်အသိပညာပိုင်းဆိုင်ရာ လွတ်လပ်ခွင့်တွေ နှိပ်ကွပ် ခံနေရပြီး တဖက်မှာလည်း ဂုဏ်သိက္ခာနှင့် တိုးတက်ရေးကို တိုင်းတာနိုင်မယ့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အောင်မြင်မှု တွေရဖို့ ထိတ်လန့်စရာကောင်းသော စီးပွားရေးပြိုင်ဆိုင်မှုများ ဖြစ်ပေါ်သောအချိန်ကာလတွင် ပေါ်ပေါက်လာခဲ့ကြသည်။ အကျိုးဆက်အားဖြင့် ယဉ်ကျေးမှု နှင့် လူ့တန်ဖိုးများဘေးရောက်ပြီး ငွေတန်ဖိုးကြီးစိုးသော လူ့အဖွဲ့ အစည်းတစ်ရပ် ဖြစ်လာသည်။ အလုံးစုံပြီး ပြည့်စုံတဲ့နိုင်ငံရေး (သို့) လူမှုရေးစနစ်ဆိုတာမရှိပါဘူး။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများဟာ အနောက်တိုင်း မဟုတ်သော ယဉ်ကျေးမှုများကို ဆန့်ကျင်နေသည်ဟု ပြောဆိုနေချိန်မှာဘဲ ယင်းယဉ်ကျေးမှုများကို ကျောက်ဆစ်ရုပ်တစ်ခု (Monolithic) တစ်ခုလို ကျဉ်းမြောင်းစွာ အဓိပ္ပါယ်သတ်မှတ်ခြင်း၊ သဘောထားခြင်းများ ပြုနေကြသည်။ တကယ်တော့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို မြှင့်တင်လိုသော တန်ဖိုးများကို များပြားလှသော ယဉ်ကျေးမှုများတွင် တွေ့နေရသည်။ ကမ္ဘာပေါ်ရှိ လူသားများ သည် သူတို့ရဲ့ ပြည့်ဝတဲ့ အလားအလာတွေ အမှန်တကယ် ဖြစ်စေဖို့ လွတ်လပ်ခြင်း နဲ့ လုံခြုံရေးကို လိုအပ်နေ ကြပါတယ်။

လွတ်လပ်ခွင့်ကို မဖျက်ဆီးဘဲ လုံခြုံရေးကို ဖန်တီးပေးနိုင်သော အစိုးရတစ်ခုပုံစံတစ်ခုလို လိုလားချက်တွေဟာ အလှမ်းအလွန် ကွာဝေးနေသည်။ အရှေ့တိုင်းကော၊ အနောက်တိုင်း နှစ်ခုစလုံးရဲ့ ယဉ်ကျေးမှုအားလုံးထဲမှာ အာဏာရှင်စနစ် (dictatorship)နှင့် ကြမ်းတမ်းသောအစိုးရ (strong governments)ကို လိုလားနှစ်သက်သလို ထောက်ခံပေးနေခြင်းကိုတွေ့နေရပါတယ်။ ကြီးစိုးလိုသော ဆန္ဒ နှင့် အင်အားကြီးမှုကို မြှင့်မြှောက် လိုသော စိတ်တိမ်းညွတ်ခြင်းသည် လူအများ၏ ထူးခြားတဲ့အချက် ဖြစ်ပြီး ဒီစိတ်ဟာလည်း လုံခြုံရေးအတွက် ဆန္ဒတစ်ခုမှ ပေါ်ပေါက်လာသည်။ နိုင်ငံတစ်ခုဟာ လုံခြုံရေး နှင့် လွတ်လပ်ခြင်း၏ ကာကွယ်မှုကိုဖြစ်စေသော စနစ် (System) တစ်ခုကို ရွေးချယ်နိုင်သည်။ ထို့ပြင် နိုင်ငံသည် တစ်ဦး တစ်ယောက်ချင်းစီနှင့် အဖွဲ့အစည်းများကို သူတို့၏ ကိုယ်ပိုင် လွတ်လပ်မှု နှင့် လုံခြုံရေးကို ကာကွယ်နိုင်ရန် လုံလောက်သော အင်အားကို ပေးနိုင်သည့် အဖွဲ့အစည်းများ နှင့် လက်တွေ့ လုပ်ဆောင်မှု များကိုလည်း ရွေးချယ် နိုင်သည်။ ဒီရွေးချယ်မှုများကသာလျှင် အဲ့ဒီ တိုင်းပြည်သည် ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အတွက် မည်မျှ ပေါက်ရောက် သွားမည်ကို ဆုံးဖြတ်သည်။

အဓိပ္ပါယ် ပြည့်ဝသော ဖွံ့ဖြိုးတိုးတက်မှု အတွက် ကြိုးပမ်းဆောင်ရွက် အားထုတ်နေသော တတိယကမ္ဘာမှ နိုင်ငံ များသည် လူမျိုးစု အမျိုးမျိုး ပါသော လူ့အဖွဲ့အစည်း (Multiracial Societies) များဖြစ်ကြသည်။ ယင်းနိုင်ငံများ တွင် ချယ်လှယ်နေသော လူမျိုးစုကြီး တစ်ခုရှိသည်။ တခါတရံ အုပ်စုငယ်များ မြောက်မြားစွာလည်း ရှိတတ်သည်။ ဆင်းရဲခြင်းဟာ အခြေခံစီးပွားရေးလိုအပ်ချက်တွေနဲ့ ကျေနပ်ဖွယ်မကောင်းတော့သလို “ လူနည်းစု ” (Minority) သည်လည်း အရေအတွက်အားဖြင့်မျှသာ သတ်မှတ်၍မရတော့ပေ။ ဥပမာအနေနဲ့ “ မြန်မာ့သမိုင်း မှ လူနည်းစုများကို လေ့လာခြင်း ” စာတမ်းတစ်ခုတွင် တွေ့နိုင်သည်။ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်း စဉ်တွင် မြန်မာနိုင်ငံတွင်း လူနည်းစုများ၏ အထင်အမြင်သည် ပြောင်းလဲခဲ့သည်။ အုပ်စုတစ်ခုက သူ့တို့ကိုယ်သူတို့ နိုင်ငံတစ်ခု အဖြစ် သတ်မှတ်လိုက်သောအခါ အခြားအုပ်စုများသည် လူ နည်းစုများ ဖြစ်သွားသည်။ ထို့ကြောင့် မိရိုးဖလာ မြန်မာနိုင်ငံတွင် လူနည်းစုများ ရှိနေခဲ့ပြီး ပါဝါအီလစ် (Power Elite) များနှင့် နီးစပ်သောသူများက သူတို့ကိုယ်သူတို့ အထက်တန်းကျသူများအဖြစ် တွေးထင်နေကြပြီး ပါဝါအီ လစ်များနဲ့ အလှမ်းဝေးသူများကို အဆင့်နိမ့်ကျသူ (Inferior) များအဖြစ် တွေးထင်နေကြသည်။ လူများစု တည်ဆောက်ခြင်း အတွက် စံနှုန်းများကို လူမျိုးရေး (Race) သို့မဟုတ် တိုင်းရင်းသားအုပ်စုကို အခြေပြုခဲ့ခြင်း မဟုတ်ပေ။ သို့သော် ပါဝါပိုင်ဆိုင်မှုကို အခြေပြုခြင်းဖြစ်သည်။ ထို့ကြောင့် လူနည်းစုများဟာ ပါဝါအားနည်းသော လူများဖြစ်ကြရသည်။

နောက်တစ်ဖန် ဆင်းရဲခြင်း ကိစ္စနှင့် ပတ်သက်၍လည်း အဲ့ဒါဟာ လုပ်ပိုင်ခွင့်ကိစ္စ တစ်ရပ်လည်းဖြစ်သည်။ အခြေခံ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လိုအပ်ချက်ကြိုတင်ပြင်ဆင်မှုများသည် လူနည်းစုအုပ်စုများနှင့် တိုင်းရင်းသားများ အတွက် သူတို့ဟာ နိုင်ငံတော်၏ စစ်မှန်သော အစိတ်အပိုင်း ဖြစ်ကြောင်း ခံစားမိအောင် လုပ်ရာမှာ မဖူလုံ၊ မလုံလောက်ပေ။ ယင်းကြောင့် သူတို့ကို ယုံကြည်မှု ရှိစေရမည်။ သူတို့ဟာ နိုင်ငံ၏ ကံကြမ္မာကို ပုံဖော်ရာမှာ ပါဝင်နိုင် လောက်အောင် တက်ကြွသော အခန်းကဏ္ဍတွေရှိသည်ဟု ယုံကြည်မှုရှိစေရမည်။ ဆင်းရဲမှုဟာ လူ့အဖွဲ့အစည်းတစ်ခု လုံးကို ဂုဏ်သိက္ခာကျစေပြီး လူနည်းစုတွေ၏ မကျေနပ်ချက်များသည် နိုင်ငံတွင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို အကြီးမားဆုံး ခြိမ်းခြောက်မှုများ ဖြစ်သည်။ အာဏာသည် လူနည်းစုသာပါသော လူတစ်စု ၏ လက်တွင်သာ စုပြုံနေသော တိုင်းနိုင်ငံများတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ခြိမ်းခြောက်မှုများသည် အစဉ်အမြဲဖြစ်ပေါ်နေမည်။

အလွန် လျှင်မြန်သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့်ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှု အစီအစဉ်များ အတွင်း၌သာ အောင်မြင်နိုင်သည်ဟု အာရှသစ်ကော်မရှင် (The Commission for New Asia) မှ ဖော်ပြသည်။ ယင်းတွင် လူမှုတည်ငြိမ်ရေး၊ ပြည်သူ့အစီအစဉ် (Public Order) နှင့် အသိပညာ မြှင့်ပြီး ခိုင်မာသော အစိုးရများရှိကြပြီး လူမှုရေး အဓိကရုဏ်း များနှင့် ကသောင်းကနင်းဖြစ်မှုများမရှိဟု ဆိုထား သည်။

ယင်းဝေဖန် ထောက်ပြချက်များသည် စီးပွားရေး၊ နိုင်ငံရေး နှင့် လူမှုရေးတို့အကြား ပတ်သတ်ဆက်နွယ်မှုများကို မီးမောင်းထိုးပြ လိုက်ခြင်းဖြစ်သည်။ သို့သော် လိုလားတောင့်တဖွယ်ကောင်းသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် ပြည်သူ့အစီအစဉ်များကိုသာ လုပ်ဆောင်ရမည်ဟု အဓိပ္ပါယ်ကောက်သွားနိုင်သည်။ ယင်းအချက်သည် အန္တ ရာယ်တစ်ခုဖြစ်သည်။ ယခုလိုအဓိပ္ပါယ်ကောက်ခြင်း (Interpretation) သည် ငြိမ်းချမ်းရေး နှင့် လုံခြုံရေး အဓိ ပ္ပါယ်ကို လွဲသွားစေသည်။ ခိုင်မာသော အစိုးရနှင့်အာဏာပိုင်များ၏ အရေးယူဆောင်ရွက်မှုများကို ထိန်းညှိရန် အတွက်လည်း ယင်း အဓိပ္ပါယ် ဖွင့်ဆိုချက်ကိုအသုံးချနိုင်သည်။

ပြည်သူအား အခွင့်အရေးပေးအပ်ခြင်း (Empowering the People)

ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ တိုးတက်လာခြင်းသည် လူသားတို့၏ ပျော်ရွင်မှုအတွက် အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး တစ်ခါတစ်ရံ လူသား၏ စိတ်ဝိဥာဉ်ကိုလည်း နာကျင်စေသည်။ ရေရှည်တွင် လူသားတို့ကို ဒုက္ခအကြီးအကျယ်ရောက် စေနိုင်သည်။ ဈေးကွက်စီးပွားရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို လမ်းပွင့်စေပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုကိုသာ လူသားတို့၏ လိုအပ်ချက် တစ်ခုဖြစ်သည်ဟု အသိအမှတ်ပြုသော ဘောင်တစ်ခုထဲအတွင်း၌ လုပ်ဆောင်စေသည်။

ဈေးကွက်များသည် လူသားတို့အပေါ် ၀န်ဆောင်မှုများပေးသင့်သည်။ လူသားတို့က ဈေးကွက်၏ လက်အောက် ခံဖြစ်မနေသင့်ပေဟု ၁၉၉၃ လူသားဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ (The Human Development Report) တွင် ထောက်ပြထားသည်။ ဆက်လက်ပြီး နိုင်ငံတော်နှင့်ဈေးကွက်နှစ်ခု စလုံးကို လူတွေကသာ လမ်းညွှန်မှုပေးသင့်သည်ဟု ဆိုထားသည်။ နိုင်ငံနှင့်ဈေးကွက်သည် တစ်ခုနှင့်တစ်ခုပေါင်းစပ်လုပ်နေရမည်။ ယင်းနှစ်ခုစလုံးကို ထိ ထိရောက်ရောက် ထိန်းချုပ်နိုင်ရန် လုံလောက်သော အခွင့်အရေးကို လူသားတွေကို ပေးအပ်ထားရမည်။

အခွင့်အာဏာပေးခြင်း (Empowerment) သို့တဖန် ပြန်ရောက်သွားသည်။ ယင်းသည် ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ခေါင်းစဉ် အောက်မှာ အကျိုးကျေးဇူး ဘယ်လောက်ကျယ်ကျယ် ပြန့်ပြန့်ဖြစ်သည်ကို ဆုံးဖြတ်ပေးသည်။ အပြန်အလှန်အားဖြင့် စစ်မှန်သော ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုကို လုပ်နိုင်သော ပါဝင်ဆောင်ရွက်နိုင်မှု အတိုင်းအတာကိုလည်း ဆုံးဖြတ်ပေးလိမ့်မည်။ ဒီမိုကရေစီ ကဲ့သို့သော ပြည်သူုကို အခွင့်အရေးပေးအပ်ဖို့ ရည်ရွယ်သော နိုင်ငံရေးစနစ်သည် မရှိမဖြစ် လိုအပ်သည်။ ၎င်းသည် ပြည်သူုအတွက် ပြည်သူုတွေက လုပ်ဆောင်လိုက်သော ပြည်သူ့ ဖွံ့ဖြိုးတိုးတက်မှု (Development of the People for the People by the People) ဖြစ်သည်။

နိုင်ငံတော်အစိုးရတွေဟာ သူ့ပြည်သူတွေ အစိုးရအဖွဲ့မှာ ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် နှင့် သူတို့၏ ဘ၀ကို သက်ရောက်မှုရှိသော ဆုံးဖြတ်ချက် များတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်မည့်နည်းလမ်းသစ်များကို ရှာဖွေပေးရမည်။ အဲ့လိုမလုပ်ရင်ဖြစ်စေ၊ အချိန်မီ မလုပ်ဆောင် နိုင်ရင်ဖြစ်စေ၊ မချုပ်တည်း နိုင်တော့သော ပြည်သူတို့၏ အုံကြွခြင်း ဒီရေဟာ မပျော့ပြောင်းသောစနစ်နှင့်မလွဲမသွေ ထိပ်တိုက် တွေ့ကြ လိမ့်မည် ဖြစ်သည်။ အဲ့ဒါဟာ မင်းမဲ့အခြေအ နေ (Anarchy) နှင့် ကသောင်းကနင်းဖြစ်မှု (Chaos) ဆီ ဦးတည်သွားလိမ့်မည်။ လျှင်မြန်သော ဒီမိုကရေစီဖော် ဆောင်ရေး နှင့် လူမှုအဖွဲ့အစည်းများ (Civil Society) ကို တောင့်တင်းအောင် ဆောင်ရွက်ခြင်း များဟာ အသင့် တော်ဆုံးသော တုန့်ပြန်မှုဖြစ်သည်။

ဒီမိုကရေစီအစိုးရတွေ ပထမဆုံးဖြစ်ထွန်းပေါ်ပေါက်ခဲ့တဲ့ အနောက်နိုင်ငံတွေမှာဆိုရင်လည်း ဒီမိုကရေစီဖြစ်ထွန်း ဖို့ အချိန်ကာလ အတော်ကြာအောင် ကြိုးစားခဲ့ကြရတာဘဲလို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တုန့်ဆိုင်းနေ သော အာဖရိက နှင့် အာရှတိုက် နိုင်ငံများ၏ ဆင်ခြေသည် အခြေအမြစ်မခိုင်လုံပေ။ ဖွံ့ဖြိုးတိုးတက်ရေးဆိုရာမှာ လူတွေနဲ့ လူမှုအဖွဲ့အစည်းတွေအတွက် ကြိုတင် သတ်မှတ်ထားသော အဆင့်များ မရှိကြောင်းကို ကမ္ဘာ့သမိုင်း တွေက သက်သေပြနေသည်။ ထို့အပြင် နောက်ပေါက်နိုင်ငံများ (Latecomers) သည် ရှေးဦးနိုင်ငံများ၏ အတွေ့ အကြုံအများကို အသုံးချနိုင်သည်။ အမှားတွေနှင့်အတားအဆီးများ ရှောင်နိုင်သည်။
“ အမြန်လုပ် အနှေးဖြစ် ” (Making Haste Slowly) သည် တစ်ခါတစ်ရံ တိုးတက်ဖို့လုပ်ရင်းကနေ နောက်ပြန် ရောက်သွားသည့် သဘာဝကို ဆိုသည်။ သို့သော် တိုးတက်နေတဲ့ နိုင်ငံတွေမှာတော့ နှောင့်နှေးခြင်း (Slowly) ကို အလွန်အမင်း အလေးပေးနေခြင်းသည် ဘေးအန္တရာယ် အတွက် ဆေးညွှန်း တစ်ခု (Recipe) လို ဖြစ်သွားနိုင် သည်။

ဒီမိုကရေစီ အစိုးရ ပုံစံကို လက်ခံကျင့်သုံးနေသော နိုင်ငံများ အတွင်းမှာပင် ဒီမိုကရေစီကို ပုံစံအမျိုးမျိုးဖြင့် ကျင့် သုံးနေကြသည်။ အနောက်တိုင်း ဒီမိုကရေစီ (Western Democracy) ပုံစံတစ်မျိုးတည်း ရပ်တည်နေခြင်းမဟုတ် သလို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဆွစ်ဇာလန် ကဲ့သို့ သော လက်တစ်ဆုပ်စာနိုင်ငံများအတွက်သာ ဒီမိုကရေ စီကို ကန့်သတ်ပေးထားတာလည်း မဟုတ်ပေ။ ဒီမိုကရေစီသည် အရှေ့ဥရောပ (Eastern Europe) သို့ ပျံ့နှံ့လာ သည်နှင့်အမျှ အစိုးရ၏ ဒီမိုကရေစီပုံစံများသည်လည်း ကွဲပြားမှု တိုးလာကြသည်။ ဒီမိုကရေစီနိုင်ငံ များတွင် သူတို့၏ ကိုယ်ပိုင် စရိုက်လက္ခဏာများရှိလာကြသည်။ အလားတူစွာဘဲ အာရှဒီမိုကရေစီ (Asian Democracy) သည်လည်း ပုံစံတစ်ခုတည်းမဖြစ်နိုင်ပေ။ နိုင်ငံတစ်ခုချင်း အလိုက် သူတို့၏ လူမှုရေး၊ ယဉ်ကျေးမှု နှင့် စီးပွားရေး လိုအပ်ချက်များနှင့် ကိုက်ညီသော သီးခြားလက္ခဏာတစ်ခုကို ဒီမိုကရေစီစနစ်က ဖြစ်ထွန်း စေလိမ့်မည်။ ယင်းသည် စစ်မှန်သော ဒီမိုကရေစီ အခြေခံလိုအပ်ချက် လည်းဖြစ်သည်။ သို့သော် ပြည်သူတို့သည် သူတို့တိုင်းပြည်၏ အစိုးရထံတွင် အထူးတလည် ပါဝင်နိုင်ရေး အတွက် လုံလောက်သော အခွင့်အာဏာများကို ပြည်သူအားပေးအပ် ထားသင့်သည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (The Universal Declaration of Human Rights) ၏ အပိုဒ် ၃၀ စလုံးသည် ပြည်သူထံအခွင့်အရေးပေးအပ်ဖို့သာ ရည်ရွယ်နေသည်။ ယင်းလူ့အခွင့်အရေးများမရှိလျှင် ဒီမိုကရေစီဓလေ့စရိုက်သည်လည်း အခွံချည်းသာ ဖြစ်ပေလိမ့်မည်။ ထိုအခါ ပြည်သူလူထု၏ ဆန္ဒကို ထင်ဟပ် စေမည်မဟုတ်ပေ။ အာဏာပိုင်များ၏ ကျူးကျော်ဖေါက်ဖျက်မှု ကိုလည်း ခုခံနိုင်မည် မဟုတ်ပေ။

ဒီမိုကရေစီ ဖြစ်စဉ်သည် အကြမ်းမဖက်ဘဲ နိုင်ငံရေးနှင့်လူမှုရေးပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ပေးသည်။ ဒီမိုကရေစီ၏ လွတ်လပ်စွာ ဆွေးနွေးနိုင်ခြင်း နှင့် ငြင်းခုံခြင်းဓလေ့သည် လက်နက်ကိုင်ပဋိပက္ခများ လုပ်စရာမလို ဘဲ မတူကွဲပြားမှုတွေကို ဖြေရှင်းနိုင်စေသည်။ ဒီမိုကရေစီ နှင့်လူ့အခွင့်အရေးယဉ်ကျေးမှုသည် ကွဲပြားခြားနားမှုမ ရှိစေဘဲ ညီညီညွတ်ညွတ်၊ အင်တိုက်အားတိုက် ဆောင်ရွက်လိုစိတ်ကို ဖော်ဆောင်ပေးသည်။ အဲ့ဒါဟာ ငြိမ်းချမ်းရေးယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုယဉ်ကျေးမှုတို့ကို ခွဲခြားထား၍ မရကြောင်း သက်သေ ပြခြင်း ဖြစ်သည်။ ဒီမိုကရေစီ နည်းလမ်းများ မှတဆင့် ပြည်သူလူထုကို အခွင့်အာဏာပေးအပ်ဖို့ ရှာဖွေရမည်။ သို့မှသာ ကုလသမဂ္ဂနှင့် ၎င်း၏အဖွဲ့အစည်းအားလုံးသည် ငြိမ်းချမ်းရေး ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုယဉ်ကျေးမှု မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ကမ္ဘာလုံး ဆိုင်ရာ လူ့အသိုင်းအ၀ိုင်းဆီသို့ (Toward Global Community)

ကျမရဲ့တင်ပြချက်ကို နိဂုံးချုပ်ပါရစေ။ လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးဆိုင်ရာတိုးတက်မှု (Economic Growth) ဖြစ်ရုံနဲ့တင် မပြည့်စုံနိုင်ပါ။ ၎င်း၏ ဗဟိုချက်မှာ အခွင့် အာဏာ ပေးအပ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ အလိုပြည့်ဝမှု (Inner Fulfillment) တို့ဖြစ်သည်။ အမြင် ကျဉ်းမြောင်းသော အီလစ်များ၊ တရားလက် လွတ်ဆန်ဆန်ပြုမှုကျင့်ကြံနေကြသော နိုင်ငံရေးဦဆောင်မှုတွေရှိတဲ့ ကမ္ဘာ့ တစ်ခု ရှိနေသည်။ ယင်းကမ္ဘာတစ်ခုတွင် လူသားနှင့် ယဉ်ကျေးမှုတန်ဖိုးများ အလွန်အရေးပါစေရန် အခွင့်အာဏာပေးအပ်ခြင်း နှင့် စိတ်ပိုင်း ဆိုင်ရာ အလိုပြည့်ဝမှု အချက်များကသာလျှင် ဖော်ဆောင် ပေးသည်။ နိုင်ငံရေး နှင့် လူမှုရေး အသွင်ကူးပြောင်းရေးတွင် ပြည်သူလူထု၏ ပါဝင်ဆောင်ရွက်ခြင်းသည် ကျွန်ုပ်တို့ခေတ်ကာလ၏ အဓိကကျ သော ကိစ္စတစ်ရပ်ဖြစ်သည်။ ထိုမှသာ လွတ်မြောက်ခြင်း (Liberation) သည် ထိန်းချုပ်ခြင်း အထက်က ရှိသော၊ လူသားတန်ဖိုး (Human Worth) သည် အာဏာပါဝါအထက်ကရှိနေသော လူ့အဖွဲ့အစည်းများ တည်ဆောင်နိုင် မည်ဖြစ်သည်။ ဒီပုံစံအရဆိုလျှင် ဖွံ့ဖြိုးတိုးတက်မှု (Development) သည် စစ်မှန်သော လူ့အခွင့်အရေး များရှိသော ဒီမိုကရေစီကိုသာ လိုအပ်နေသည်။

ဒီမိုကရေစီရလျှင် ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် သူ့အလိုလိုတစ်ပေါင်းတစ်စည်းတည်းဖြစ်သွားပြီး ပတ်ဝန်းကျင်တစ်ခုကို ဖန်တီး လိုက်သည်။ ယင်းပတ်ဝန်းကျင်တွင် လူသားအားလုံးသည် တန်ဖိုးရှိကြပြီး လူတစ်ဦး တစ်ယောက်ချင်းစီ၏ တန်ဖိုးကိုလည်း နားလည် သွားစေသည်။ ဆင်းရဲမှုတိုက်ဖျက်ခြင်းသည်လည်း ဖြစ်စဉ်တစ်ခုအဖြစ်ပါဝင်လာသည်။ ယင်းဖြစ်စဉ်သည် ဆင်းရဲသူများနှင့် သူတို့ ကမ္ဘာ၏ လမ်းစဉ်ကို ပြောင်းလဲ စေသည်။ သူတို့ကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာကူညီထောက်ပံ့ပေးရုံနဲ့ မလုံလောက်ပါ။ သူတို့၏ အနာဂါတ်ကို သူတို့ဘာသာ ပုံဖော်နိုင်တဲ့ အသိစိတ်ဓါတ် ရှိသွားစေရမည်။ တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးနေတဲ့အစိုးရများ (Totalitarian) အများစုကတော့ ပြောင်းလဲမှုကို ကြောက်ရွံ့နေမှာဘဲ။ တစ်ပါတီ အာဏာရှင်များအနေနှင့် စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေးကို တုန့်ဆိုင်းနေသည်နှင့်အမျှ သူတို့၏ အပြုသဘော ဆောင်ရွက်ချက်များ သည်ပင်လျှင် အလာဟသ ပျက်ယွင်းသွားနိုင်သည်။ နိုင်ငံ့ ပေါ်လစီ အောင်မြင်ခြင်းသည် ပြည်သူတို့၏ ပါဝင်ဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒ အပေါ်တွင်သာ မူတည်သည်။ ဒီမိုကရေစီတန်ဖိုးနှင့် လူ့အခွင့်အရေး များသည် အမျိုးသားယဉ်ကျေးမှုကို ဆန့် ကျင်နေသည်ဟု ပြောဆိုနေသည်များလည်းရှိသည်။ လူများကလည်း အစိုးရ အတွက် “ မသင့်တော်ပေဘူး ” ဟု ထင်မြင်လာအောင်လုပ်နေသည်များလည်းရှိသည်။ အမှန်တရားနှင့်အလွန်ဝေးကွာနေသော အရာ မရှိပါ။ ယခု ကျမတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ ကမ္ဘာပေါ်ရှိ မတူကွဲပြားနေကြတဲ့ နိုင်ငံများ၊ ပြည်သူများက လူ့တန်ဖိုး၏ အခြေခံ ကျသော အချက် တစ်ခု အပေါ် သဘောတူညီရေးဘဲဖြစ်ပါတယ်။ ယင်းအချက်သည်သာ ကမ္ဘာလုံး ဆိုင်ရာလူ့အသိုင်းအ၀ိုင်း၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အင်အားတစ်ရပ် (A Force) အဖြစ် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

စစ်မှန်သော စီးပွားရေး အသွင်ကူးပြောင်းရေးဆိုသည်မှာလည်း နိုင်ငံတကာငြိမ်းချမ်းရေးနှင့် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုဖြစ်စဉ်များ မှသာဖြစ်လာနိုင်သည်။ လျှင်မြန်သော ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှု အဖွဲ့အစည်းများ အားကောင်းအောင် ဆောင်ရွက်ခြင်း သည်သာ ဖွံ့ဖြိုး တိုးတက်မှု အတွက် မရှိမဖြစ် အရာ (sine qua non) ဖြစ် သည်။ သို့မှသာလျှင် လူသားတွေကို တန်ဖိုးထားသော အနာဂါတ် တစ်ခုကို မြင်တွေ့နိုင်မည် ဖြစ်သည်။ ကုလသမဂ္ဂ (United Nations) နှင့် ၎င်း၏အဖွဲ့အစည်းများသည် ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးဖို့ ဆန္ဒရှိတယ် ဆိုရင် ပြည်သူကို အခွင့်အာဏာ အပ်နှင်းနိုင်သော လှုပ်ရှားမှုများကို အားပေးထောက်ပံ့သွားရမည်ဖြစ်သည်။ ယင်းလှုပ်ရှားမှု များသာလျှင် ဒီမိုကရေစီကို တည်ထောင်နိုင်မှာဖြစ်ပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုယဉ်ကျေးမှုတစ်ခုကို တနေ့သော အခါတွင် မလွဲမသွေ ဖော်ဆောင်နိုင်မည် ဖြစ်သည်။

အောင်ဆန်းစုကြည် သည် ၁၉၉၁ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ ၁၉၈၉ ဇူလိုင်လ မှစ၍ မြန်မာ စစ်အာဏာ ရှင်များ၏ နေအိမ် အကျယ်ချုပ်ချထား ခြင်းကို ခံနေရပြီး ဒီဟောပြောချက် မိန့်ခွန်းကို ၁၉၉၄ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့သော ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကမ္ဘာ့ ကော်မတီရှင် (The World Commission on Culture and Development) အစည်းအဝေး အတွက် “ Empowerment for a Culture of Peace and Democracy ” ခေါင်းစဉ်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ စာရေးသူ၏ မေတ္တာရပ်ခံချက်အရ သူမကိုယ်စား ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန် အကွီနို (Corazon Aquino) က ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

အမေစု မျှော်မှန်းသော ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး မြန်မာနိုင်ငံတွင် အမြန်ဆုံး ပေါ်ပေါက် ပါစေ။

မလေးရှား အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် (Amnesty International) အဖွဲ့ကြီးက ပြုလုပ်ကျင်းပသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့မင်္ဂလာပွဲ တွင် ဖြန့်ဝေရန် မြန်မာဒုက္ခသည်များ အစည်းအရုံး (BRO) မှ ဘာသာပြန်ပေးရန် အကူအညီတောင်း သဖြင့် ကျွန်တော် ဘလော့ခ်ဂါ အလင်းဆက် မှ ကြိုးစားပြီး ဆီလျှော်အောင် ဘာသာပြန် လိုက်ရပါသည်။ ကျွန်တော် အမေအရင်း တစ်ယောက်လို အလွန် လေးစား ချစ်ခင်ရသော ဒေါ်အောင်ဆန်းစုကြည်၏ အလွန် ကောင်းသော သုတေသန စာတမ်းတစ်ခုကို အမေ့ မွေးနေ့ အတွက် အမှတ်အရ ဖော်ပြခွင့်ရ၍ ဝမ်းသာဂုဏ်ယူမိပါတယ်။ အထူးသဖြင့် မိမိအနည်းငယ် နားလည် တတ်မြောက် ထားသော အသိပညာ ဖြင့် နိုင်ငံနှင့် လူမျိုးအတွက် အနည်းငယ် ပါဝင်လုပ်ကိုင်ခွင့်ရလို့လည်း ကျေနပ်ပါမိပါတယ်။ အမေစု အပါအဝင် အမှန်တကယ် ပေးဆပ် နေသူ အားလုံးကို ရင်ထဲကနေ လေးစားဂါရဝပြုလိုက်ပါတယ်။ အမှားအယွင်းရှိပါက ကျွန်တော်၏ ဘာသာပြန် ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ကြောင်း ဝန်ခံပါရစေ။

သူတို့ ကထမိန်ဝတ်ရမဲ့အဆင့်ကိုး

Wednesday, June 23, 2010

လူရွင်တော်တွေတောင် အဲလောက်မျက်နှာပြောင်မတိုက် ဖူးဘူး ။ တောင်ရှည်ဝတ် တဲ့အခါ တောင် ဒီလိုထမိန် အဆင်တွေကို
ဝေးဝေးကရှောင် ကြပါတယ် ။ဘယ်လိုပဲ ကြည့်ကြည့် ပုဆိုး လို့ ကို မြင်လို့ မရတဲ့ ချိတ်ထမိန်ရောင်စုံတွေ နဲ့  ဒီစစ်အုပ်စုဟာ
ယတြာ ပဲခြေခြေ ဓါတ်ပဲဆင်ဆင် မဆင်မခြင် အမျော်အမြင်တွေ နဲ့ ထမိန်ဝတ် မင်းယောင်္ကျားတွေ ပါလား လို့ 


လာအိုဝန်ကြီး ကို ကြိုဆိုနေတဲ့ သိန်းစိန် တို့  လူအုပ်(သို့ ) ထမိန်ဝတ် မင်းယောင်္ကျားများ

ဆုတောင်းတွေ

Monday, June 21, 2010

ကျမကတော့ အန်တီ့အတွက် ဆုတောင်းပေး ချင်တာ အန်တီ သူတော်ကောင်းတွေနဲ့ ပေါင်းဖော်ယှဉ်တွဲ မှီဝဲ ရပါစေ ။


ဦးတင်ဦး (ဒု- ဥက္ကဋ္ဌ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထု တိုင်းရင်းသားအားလုံးတို့ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး အားလုံးအတွက် မီးရှူးတန်ဆောင်အနေနဲ့ ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်လို့ ကျနော်က ဒီလိုပဲသတ်မှတ်ထားတယ်။ ဒီလိုပဲ ဂုဏ်ပြုချင်တယ်။ ဒါတင်မကသေးဘူး၊ နိုင်ငံတကာမှာလည်းပဲ ဒီမိုကရေစီအင်အားစုတွေ လူအဖွဲ့အစည်းအင်အားစုတွေအားလုံးရဲ့ မီးရှူးတန်ဆောင်လို ဖြစ်နေတယ်ဆိုတာကိုလည်းပဲ အသိအမှတ်ပြုခံနေရတဲ့အတွက် ဂုဏ်ယူတယ်ပေါ့။ နိုင်ငံတော်အတွက် ပေါ်ပေါက်လာတဲ့ မြန်မာ့ဂုဏ်ရည်ကိုဆောင်တဲ့ နိုင်ငံရဲ့ မီးရှူးတန်ဆောင်လို့ပဲ ဂုဏ်ပြုချင်ပါတယ်။

ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက်မွေးနေ့ပေါ့ဗျာ။ ဒီမွေးနေ့နဲ့ပတ်သက်ပြီးတော့ တပြည်လုံး တကမ္ဘာလုံးက ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုနေကြတဲ့ နေ့ဖြစ်ပါတယ်။ ဒေါ်စုကလည်း အဲလို ဂုဏ်ပြုခြင်းကို ခံယူထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်က အများကြီးဖြည့်စွက်ပြီးလည်း ပြောစရာမလိုပါဘူး။ ကျနော်ကိုယ်တိုင်လည်း ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြုချင်သူတွေထဲမှာ တဦးအပါအ၀င် ဖြစ်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

အမှန်တိုင်းပြောရရင် ကျနော်က ဒေါ်စုနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီးသိသူမဟုတ်ဘူးခင်ဗျ။ ၁၉၈၈ ခု အရေးတော်ပုံကာလအတွင်းမှာ ကျနော်က စာနယ်ဇင်းသမဂ္ဂခေါင်းဆောင်တဦးနဲ့ ဒေါ်စုကို စတွေ့ပါတယ်။ နောက်ကျ ကျနော်လည်း အကြောင်းကြောင်းကြောင့် အန်အယ်လ်ဒီပါတီ စတင်တည်ထောင်တဲ့အထဲမှာ ပါသွားပါတယ်။ နောက် အန်အယ်လ်ဒီခေါင်းဆောင်တယောက်အနေနဲ့ ဒေါ်စုနဲ့တွဲပြီး နိုင်ငံရေးလုပ်တာ (၈) လ (၉) လလောက်ကြာပါတယ်။ အဲဒါပြီးတော့ ၈၉ ခုနှစ် ဇူလိုင် (၄) ရက်နေ့မှာ ကျနော် ထောင်ထဲရောက်သွားတာ အခု ကျနော်အပြင်ရောက်တဲ့ထိ ဒီနေ့ထိပဲ ဒေါ်စုနဲ့ ကျနော်နဲ့ မတွေ့တော့ဘူးဗျ။ ဒေါ်စုနဲ့ကျနော်နဲ့ မတွေ့တာ ရှေ့လဆို နှစ်ပေါင်း (၂၁) လောက်ဖြစ်သွားပြီဗျ။ ဒါကြောင့် ကျနော်က ဒေါ်စုကို ပုဂ္ဂိုလ်အရ ဘာမှ ထူးထူးခြားခြားကြီး သိပြီး ပြောစရာရှိတဲ့သူ မဟုတ်ပါဘူး။

ကျနော်ပြောချင်တာလေးတခုကတော့ ဒေါ်စုရဲ့ ခေါင်းဆောင်မှုစွမ်းရည်၊ ဒေါ်စုရဲ့ ရဲစွမ်းသတ္တိ၊ ဒေါ်စုရဲ့ ပုဂ္ဂိုလ်ရေးစွမ်းရည် အဲဒီလိုဟာတွေနဲ့ ပတ်သက်လို့တော့ ကျနော် အများပြည်သူများ ခံစားရသလို ကျနော်လည်း ခံစားကြည့်မိပြီးတော့ နားလည်တဲ့လူတယောက်လို့ ကျနော်ပြောလို့ရပါတယ်။ အဲဒီထဲက ထူးထူးခြားခြားလေး ကျနော်ပြောချင်တဲ့အချက်ကို လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်ကျော်လောက်ကနေပြီးတော့ ကျနော်ကဗျာတပုဒ်ရေးဖူးပါတယ်။ အဲဒီကဗျာလေးကို ကျနော် နည်းနည်းရှင်းပြချင်ပါတယ်။ အဲဒီကဗျာက ဘာလည်းဆိုတော့…

“ရဲ … ဇွဲ … ဉာဏ် … စည်း …တာ၊
မကြောက်တရား တေးကဗျာ …
မီးလျှံထဲက ကြာ”

ဆိုပြီးတော့ ကျနော်ရေးပါတယ်။ ထောင်ထဲမှာဆိုတော့ ဒီလို အတိုလေးရေးမှသာ နောက်ပိုင်းလည်း မှတ်မိတယ်၊ တယောက်နဲ့တယောက် ပြောဆိုတာလည်း လွယ်တယ်ဆိုပြီးတော့ တိုတိုလေးပဲ ရေးပါတယ်။ ဒီကဗျာထဲမှာပါတဲ့ အချို့အချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ရည်တွေကို ထည့်သွင်းပြီးတော့ ရေးတာဖြစ်ပါတယ်။

ဒီကဗျာကို နည်းနည်းလေး ရှင်းပြပါရစေ။

“ရဲ” ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ဟာ ရဲရင့်တယ်၊ ရဲစွမ်းသတ္တိရှိတယ်၊ ဒါကို ကျနော်ဆိုလိုခြင်းဖြစ်ပါတယ်။ ရဲ ဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာကျမ်းဂန်များနဲ့အညီ ပြောရမယ်ဆိုရင် ၀ီရိယရှိခြင်းကိုလည်း ရဲ ဆိုတဲ့အထဲမှာ ထည့်ချင်ပါတယ်။ ၀ီရိယရှိခြင်းဆိုတာ ရဲစွမ်းသတ္တိရှိခြင်း၊ နိုးကြားထကြွခြင်းဆိုတာတွေ အကုန်လုံးက အကျုံးဝင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာလုပ်လုပ် အင်မတန်ရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်နိုင်တယ်။ အလားတူ အဲဒီရဲရင့်တဲ့ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အလွန်ကို ကြီးမားတဲ့ လုံလ၀ီရယလည်း ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောက်တခု “ဇွဲ” ဆိုတာကတော့ လူတိုင်းသိနေကြတဲ့ ဇွဲကြီးခြင်း၊ မာန်ကြီးခြင်းပေါ့ဗျာ။ သို့သော် တဘက်ကနေပြောရင် ဇွဲ ဆိုတာ စွဲမြဲခြင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ကတည်းကနေပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီနိုင်ငံတည်ဆောက်မယ်၊ ဒီမိုကရေစီအခွင့်အရေးတွေကို ဖော်ထုတ်မယ်၊ လူ့အခွင့်အရေးတွေကို ကာကွယ်မယ်ဆိုတဲ့၊ ပြည်ထောင်စုသစ်ကြီးကို တည်ဆောက်မယ်၊ တိုင်းရင်းသားတွေနဲ့ သွေးစည်းညီညွတ်ရေး၊ ပြန်လည်ရင်ကြားစေ့ရေး ဆိုတာမျိုးကို ထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်၊ နောက်အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်မယ်ဆိုတဲ့ ဦးတည်ချက်နဲ့ အလုပ်လုပ်လာခဲ့တဲ့ သူရဲ့နိုင်ငံရေးရည်မှန်းချက်တွေကို ဒီနေ့အထိလည်း စွဲစွဲမြဲမြဲ ကိုင်ဆောင်တုန်းပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်ကာလအတွင်းမှာ အကျဉ်းကျခံရတာ (၁၄) နှစ်ကျော်သွားပြီ။ သို့သော် အာဏာရှင်တွေဆီမှာ ဒူးထောက်ခြင်း၊ အညံ့ခံခြင်း၊ အာဏာရှင်တွေရဲ့ မျက်နှာချိုသွေးခြင်း၊ လူရာသွင်းခြင်းကို မခံဘဲနဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် စွဲစွဲမြဲမြဲလုပ်တာကို ချုပ်ပြီးတော့ ကျနော်က “ဇွဲ” ဆိုတဲ့စကားလုံးကို သုံးတာပါ။

နောက် “ဉာဏ်” ဆိုတာကတော့ သိကြတဲ့အတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန်ထူးချွန်တဲ့ အတွေးအခေါ်အယူအဆတွေ၊ ဉာဏ်ပညာတွေ အမြော်အမြင်တွေ ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးတခုတည်းတင် မဟုတ်ပါဘူး။ လူမှုရေးကိစ္စတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ပတ်သက်လို့၊ တိုင်းပြည်ရဲ့စီးပွားရေးနဲ့ ပတ်သက်လို့၊ တိုင်းပြည်ရဲ့ပညာရေးနဲ့ပတ်သက်လို့၊ တိုင်းပြည်ရဲ့စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်လို့ဆိုတဲ့ ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဉာဏ်အမြော်အမြင်ဟာ အလွန်ကြီးမားတယ်လို့ ပြောချင်ပါတယ်။

နောက် “စည်း” ဆိုတာကို ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းကမ်းကြီှးခြင်း၊ စည်းကမ်းသိခြင်း၊ စည်းကမ်းကို လိုက်နာခြင်း၊ စည်းကမ်းကို ညွှန်ပြခြင်းဆိုတဲ့ ပုဂ္ဂိုလ်ထဲမှာ ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။ ၁၉၈၈ သြဂုတ်လ (၂၄) ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံးအကြိမ် ပြည်သူလူထုနဲ့ တိုက်ရိုက်ထိတွေ့ပါတယ်။ အဲဒါက ရန်ကုန်ဆေးရုံကြီးအတွင်းမှာ ထူထောင်ထားတဲ့ စာပေသမဂ္ဂစင်မြင့်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် စကားပြောတာ ဖြစ်ပါတယ်။ အဲဒီမိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီလိုချင်ရင် စည်းကမ်းရှိကြပါ ဆိုတဲ့စကားကို ပြောပါတယ်။ အဲဒါဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီဆိုတဲ့စကားကို အခုမှ ပြောခြင်းမဟုတ်ဘူး။ ဆိုလိုတာက ဒီမိုကရေစီဆိုတာဟာ လိုချင်ရင် စည်းကမ်းပြည့်ဝခြင်းနဲ့သာ တည်ဆောက်လို့ရမယ် ဆိုတာကို ပြောခြင်းဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ရည်ရွယ်သလို တိုင်းပြည်လူထုကို ဖိနှိပ်ချုပ်ချယ်ဖို့၊ စည်းကမ်းနဲ့အကျပ်ကိုင်ဖို့ဆိုတဲ့ အကြံဆိုးတွေနဲ့ ပြောတဲ့စကားမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းကမ်းဆိုတာဟာ လူ့ဘ၀၊ လူ့လောက၊ လူ့အဖွဲ့အစည်း တည်ငြိမ်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ ကိုင်စွဲရှေးရှုတဲ့ စည်းကမ်းဖြစ်ပါတယ်။

နောက်ဆုံးစကားလုံး “တာ” ဆိုတာကတော့ တာဝန်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စည်းကမ်းရှိရုံတင်မကဘူး။ တာဝန်သိတယ်၊ တာဝန်လည်းယူတယ်၊ တာဝန်ကိုခံတယ်။ အခုစစ်အစိုးရဆိုရင် သူက စည်းကမ်းရှိဖို့ပဲပြောတယ်။ လူတွေကို ကြိမ်ဆော်ချင်တဲ့ သဘောထားသာ ရှိပါတယ်။ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ဖို့ စည်းကမ်းတွေချဖို့သာ ရည်ရွယ်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုပြီး ကြွေးကြော်နေတာ။ တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှုဆိုတာတွေကျတော့ ဘာမှမရှိလို့ တိုင်းသူပြည်သားတွေဟာ ဒီနေ့အော်နေရပါတယ်၊ တိုင်းသူပြည်သားတခုလုံးဟာ ငိုမြည်းနေရပါတယ်၊ တိုင်းသူပြည်သားအားလုံးဟာ တုံးအောက်က ဖားလို ပြားပြားဝပ်နေရပါတယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်။
အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ရဲ … ဇွဲ … ဉာဏ် … စည်း …တာ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေး အရည်အချင်း၊ အယူအဆ၊ အတွေးအခေါ်၊ အကျင့်အကြံ အဲဒါတွေသာမကဘဲနဲ့ သူရဲ့ပုဂ္ဂိုလ်ရေး အတွေးအခေါ် အယူအဆ အကျင့်အကြံတွေလည်း အကျုံးဝင်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။

ကျန်တဲ့ ကဗျာထဲမှာပါတဲ့ “မကြောက်တရား တေးကဗျာ” ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း သူက မကြောက်တရားကို ဟောပါတယ်။ လူတွေကို မကြောက်ကြနဲ့၊ လူအချင်းချင်းလည်း မကြောက်ကြနဲ့၊ စနစ်ဆိုးတွေကိုလည်း မကြောက်ကြနဲ့၊ ထောင်လို လူတွေကို ညှဉ်းပန်းချုပ်ချယ်တဲ့ ဖိနှိပ်တဲ့ အရာဝတ္ထုကိုလည်း မကြောက်ကြနဲ့လို့ မကြောက်တရားကို ဟောပါတယ်။
အဲဒီ မကြောက်တရားဟာဆိုရင် ယနေ့ မြန်မာပြည်မှာ ပျံ့လွင့်နေတဲ့ မြန်မာပြည်သူတွေအားလုံး သီကျူးကြမယ့် တေးကဗျာဖြစ်တယ်လို့ ကျနော်တင်စားပြီး ပြောချင်ပါတယ်။

နောက်ဆုံးအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ “မီးလျှံထဲက ကြာ” လို့ ကျနော်ပြောတဲ့အကြောင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ကျော်အတွင်းမှာ (၁၄) နှစ်လောက် ထောင်ထဲမှာ အကျဉ်းကျခံနေရတယ်။ အဲဒီလိုကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ထိလည်း ဒီမိုကရေစီအောင်လံကို လွှင့်ထူမြဲဖြစ်ပါတယ်။ ဒီမိုကရေစီပန်းတိုင်ဆီလည်း ရှေးရှုချီတက်မြဲဖြစ်ပါတယ်။ နောက် ပြည်သူလူထုနဲ့အတူလည်း တသားတည်း နေမြဲနေနေတဲ့ အချိန်ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ စစ်ကျွန်ဘ၀ကို သက်ဆိုးရှည်စေမယ့် စစ်အာဏာရှင်စနစ်ကို တရားဝင်ပြုလုပ်မယ့် ဥပဒေလိုဟာမျိုးကို လူတွေတော်တော်များများဟာ ဆန့်ကျင်ဖို့အတွက် ပျက်ကွက်နေကြတယ်။ နောက်တခါ အဲဒီအခြေခံဥပဒေကို ပေါ်ပေါက်စေမယ့် ရွေးကောက်ပွဲကို ကြိုးစားနေကြတယ်။ အဲဒီရွေးကောက်ပွဲ ၀င်နိုင်အောင် ကိုယ့်ပါတီအဖွဲ့အစည်းကို မှတ်ပုံတင်နေကြတယ်။ ပါတီအဖွဲ့အစည်းအသစ်တွေ ထူထောင်ပြီတော့ မှတ်ပုံတင်နေကြတယ်ဆိုတဲ့ အချိန်အခါမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုမတရားတဲ့ ဥပဒေတွေကို ငြင်းပယ်တယ်ဆိုတာကို အတိအလင်း တိုင်းသိပြည်သိ ကြေညာပြီးဖြစ်ပါတယ်။ နောက်တခုက ရွေးကောက်ပွဲဥပဒေဟာ တရားမျှတခြင်းမရှိဘူး မတရားတဲ့ဥပဒေဖြစ်တယ်။ ဒါကြောင့် ပါတီကို ဘယ်တော့မှ မှတ်ပုံမတင်ဘူးဆိုတဲ့စကားမျိုးတွေ ထုတ်ဖော်ကြေညာပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားဟာ တကယ့်မီးပုံထဲမှာ ကြာပွင့်သလို ပွင့်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ တကယ်တော့ ဒီနေ့တိုင်းပြည်တပြည်လုံးဟာ မီးလျှံထဲမှာ ကျရောက်နေသလို ဖြစ်ပါတယ်။ သို့သော် အဲလို မီးလျှံထဲမှာတော့ တပွင့်သောကြာဟာ ပွင့်နေပါတယ်။ အဲဒါဟာဖြင့် ဒေါ်အောင်ဆန်းစုကြည်ပါပဲလို့ ကျနော်ပြောချင်ပါတယ်။

ဦးဉာဏ်ဝင်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

(၆၅) နှစ်ဆိုတာ မငယ်ပါဘူး။ သို့သော် (၆၅) နှစ်ကာလ ရောက်တဲ့တိုင်အောင် ဇွဲ၊ သတ္တိ၊ ပညာနဲ့ ဦးဆောင်နေတဲ့ ကျနော်တို့ရဲ့ခေါင်းဆောင်ကြီး အသက်ရာကျော်ရှည်ဖို့ ဆုတောင်းလိုက်ပါတယ်။




ဦးအုံးကြိုင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံပြည်သူများရဲ့ လေးစားကြည်ညိုဆုံး အားကိုးဆုံး ခေါင်းဆောင်ဖြစ်ပါတယ်။ အားကိုးလောက်အောင်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုအပေါ်မှာ မေတ္တာစေတနာတွေ ထားပြီးတော့ ပြည်သူလူထုအကျိုးအတွက် အခုထိ အနစ်နာခံပြီးတော့ ဆောင်ရွက်နေတာ တွေ့ရတဲ့အတွက်ကြောင့် ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တည်ရှိမှုဟာ မြန်မာပြည်သူလူထုအတွက် မီးရှူးတန်ဆောင်ကြီးဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် ရာသက်ပန် ကျန်းကျန်းမာမာနဲ့ ဆက်လက် ဆောင်ရွက်နိုင်ပါစေလို့ မွေးနေ့မှာ ကျနော်ဆုတောင်းချင်ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုမှာ တိုင်းရင်းသားပြည်သူတရပ်လုံးဟာ သူ့ဖခင်အမျိုးသားခေါင်းဆောင်ကြီးတုန်းက လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ တညီတညွတ်တည်း တစည်းတလုံးတည်း အတက်ကြွဆုံး ကြိုးပမ်းကြပြီးတော့ ဒီမိုကရေစီအောင်ပန်းကို ကျနော်တို့ ဆွတ်ခူးနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်ကြောင်းလည်း ပြောချင်ပါတယ်။

ဒေါက်တာမေ၀င်းမြင့် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရေးအတွက် နှစ်ပေါင်း (၂၀) ကျော်လုံးလုံး ဘ၀တခုလုံး ပေးဆပ်ထားပြီးတော့ အသက်စွန့်ရန် ၀န်မလေးတဲ့ တကယ့်ခေါင်းဆောင်ဖြစ်တယ်။ ဒါကြောင့် ဒေါ်စုကို ကျမအနေနဲ့ လေးစား ဂုဏ်ပြုပါတယ်။ ၁၉-၆-၂၀၁၀ မှာကျမယ့် ဒေါ်စုမွေးနေ့မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ကျမတို့အဖွဲ့ချုပ် အမျိုးသမီးအားလုံးကိုယ်စား ကျမအနေနဲ့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျမတို့ အဖွဲ့ချုပ်အမျိုးသမီးများအနေနဲ့ ဒေါ်စုရဲ့ဦးဆောင်မှုအောက်မှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လုပ်ဆောင်သွားမယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားပါတယ်။ ကျမတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက်မွေးနေ့မှာ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မဖြူဖြူသင်း (ရန်ကုန်တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့တိုင်းဟာ မွေးနေ့ရှင်မပါဘဲ ကျင်းပခဲ့ရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒါပေမယ့်လည်း ကျမတို့လူထုတွေအားလုံးကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယနေ့တိုင် သူ့ရဲ့စွမ်းဆောင်မှုတွေ၊ သူ့ရဲ့ ခေါင်းဆောင်ပီသမှုတွေ၊ သူ့ရဲ့အနစ်နာခံမှုတွေကို မြန်မာပြည်တွင်းရှိပြည်သူတွေ အားလုံးကရော၊ တကမ္ဘာလုံးကရော မေ့မသွားဘဲနဲ့ နှစ်စဉ်ကျင်းပခဲ့ကြပါတယ်။ အဓိကကတော့ ကျမတို့မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်မှာ ပါဝင်ဆောင်ရွက်မှသာ ဖြစ်နိုင်မယ်လို့ အားလုံးကလည်း ယူဆကြတယ်။ ပြည်တွင်းမှာရှိတဲ့ ကျမတို့ ပြည်သူတွေအားလုံးကရော ဒေါ်အောင်ဆန်းစုကြည်ပါမှသာလျှင် တိုင်းပြည်ပြောင်းလဲမှုတွေအတွက်ကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မကြာမီလွတ်မြောက်လာပြီး ကျမတို့ မြန်မာပြည်သူပြည်သား အားလုံးအတွက်၊ တိုင်းပြည်အတွက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ အမြန်ဆုံး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဦးအေးသာအောင် (အတွင်းရေးမှူး)
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ)

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံရေးမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်လာတာဆိုရင် အနှစ် (၂၀) လည်း ကျော်ခဲ့ပြီ။ အသက်လည်း (၆၅) နှစ် ရှိပြီ။ ဒါပေမယ့် ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရေးအတွက် တကယ့်အရေးပါတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်တဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့် လက်ရှိနအဖ စစ်ခေါင်းဆောင်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုနေတဲ့ အမျိုးသားရေးပြဿနာကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးရေးအရ အမျိုးသားရေးကိစ္စတွေမှာ ဆွေးနွေးဆောင်ရွက်ဖို့ ကိစ္စတွေကို လျစ်လျူရှုပယ်ချနေတာဟာ တကယ်တော့ တိုင်းပြည်အတွက်ရော ပြည်သူတွေအတွက်ရော အင်မတန်မှ နစ်နာတဲ့ စိတ်မကောင်းဖွယ်ရာ ကောင်းတဲ့အချက်တချက်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ နိုင်ငံရေးကိစ္စ နအဖက လျစ်လျူရှုပေမယ့် အခုမဟုတ်ပေမယ့် တနေ့တချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ကိုဖြစ်လာရမယ်လို့ ကျနော်အနေနဲ့ ယုံကြည်ပါတယ်။


သခင်ချန်ထွန်း (၀ါရင့်နိုင်ငံရေးသမားကြီး)

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူပြည်သား တရပ်လုံးက လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့အစိုးရ ဖွဲ့စည်းရေးအတွက် ဒီမိုကရေစီရရှိရေးကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ မိမိခင်ပွန်း သားသမီးတွေကိုပါ မငှဲ့ကွက်ဘဲနဲ့ တိုင်းပြည်အတွက်၊ ပြည်သူလူထု အကျိုးစီးပွားအတွက်၊ ဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးမျိုး အနစ်နာခံပြီးတော့ ဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပြီးတော့ သူလိုလားတောင့်တနေတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

တချို့ တိုင်းရင်းသားတွေ က လက်မခံသေးဖူးဆိုရင် ကျမတို့ က သူတို့ ကို အမြင်ကျယ်လာအောင် လေ့ကျင့် သင်ကြားရပါမယ်

Friday, June 18, 2010

(၁၄)ကြိမ်မြောက်မြန်မာနိုင်ငံအမျိုးသမီးများနေ့  အောင်မြင်စွာကျင်ပခဲ့ခြင်း



ဒီနေရာမှာ ကျောင်းသူ၊ကျောင်း သားတွေရဲ့ အားကျလေးစားစရာ လုပ်ရပ် တွေကိုလဲ ကျမမဖော်ပြပဲမနေနိုင်ပါဘူး။ ဒီ နိုင်ငံတာဝန် လှုပ်ရှားမှုမှာ သူတို့တတွေ အားလုံးသိပ်ပြီး သတ္တိရှိထက်မြက်ကြရုံမကပဲ သဘောထားပြည့်ဝကြပြီး အကြံသစ်ဥာဏ် သစ်များကို လွယ်ကူစွာ နားလည်လက်ခံနိုင် ကြပါတယ်။ သူတို့ရဲ့ စုပေါင်း စီမံခန့်ခွဲမှုတွေ စိတ်အားထက်သန်မှုတွေဟာ သိပ်ကို အံ့သြ ဂုဏ်ယူလေးစားစရာ ဖြစ်ပါတယ်။
သူတို့ဟာ တစ်နေ့ကျရင် တိုင်း ပြည်ရဲ့ ဦးဆောင်တာဝန်တွေကို ပခုံးပြောင်း ယူကြမယ့် သူတွေဆိုတာ စဉ်းစားမိရင်များ စွာနှစ်ထောင်း အားရစရာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ကို သူတို့ရဲ့ လက်ထဲမှာ တနေ့ကျရင် စိတ်ချလက်ချအပ်နိုင် ကြမယ်လို့ ကျမခိုင်ခိုင်မာမာယုံကြည်ပါ တယ်။ ။
ဒေါ်အောင်ဆန်းစုကြည်
















လူထုခေါင်းဆောင်၏မွေးနေ့ သည်မြန်မာနိုင်ငံအမျိုးသမီးများနေ့ ဖြစ်သည်။

Thursday, June 17, 2010

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်ပြည့်မွေးနေ့  နှင့် (၁၄)ကြိမ်မြောက်မြန်မာနိုင်ငံအမျိုးသမီးများနေ့  အား
မြန်မာပြည်နယ်စပ်တစ်နေရာတွင် အောက်ပါ အဖွဲ့ အစည်းများမှစုပေါင်း၍ကျင်းပမည်ဖြစ်သည်။





































ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လွတ်မြောက်နယ်မြေ (အမေရိကန်) မှပေးပို့ သော သ၀ဏ်လွှာ




သူတို့ အာဏာကို နောက်ဆုံးရနိုင်သလောက်ထိ သွေးရူးသွေးတန်း ဖက်တွယ် နေတယ်လို့ပဲ ယူဆရတော့မှာ ဖြစ်ပါတယ်။”

Wednesday, June 16, 2010

အမေစုစာ၊ အမေစု ကဗျာ (အပိုင်း ၉)...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းဆက်ဆောင်းပါးတွေ ဖော်ပြပေးတဲ့ Mainichi ဂျပန်သတင်းစာပါ.. (Biruma Kara No Tegami)(ဗမာပြည်ကလာတဲ့စာ စာအုပ် မျက်နှာဖုံး)

တိုင်းပြည်ရဲ့ အကျိုးထက် ကိုယ့်ဝါဒ ၊ ကိုယ့်ပါတီ၊ ကိုယ်လမ်းစဉ်တို့ကို ဦးစား ပေးမှုကို ကျမကိုယ်တိုင်က ပြင်းထန်စွာ ဆန့်ကျင်ပါတယ်။

နောက်တစ်ခု ကျမကို မေးလေ့ရှိ တာကတော့ ဘယ်လောက် ကြာကြာ မြန်မာ နိုင်ငံမှာနေမှာလဲတဲ့။ ကျမ အရင်ကတည်းက ဒီမှာပဲ တနေ့ကျပြန်အခြေစိုက်ပြီး ပြည်သူ့ စာကြည့်တိုက်တွေ အမြို့ မြိုအနယ်နယ်မှာ ဖွင့်ပြီး စာတော်တဲ့ ကျောင်းသူကျောင်းသားတွေ အတွက် စာသင်ကြေးထောက်ပံ့မှု လုပ် ငန်းတွေလုပ်ဖို့ စိတ်ကူးတွေရှိခဲ့ပါတယ်။ ဒီမို ကရေစီ စနစ်ပြောင်းလဲပြီး ကျမနိုင်ငံရေးထဲ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဒီရည်မှန်း ချက်တွေကိုတော့ အကောင်အထည်ဖော်နိုင် မယ်လို့ မျော်လင့်ပါတယ်။

မှန်တာပြောရရင် အရောင်အသွေးစုံ၊ ၀ါဒစုံတဲ့ နိုင်ငံရေး သမားဟောင်းကြီး အချို့ဟာ ကျမကို ကူညီလုပ်ကိုင်ပေးနေကြပါ တယ်။ ဒါပေမယ့်ကျမဟာ သူတို့ရဲ့ အကူအညီ ကို နားလည်မှုတစ်ချက်အပေါ် တိတိကျကျ မူတည်ပြီးမှ လက်ခံခဲ့တာဖြစ် တယ်။ သူတို့ဟာ ဒီမိုကရေစီ ရရှိရေးအတွက်သာ လုပ်ကိုင်နေ တာဖြစ်ပြီး ကိုယ်ကျိုးရှာလိုမှု၊ အနာဂတ် နိုင်ငံရေးအခြေသာမှုတို့ကို လုံးဝမပါဘူးဆိုတဲ့ နားလည်ခံယူချက်ပဲဖြစ် ပါတယ်။
“ဗမာ့တပ်မတော်ကလည်း အင်မတန်မှအရေးပါတဲ့ အခန်းကဏ္ဍပါ။ ဗမာ့ တပ်မတော်ကိုကျမရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ထူထောင်ခဲ့တာပါ။ တပ်မတော်ဟာ လက်နက်ကိုင် အာဏာရှင်ဖိနှိပ်သူများအဖြစ် ပြောင်းလဲမသွားရန် ဖေဖေက အထပ်ထပ် သတိပေးဖူးပါတယ်။ လူအများစုကတော့ ဗမာ့တပ်မတော်ဟာ အာဏာရူးလူတစုရဲ့ ကြိုးကိုင်အလွဲသုံးစား ပြုလုပ်မှုကိုခံနေရ တယ်လို့ ယူဆနေကြပါတယ်။”

လက်ရှိ အာဏာရအစိုးရ အတင်းအကြပ်စေခိုင်းမှု ကြောင့် ဂုဏ်သိက္ခာညှိုးနွမ်းခဲ့ရလို့ ဗမာ့ တပ်မတော်သား အများပြားဟာလဲ မကျေ မနပ်ဖြစ်နေတာ တနေ့တခြား ထင်ရှားလာပါပြီ။
လောလောဆယ်အားဖြင့် ကျမနဲ့ အနီးကပ် အလုပ်လုပ်တဲ့အဖွဲ့များဟာ နိုင်ငံရေးဝါဒီများလုံးဝမဟုတ်ပဲ အများစုက တော့ လူ့အခွင့်အရေး အပြည့်အ၀ပေးမယ့် ဒီမိုကရစီစနစ်ကိုသာ တောင့်တကြတဲ့ ကျောင်းသားတွေပဲ ဖြစ်ပါတယ်။


တော်လှန်ရေးမုန်တိုင်းအလယ်

မြန်မာနိုင်ငံတ၀န်းမှာ ကြေကွဲ ဖွယ်ရာတွေ၊ စက်ဆုပ်ထိပ်လန့်စရာတွေ၊ ဒေါသအမျက်ထွက်စရာတွေ မယုံနိုင်စဖွယ် ဖြစ်ရပ်တွေ အမျိုးမျိုးဖြစ်ပေါ်နေပါတယ်။ ပြည်သူလူထုက မခံမရပ်နိုင်တော့လွန်းလို့ ရုတ်တရက်တညီတညွှတ်တည်း ပေါ်ထွက်လာရတဲ့ လူ့အခွင့်အရေး အပြည့်အ၀ခံစားလိုမှု တောင်းဆိုချက်ဟာ မုချဧကန်အောင်ပွဲခံရ မယ်ဆိုတဲ့ ယုံကြည်ချက်ကတော့ အမျိုးမျိုး ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို ကျော်လွှား လျက်ရှိပါတယ်။

၂၆ နှစ်လုံးလုံး လွတ်လပ်စွာ တွေးတောကြံဆလုပ်ကိုင်ခွင့်ကို ပိတ်ပင်ခဲ့တာ ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားတို့ရဲ့ ပင်ကို အရည်အချင်းတွေဟာ ဖိနှိပ်မှုခံခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်တွေကို ပြန်ကြည့်ရင် အရေးကြုံလာရင်တော့ ပြည်သူလူထုတရပ် လုံးဟာ သွက်လက်ဖျတ်လတ်စွာ လုပ်ကိုင် ဆုံးဖြတ်နိုင်တာကို အထင်းသားတွေ့မြင် နိုင်ပါတယ်။ အစိုးရယန္တရားလုံးဝရပ်စဲပြီး ရဲ တပ်ဖွဲ့ဝင်များကလည်း လုံခြုံရေးမပေးနိုင် တော့တဲ့အခြေအနေမှာ ရဟန်း၊သံဃာနဲ့ ကျောင်းသားများအဓိက ပါဝင်တဲ့ရပ်ကွက် လုံòခံရေး တပ်ဖွဲ့များက တိုင်းပြည်အနှံ့ ပေါ်ထွက်လာ ကြပါတယ်။ သမဂ္ဂမျိုးစုံ၊ အဖွဲ့ မျိုးစုံဟာ ဒီမိုကရေစီရရှိရေး အတွက် ညီညွှတ်စွာဆောင် ရွက်ကြဖို့ တဖွဲ့နဲ့တဖွဲ့ ကွင်း ဆက်မပြတ် ဆက်သွယ်နိုင်ခဲ့ ပါတယ်။လွတ်လပ်စွာ အစည်း အရုံးတည်ထောင်ခွင့် တားမြစ် ထားတာကို အရင်လကမှ ချိုးဖောက်ပြီး အသီးသီး အဖွဲ့ အစည်းတွေ ဖွဲ့ကြရတဲ့ ပြည်သူ တစ်ရပ်လုံးဟာ (ဒီလောက် အချိန်တိုအတွင်း) ဒီလောက် ညီညွှတ်မှုရှိတာဟာလွန်စွာပဲ အံ့သြ (ဂုဏ်ယူ)ဖွယ် ဖြစ်ပါ တယ်။ အစိုးရအုပ်ချုပ်မှု ပျက်ပြား သွားတာကြောင့် သယ်ယူပို့ဆောင် ဆက်သွယ်ရေး အခက်အခဲများရှိလာပြီး ကုန် ဈေးနှုန်းကြီး မြင့်မှုနဲ့စားနပ်ရိက္ခာရှားပါးမှုတို့ ဖြစ်ပေါ်လာ ပါတယ်။ ဒီကိစ္စတင်မက ဆေးဝါး ရှားပါးမှု ပြဿနာကိုပါ ပြည်သူလူထုက ကိုယ့် ဟာကိုယ် စုပေါင်းဖြေရှင်းနေကြပါတယ်။

ပြည်သူတွေ ဘယ်လောက် စည်းကမ်းသေ၀ပ်ညီညွှတ်မှုရှိတယ်ဆိုတာ နောက် ဆုံးသာဓကပြရရင်တော့ အောင်မြင်လှတဲ့ စက်တင်ဘာ(၈)ရက် လူထုဆန္ဒပြပွဲမှာ လူ တစ်သန်း ကျော်ပါဝင်တာတောင် (အချင်းချင်း)လုံးဝ ပြဿနာမဖြစ်ခဲ့တာကို ထောက်ရှု နိုင်ပါ တယ်။လက်ရှိအစိုးရ ပြန်ကြားရေးက လုယက်မှု၊ မီးကွင်းပစ်နဲ့ အခြားအဖျက်လုပ်ငန်းများကို အသားပေး ဖော်ပြနေပါတယ်။ လက်ရှိအစိုးရရဲ့ အစိတ်အပိုင်းတစ်ခုက ဤဖြစ်ရပ်များကို တမင် ဖန်တီး စတင်စေခဲ့တယ်ဆိုတာလည်း ယခုသိ လာပါပြီ။ ပြည်သူလူထုတရပ်လုံးက ငြိမ်းချမ်း သာယာ ညီညွှတ်မှုကို တတ်အားသရွေ့ စွမ်း ဆောင်နေချိန်မှာ လက်ရှိအစိုးရရဲ့ တစိတ်တပိုင်းက မင်းမဲ့တိုင်းပြည်ဖြစ်အောင် အစွမ်းကုန် တွန်းပို့နေတာဟာ အလွန်ထူးဆန်း ရွံရှာစရာ ဖြစ်ရပ်တခုပါပဲ။ဒီမိုကရေစီကို တောင်းဆိုသူများ အားလုံးက သိက္ခာရှိစွာ ဆင်ခြင်ကြလို့သာ အခြေအနေဒါထက် ပိုဆိုးမသွားတာ ဖြစ်ပါ တယ်။ ဆင်ခြင်တုံတရားရှိသူတွေ ဥာဏ်မမီ လောက်အောင်ပဲ လက်ရှိအစိုးရ အဖွဲ့ဝင် တချို့ ဟာ ခေါင်းမာစွာနဲ့ ပြည်သူ တရပ်လုံးရဲ့ ဆန္ဒကို လွန်ဆန်နေကြပါတယ်။ တိုင်းပြည်မှာ ကစဥ့်ကလျားဖြစ်စေဖို့နဲ့ ရာဇ၀င်မှာ စာမတင်ဖူး လောက်အောင် သူတို့ကို ညီညီညွှတ်ညွှတ် ကန့်ကွက်သူတွေကို နစ်နာဒုက္ခရောက်စေဖို့ ဘဲ အဓိကလုပ်ကိုင် နေပုံရပါတယ်။

“အစိုးရပိုင်းအားလုံးကတော့ ဒီလိုယုတ်မာရက်စက်တဲ့လုပ်ငန်းတွေမှာ ပါဝင်ထောက်ခံနေကြမှာမဟုတ်တာ ထင်ရှားပါတယ်။ ဒီအဖျက် လုပ်ငန်းအစီအစဉ် တွေဟာလည်း အစပိုင်းမှာတင် ပျက်ပြား သွားကြရတာတွေ့ရပါတယ်။ ဒီတော့ လူ အနည်းစုကသာ သူတို့ အာဏာကို နောက်ဆုံးရနိုင်သလောက်ထိ သွေးရူးသွေးတန်း ဖက်တွယ် နေတယ်လို့ပဲ ယူဆရတော့မှာ ဖြစ်ပါတယ်။” ဒီမိုကရေစီ စနစ်ရရှိဖို့ လုပ်ဆောင် နေကြသူတွေက ဘယ်သူတွေလဲလို့ မေးနိုင် စရာ ရှိပါတယ်။ သူတို့ကတော့ မဆလပါတီ လက်အောက်မှာ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွား ရေး ဖိနှိပ်ချုပ်ချယ်မှုတွေကို ခါးစည်းခံခဲ့ကြရ တဲ့ သူများပဲ ဖြစ်ပါတယ်။

မဆလပါတီရဲ့ ရမ်းကားစွာ ဖိနှိပ်မှု၊ စီးပွားရေး(အသိပညာ) ကင်းမဲ့မှုတို့ဟာ ပြည်သူတွေ ညီညွှတ်ထကြွဖို့အတွက် မရည် ရွယ်တဲ့ တွန်းအားကြီးတရပ်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မဆလပါတီကို ယခုထက်ထိ သစ္စာစောင့်နေသေးသူများဟာလည်း အုပ်စိုး သူမဆလပါတီနဲ့ အအုပ်စိုးခံလူထု အကြား ကွာဟမှုကြီးမားပုံ သာဓကတစ်ခုပဲဖြစ်ပါ တယ်။ ဘာလို့လဲဆိုတော့ လူတချို့ဟာ လက်စားချေလိုတဲ့စိတ် ရှိကြပေမယ့် အများစု ကတော့ တရားမျှတသက်ညှာစွာ ထောက် ထားကြမှာ ဖြစ်လို့ပါပဲ။

“ဗမာ့တပ်မတော်ကလည်း အင်မတန်မှအရေးပါတဲ့ အခန်းကဏ္ဍပါ။ ဗမာ့ တပ်မတော်ကိုကျမရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းက ထူထောင်ခဲ့တာပါ။ တပ်မတော်ဟာ လက်နက်ကိုင် အာဏာရှင်ဖိနှိပ်သူများအဖြစ် ပြောင်းလဲမသွားရန် ဖေဖေက အထပ်ထပ် သတိပေးဖူးပါတယ်။ လူအများစုကတော့ ဗမာ့တပ်မတော်ဟာ အာဏာရူးလူတစုရဲ့ ကြိုးကိုင်အလွဲသုံးစား ပြုလုပ်မှုကိုခံနေရ တယ်လို့ ယူဆနေကြပါတယ်။”

ဒီလူနည်းစုရဲ့ ရာထူးအာဏာ ဆက်လက်တည်တံ့ဖို့နဲ့ အခွင့်ထူးတွေ ဆက်လက်ခံစားဖို့ဟာ သူတို့ရဲ့ တပါတီစနစ် ရှင် သန်မှုပေါ်မှာဘဲ တည်နေပါတယ်။ လက်ရှိ အာဏာရအစိုးရ အတင်းအကြပ်စေခိုင်းမှု ကြောင့် ဂုဏ်သိက္ခာညှိုးနွမ်းခဲ့ရလို့ ဗမာ့ တပ်မတော်သား အများပြားဟာလဲ မကျေ မနပ်ဖြစ်နေတာ တနေ့တခြား ထင်ရှားလာပါပြီ။ ဆင်ခြင်တုံတရားရှိသူတိုင်းကတော့ ဗမာ့တပ်မတော်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲသွားမှာကို စိုးရိမ်နေကြပါတယ်။ ပြည်သူ တွေ လိုလားတောင့်တလှတဲ့ နိုင်ငံရေးစနစ်ကို စောစီးအေးချမ်းစွာ ပြောင်းလဲနိုင်မှ ဗမာ့ တပ်မတော်ကလဲ သူ့ရဲ့ စစ်မှန်တဲ့လုပ်ငန်း တာဝန်ကို ဂုဏ်သိက္ခာရှိရှိ ဆက်လက် ထမ်း ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။

ပြည်လုံးကျွတ်ဒီမိုကရေစီ တောင်းဆိုတဲ့လှုပ်ရှားမှုကြီးမှာ ကျမဘယ်လို ပါဝင် လာပါသလဲလို့ လူတော်တော်များများက မေးကြပါတယ်။ ခေတ်သစ်မြန်မာနိုင်ငံရဲ့ ဖခင်လို့ သတ်မှတ်ခြင်းခံခဲ့ရတဲ့ ကျမအဖေရဲ့ သမီးဖြစ်လေတော့ ကျမဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးရေစီးကြောင်းကို အစဉ်တစိုက် ဂရု ပြုခဲ့ပါတယ်။

ငယ်စဉ်ကတည်းက ပြည်ထောင် စု မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲ သမိုင်း နဲ့ လူမှုရေး၊ နိုင်ငံရေးပြောင်းလဲမှုများကို စိတ် ၀င်စားခဲ့ပါတယ်။ ကျမနှစ်နှစ် သမီးအရွယ်မှာ ဖေဖေကွယ်လွန်ခဲ့လို့ ဖေဖေ့ကို ရင်းရင်းနှီးနှီး မသိလိုက်ရပါဘူး။ အလိုလိုက်တဲ့ ၊ ချစ်ကြင်နာ တဲ့ ဖခင်ဖြစ်ပြီး ဖြောင့်မတ်တဲ့ သိက္ခာနဲ့ တိုင်း ပြည်အကျိုးကို အမြဲတမ်း ကိုယ်ကျိုးထက် အလေးထားလိုလားခဲ့တဲ့ လူတယောက်လို့ပဲ နားလည် မှတ်သားခဲ့ပါတယ်။

ကျမလူလားမြောက်ပြီး ဖေဖေ့ ဘ၀နဲ့ လုပ်ဆောင်အောင်မြင်မှုတွေကို သုတေသနပြုတော့မှဘဲ သူ့သက်တမ်း (၃၂) နှစ်အတွင်းမှာ ဘယ်လောက်လုပ်ဆောင် နိုင်ခဲ့တဲ့လူ၊ ဘယ်လိုလူဆိုတာ ကျမပိုပြီး သိနားလည်ခဲ့ရပါတယ်။ အဲ့ဒီအခါမှဘဲ တိုင်း ပြည်သစ္စာစောင့်သိတဲ့ မျိုးချစ်ခေါ်င်းဆောင် တယောက်အနေနဲ့ ဂုဏ်ယူလေးစားခဲ့ရုံမကဘဲ ကိုယ်ပိုင်ခံယူချက် တော်တော်များများမှာ ဖေဖေနဲ့ ကျမ တူညီနေတာ တွေ့ရ လို့ ဖေဖေ့ကို အနီးကပ်ရင်းနှီးစွာ သိရသလိုခံစားမိပါတယ်။ ဖေဖေ့စိတ်နဲ့ နီးစပ်လွန်းလို့ ကျမဟာ ကျမရဲ့ တိုင်းပြည် ကောင်းစားရေးအတွက် လေးနက်စွာ တာဝန်ယူချင်တဲ့စိတ်တွေ ပေါ်ပေါက်ခဲ့ ပါတယ်။

၁၉၆၂ ခုနှစ်၊ ယခုလက်ရှိ အစိုးရ အာဏာသိမ်းလိုက်ချိန်မှာ ကျမဟာ အိန္ဒိယ ပြည်မှာ အထက်တန်း ကျောင်းသူတယောက် ဖြစ်ပါတယ်။ အမေက မြန်မာနိုင်ငံဆိုင်ရာ သံ အမတ်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီအစိုးရနဲ့ ကျမရဲ့ဆက်ဆံရေးဟာ ပြေလည်လှတယ် မဟုတ်ပါဘူး။

အစိုးရပိုင်းလူတချို့ကတော့ ဖေဖေ့ အပေါ်သစ္စာရှိစွာ ချစ်ခင်ကြလွန်းလို့ ကျမတို့မိသားစုကိုလည်း ခင်မင်ရင်းနှီး လေးစားစွာ ဆက်ဆံခဲ့ပါတယ်။ တဘက်မှာတော့ ဖေဖေ့နာမည်ကို တွင်တွင်အသုံးချ ရင်း ဖေဖေချမှတ်ခဲ့တဲ့ တိုင်းပြည်အကျိုးပြုဖို့ အဓိကကျတဲ့ ဆောင်ရွက်ချက်တွေကို လုံးဝ မလိုက်နာခဲ့တဲ့ လူတစုကရှိနေပြန်ပါတယ်။ သူတို့ထဲမှာတော့ ကျမတို့ မိသားစုအပေါ် ၀န်တိုမှုတွေပွားပြီး ကျမတို့ကို အန္တရာယ် တရပ်လို့ မြင်တဲ့လူတွေလည်း ပါနေပါတယ်။

၁၉၇၄ ခုနှစ်က ကျမအိမ်ခဏပြန်လာစဉ်၊ ကျမဟာ အစိုးရကို တန်ပြန်တဲ့ အလုပ်တွေ လုပ်မှာလားလို့ မသိမသာတီးခေါက်မေးမြန်း ခဲ့ပါတယ်။ ကျမက ဒီလိုလုပ်ချင်ရင် နိုင်ငံခြားကနေလှမ်းမလုပ်ဘူး။ နိုင်ငံ ရေးလှုပ်ရှားမှုလုပ်ရင် နိုင်ငံတွင်းမှာနေရင်း လုပ်မှာဘဲလို့ ဖြေခဲ့ပါတယ်။ ကျမနိုင်ငံခြားမှာ နှစ်အတန်ကြာ နေခဲ့လို့လည်း မြန်မာနိုင်ငံရဲ့ ပြဿနာအရပ် ရပ်ကို နိုင်ငံတကာအမြင်နဲ့ ယှဉ်ပြီး မြင်ကွင်းကျယ်ကျယ်နဲ့ သုံးသပ်လေ့လာနိုင်ခဲ့ပါတယ်။

မကြာခဏလည်း အိမ်ပြန်ခဲ့လို့ တိုင်းပြည်အတွင်း ဖြစ်ပေါ် နေသမျကိုလည်း မျက်ခြေမပြတ်ခဲ့ပါဘူး။ မဆလပါတီရဲ့လက်အောက်မှာ တတိုင်းပြည်လုံးအခြေအနေယို ယွင်းလာတယ်ဆိုတာ သိသာ လှပါတယ်။ ဒါပေမဲ့ ကျမအနေနဲ့ အင်တိုက်အားတိုက် ထောက်ခံစရာ အများစုပါဝင်တဲ့ ဆန့်ကျင် လှုပ်ရှားမှုကိုတော့ ပြီးခဲ့တဲ့ ဧပြီလအိမ်ပြန် လာတော့မှဘဲ တွေ့ရပါတယ်။

အဲ့ဒီအချိန်မှာတော့ လူတွေရဲ့ စိတ်သဘောထားတွေ များစွာပြောင်းလဲနေ တာတွေ့ရပြီး အစိုးရကိုဆန့်ကျင်တဲ့ လှုပ်ရှား မှု ဖြစ်ပေါ်ဖို့ အချိန်ဟာ နီးကပ်လာတာ တွေ့ရပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သြဂုတ်လအတွင်းက ရက်ရက်စက်စက် သုတ်သင်သတ်ဖြတ်ပစ်ခဲ့တာကလည်း ဒီလှုပ်ရှားမှု အရှိန်ကို မြင့်မားစေခဲ့ပြီး ပြည်သူလူထုဘက်က ရပ်တည်ဖို့ ကျမကို ဆုံးဖြတ်ချက် ချစေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ချရတဲ့ အကြောင်းအရင်း တစ်ခုကတော့ နောက်ထပ် သွေးထွက် သံယိုမဖြစ် စေချင်တာကြောင့် တကြောင်း၊ နောက်တခုက အဖေ့သမီးအနေ နဲ့ တိုင်းပြည်အပေါ် တာဝန်စောင့်သိရမယ်လို့ ခံယူထားတာကြောင့် တကြောင်းဖြစ်ပါတယ်။

မှန်တာပြောရရင် အရောင်အသွေးစုံ၊ ၀ါဒစုံတဲ့ နိုင်ငံရေး သမားဟောင်းကြီး အချို့ဟာ ကျမကို ကူညီလုပ်ကိုင်ပေးနေကြပါ တယ်။ ဒါပေမယ့်ကျမဟာ သူတို့ရဲ့ အကူအညီ ကို နားလည်မှုတစ်ချက်အပေါ် တိတိကျကျ မူတည်ပြီးမှ လက်ခံခဲ့တာဖြစ် တယ်။ သူတို့ဟာ ဒီမိုကရေစီ ရရှိရေးအတွက်သာ လုပ်ကိုင်နေ တာဖြစ်ပြီး ကိုယ်ကျိုးရှာလိုမှု၊ အနာဂတ် နိုင်ငံရေးအခြေသာမှုတို့ကို လုံးဝမပါဘူးဆိုတဲ့ နားလည်ခံယူချက်ပဲဖြစ် ပါတယ်။

တိုင်းပြည်ရဲ့ အကျိုးထက် ကိုယ့်ဝါဒ ၊ ကိုယ့်ပါတီ၊ ကိုယ်လမ်းစဉ်တို့ကို ဦးစား ပေးမှုကို ကျမကိုယ်တိုင်က ပြင်းထန်စွာ ဆန့်ကျင်ပါတယ်။ တိုင်းပြည်တိုင်းဟာ မိမိနဲ့ သင့် တော်မယ့် မိမိအခြေအနေနဲ့ ကိုက်ညီမယ့် နိုင်ငံရေး၊ စီးပွားရေး၊စနစ်တွေ တည်ထောင်ရမှာ ဖြစ်ပါတယ်။ လောလောဆယ်အားဖြင့် ကျမနဲ့ အနီးကပ် အလုပ်လုပ်တဲ့အဖွဲ့များဟာ နိုင်ငံရေးဝါဒီများလုံးဝမဟုတ်ပဲ အများစုက တော့ လူ့အခွင့်အရေး အပြည့်အ၀ပေးမယ့် ဒီမိုကရစီစနစ်ကိုသာ တောင့်တကြတဲ့ ကျောင်းသားတွေပဲ ဖြစ်ပါတယ်။

ယခုအချိန်ဟာ ပြည်လုံးကျွတ် ညီညွတ်ရေး ကြိုးစားရမယ့်အချိန်ပါ။ နောင်အခါ နိုင်ငံရေးပါတီတွေထူထောင်နိုင်ဖို့ အတွက် အာဏာ အုတ်မြစ်ချထားရမယ့် အချိန်မဟုတ်ပါဘူး။ ကျမကို နိုင်ငံရေးပါတီ ထူထောင်မှာလားလို့မေးကြတော့ ကျမဒီလိုလုပ်ဖို့ မလိုလား မနှစ်သက်ပါဘူးလို့ ဖြေ တယ်။ ဒါပေမယ့် ကျမတို့လက်ရှိကြိုးပမ်း နေကြတဲ့ ဒီမိုကရေစီစနစ်တည်တံ့ဖို့အတွက် တကယ်ဘဲ လိုအပ်မယ်ဆိုရင်တော့ ကျမ ၀င်မပါချင်တဲ့ နိုင်ငံရေးထဲကို ၀င်ပါရမှာဖြစ် ပါတယ်။

နောက်တစ်ခု ကျမကို မေးလေ့ရှိ တာကတော့ ဘယ်လောက် ကြာကြာ မြန်မာ နိုင်ငံမှာနေမှာလဲတဲ့။ ကျမ အရင်ကတည်းက ဒီမှာပဲ တနေ့ကျပြန်အခြေစိုက်ပြီး ပြည်သူ့ စာကြည့်တိုက်တွေ အမြို့ မြိုအနယ်နယ်မှာ ဖွင့်ပြီး စာတော်တဲ့ ကျောင်းသူကျောင်းသားတွေ အတွက် စာသင်ကြေးထောက်ပံ့မှု လုပ် ငန်းတွေလုပ်ဖို့ စိတ်ကူးတွေရှိခဲ့ပါတယ်။ ဒီမို ကရေစီ စနစ်ပြောင်းလဲပြီး ကျမနိုင်ငံရေးထဲ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဒီရည်မှန်း ချက်တွေကိုတော့ အကောင်အထည်ဖော်နိုင် မယ်လို့ မျော်လင့်ပါတယ်။

နောက် ကျမကို မေးလေ့ရှိကြတဲ့ မေးခွန်းကတော့ ပြည်သူလူထု ရဲ့ ဒီမိုကရေစီ တောင်းဆိုရေး လှုပ်ရှားမှုကြီးဟာ အောင်မြင် ပါ့မလားတဲ့၊ ကျမ ရှင်းရှင်းလင်းလင်း ရဲရဲဝံ့ဝံ့ ဖြေချင်ပါတယ်။ အောင်မြင်မှာပါလို့။ မြန်မာ နိုင်ငံသားတစ်ရပ်လုံးရဲ့ စိတ်သဘောထား လိုအင်ဆန္ဒတွေ နဲ့ ကင်းကွာနေသူ များ ယူဆနေကြသလို လုံးဝမဟုတ်ပဲ ပြည်သူတွေဟာ ဒီမိုကရေစီစနစ်ကို ရယူနိုင်ရုံမက ကောင်းမွန် နိုင်နင်းစွာ အကောင်အထည်ဖော်ပြီး တိုင်းပြည် အကျိုးပြုနိုင်မယ်လို့ ကျမတထစ်ချယုံ ကြည်ပါတယ်။

ဒီနေရာမှာ ကျောင်းသူ၊ကျောင်း သားတွေရဲ့ အားကျလေးစားစရာ လုပ်ရပ် တွေကိုလဲ ကျမမဖော်ပြပဲမနေနိုင်ပါဘူး။ ဒီ နိုင်ငံတာဝန် လှုပ်ရှားမှုမှာ သူတို့တတွေ အားလုံးသိပ်ပြီး သတ္တိရှိထက်မြက်ကြရုံမကပဲ သဘောထားပြည့်ဝကြပြီး အကြံသစ်ဥာဏ် သစ်များကို လွယ်ကူစွာ နားလည်လက်ခံနိုင် ကြပါတယ်။ သူတို့ရဲ့ စုပေါင်း စီမံခန့်ခွဲမှုတွေ စိတ်အားထက်သန်မှုတွေဟာ သိပ်ကို အံ့သြ ဂုဏ်ယူလေးစားစရာ ဖြစ်ပါတယ်။

သူတို့ဟာ တစ်နေ့ကျရင် တိုင်း ပြည်ရဲ့ ဦးဆောင်တာဝန်တွေကို ပခုံးပြောင်း ယူကြမယ့် သူတွေဆိုတာ စဉ်းစားမိရင်များ စွာနှစ်ထောင်း အားရစရာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ကို သူတို့ရဲ့ လက်ထဲမှာ တနေ့ကျရင် စိတ်ချလက်ချအပ်နိုင် ကြမယ်လို့ ကျမခိုင်ခိုင်မာမာယုံကြည်ပါ တယ်။ ။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆောင်းပါး တစ်ခုပါ....



ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ အတွက်
ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက် နှင့် ဘလော့ခ်ဂါ ခမိခဆဲ တို့မှစီစဉ်ပါသည်။*

ကျမဟာ မတရားတဲ့ အမိန့်တွေနဲ့ ပတ်သတ်ပြီး ပြန်လည်မေးခွန်းထုတ်တဲ့ အကျင့်ရအောင် ပြုစုပျိုးထောင်ဖို့

Sunday, June 13, 2010

အမေစုစာ၊ အမေစု ကဗျာ (အပိုင်း ရ)....


ကိုယ်ရဲ့ နာမည်ကိုလည်း လူမသိ၊ ကိုယ်ရဲ့လုပ်ရပ်တွေကိုလည်း ဘယ်သူမှ ဂရုမပြုမိဘဲ စွန့်လွတ် အနစ်နာခံသွားကြတဲ့ သူတွေရဲ့သတ္တိကိုတော့ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။

ကျမဟာ မတရားတဲ့ အမိန့်တွေနဲ့ ပတ်သတ်ပြီး ပြန်လည်မေးခွန်းထုတ်တဲ့ အကျင့်ရအောင် ပြုစုပျိုးထောင်ဖို့ ကြီးမားတဲ့ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြံ့ကြံ့ခံ ရပ်တည်ဖို့ စည်းလုံးညီညွှတ်မှုရှိဖို့လိုတဲ့ အကြောင်းတွေကို ပြောလေ့ရှိ ပါတယ်။ ကျမ ခဏခဏ အပြောဆုံး အကြောင်းအရာ ကတော့ ကျမတစ်ဦး တစ်ယောက်တည်းနဲ့ ဒါမှမဟုတ် အန်န်အယ်လဒီ တစ်ဖွဲ့တည်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရနိုင်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ ဒီလှုပ်ရှားမှုကြီးထဲမှာ ပါဝင်သင့်ပါတယ်။ ဒီမိုကရေစီမှာ အခွင့်အရေး တွေရှိသလို တာဝန်တွေလည်း အများကြီး ရှိပါတယ်။



ကိုယ်ရဲ့ နာမည်ကိုလည်း လူမသိ၊ ကိုယ်ရဲ့လုပ်ရပ်တွေကိုလည်း ဘယ်သူမှ ဂရုမပြုမိဘဲ စွန့်လွတ် အနစ်နာခံသွားကြတဲ့ သူတွေရဲ့သတ္တိကိုတော့ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ လူတွေရဲ့အသိအမှတ် အပြုမခံရပဲ၊ သတင်းလောကရဲ့ သတိထား စောင့်ကြည့်မှု မခံရဘဲနဲ့ ပြသရဲတဲ့ ဒီလိုသတ္တိမျိုးဟာ ကျမတို့ အပေါ်လွှမ်းမိုးနေပြီး လေးစားဂုဏ်ယူတဲ့ စိတ်တွေ ပေါ်ပေါက်လာစေကာ လူသားတွေ ရဲ့ စွမ်းဆောင်နိုင်မှု အရည်အသွေးတွေအပေါ် ယုံကြည်မှုကို ပိုမိုခိုင်မာစေ ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးလက ကျမနေအိမ်မှာ အကျယ်ချုပ် ချခံနေရာကနေ လွတ်လာပြီးတဲ့နောက် ရက်သတ္တတပတ်ပြီး တပတ် ကုန်သွားတာနဲ့အမျှ ဒီလိုသတ္တိမျိုးကို ကျမတွေ့လာခဲ့ပါတယ်။

ကျမတို့ရဲ့ စနေ၊ တနင်္ဂနွေ လူထု ဆွေးနွေးပွဲကို ရဲရဲရင့်ရင့် လာနေကြတဲ့ ကျမတို့ကို ထောက်ခံ အားပေးသူတွေဟာ စစ်မှန်တဲ့ အင်းအားတွေဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေတဲ့ ပြယုဂ် တစ်ခုပါပဲ။ အဲဒီ အထဲမှာ ဆွေးနွေးပွဲကို တစ်ရက်တောင် မပြတ်ပဲ အမြဲလာပြီး ကျမတို့ရဲ့ စိတ်ထဲမှာလည်း မိသားစုသဖွယ်ဖြစ်နေတဲ့ သူတွေ ပါရှိနေပါတယ်။
ကျမတို့ မြတ်မြတ်နိုးနိုးနဲ့ ခေါ်နေတဲ့အမေဟာ ကျမရဲ့မိခင်ကြီးဘ၀ နောက်ဆုံး အချိန်တွေမှာထုံးခဲ့တဲ့ ဆံထုံးပုံစံအတိုင်း ဦးခေါင်းရဲ့ အပေါ်ပိုင်းလောက်မှာ ဆံထုံးထုံး ထားပါတယ်။ အမေရဲ့မျက်နှာမှာ ပူပင်သောက ကင်းတဲ့ အပြုံးကိုအမြဲတွေ့ရပြီး ပန်းသေးသေးလေး တွေကို ပန်လေ့ရှိပါတယ်။ သူဟာ နူးညံ့သိမ်မွေ့ပြီး အေးဆေးတဲ့ အဘရယ် ၀င်းပကြည်လင်နေတဲ့ မျက်နှာ ပိုင်ရှင် မြေးငယ်လေး တို့နဲ့ အတူ လာပါတယ်။ လေးဘက်လေးတန်မှာ စစ်ထောက်လှမ်းရေး ကင်မရာများရဲ့ စောင့်ကြည့်မှုကို ခံနေရတဲ့ ဒီမိုကရေစီ ယုံကြည်အသက်ဝင်ကာ သစ္စာစောင့် သိကြသော လူစုရဲ့အလယ်ခေါင်မှာ အမြဲရှိပါတယ်။ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေကို ရဲရဲရင့်ရင့် ရင်ဆိုင် တာတွေက မြန်မာပြည်ဒီမို ကရေစီ ထွန်းကားရေးအတွက် လုံးဝအလျော့ မပေးပဲ ထောက်ခံ အားပေးနေတယ် ဆိုတာကို ပြသနေပါတယ်။

အဲဒီလိုတုန်လှုပ်မှုမရှိပဲ ခိုင်ခိုင်မာ မာယုံကြည်ထားတဲ့သူတွေဟာ စနေ၊ တနင်္ဂ နွေနေ့မနက် စောစောဆိုရင် ကျမရဲ့နေအိမ် ရှေ့ကသူတို့ရဲ့ ထိုင်နေကျ နေရာလေးကို ရောက်လာကြပါတယ်။ သူတို့ဟာ ခြံစည်းရိုးရဲ့ မျက်နှာချင်းဆိုင်နေရာမှာ သတင်းစာ စာရွက်ကိုပဲဖြစ်ဖြစ် ပလပ်စတစ် အခင်းကို ဖြစ်ဖြစ် ခင်းထိုင်ကာ ပူပြင်းလှတဲ့နေရဲ့ အရှိန်ကနေ သက်သာရာ ရအောင် သစ်ပင်လေးရဲ့ သေးငယ်တဲ့ အရိပ်အောက်မှာ အရိပ်ခို ကြပါ တယ်။ မိုးကောင်းတဲ့ရက်တွေဆိုရင် သူတို့ တစ်တွေဟာ ခင်းထိုင်တဲ့ ပလပ်စတစ် အခင်းလေးကို အမိုးလုပ်ပြီး ဒလဟောရွာနေတဲ့ မိုးရေအောက်မှာ မလျော့သော စိတ်ဓါတ်တွေ နဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက် တွေနဲ့ ထိုင်နေကြပါ တယ်။

ဦးကြည်မောင်၊ ဦးတင်ဦးနဲ့ ကျမ တို့ ညနေလေးနာရီမှာ စကားပြောဖို့ ထွက် လာပြီဆိုရင် သူတို့ဟာ ခြံတံခါးရှေ့မှာ မြတ်နိုးတဲ့အပြုံးလေး တွေနဲ့ ကြိုဆိုနေပါတယ်။ သူတို့ဟာ ဒီမိုကရေစီရဲ့ အခြေခံများဖြစ်တဲ့ လွတ်လပ်စွာစည်းရုံးခွင့်၊ စုဝေးခွင့်၊ ဆန္ဒထုတ်ဖော် ပြသခွင့်တွေရဲ့ အရေးပါပုံကို ယုံကြည် လက်ခံလို့ ကျမတို့ရဲ့ လူထု ဆွေးနွေးပွဲကို လာကြတဲ့ ထောင်နဲ့ချီပြီး ရှိတဲ့သူတွေရဲ့ နှလုံး သည်းပွတ် ဖြစ်ပါတယ်။ သူတို့ဟာ ကျမပြောတာတွေကို သေသေချာချာ ဂရုစိုက် နားထောင် ပါတယ်။ ပြီးတော့ ချက်ကျလက်ကျနဲ့ ရယ်မောဖွယ်ရာတွေနဲ့ ပြန်လည် တုံ့ပြန်ကြပါ တယ်။ အချိန်တွေ ကြာလာတာနှင့်အမျှ နိုင်ငံခြားသား တွေ သတင်းထောက်တွေက ကျမ ရဲ့ ပရိတ်သတ်တွေထဲမှာ တကယ့်ကို ယဉ် ယဉ်ကျေးကျေး ရှိတာတွေ စိတ်ကောင်း စိတ်မြတ်ရှိ ကြတာတွေကို မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ကျမတို့ရဲ့ လူထုဆွေးနွေးပွဲဟာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့အဓိက အားပြုပြီး ပြောတဲ့ အကြောင်းအရာ ဟာလည်း နိုင်ငံရေး အကြောင်း ပဲဖြစ်ပါတယ်။ ကျမတို့တစ်တွေ ပြည်သူ တွေဆီက လာတဲ့ လက်ရှိဖြစ်ပျက်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေတွေ နဲ့ ပတ်သက်တဲ့ စာတွေကို ဖြေကြားပေးရပါတယ်။ ကျမတို့တစ်တွေ နိုင်ငံတကာမှာ နောက်ဆုံးဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးကြပါတယ်။ ကျမတို့တစ်တွေ ကမ္ဘာကြီးရဲ့ နေရာအသီးသီးမှာ ဖြစ်ပျက်နေတဲ့ လွတ်လပ်ခွင့်၊ တရားမျတမှုနှင့် လူ့အခွင့်အရေး အခြေအနေ တွေနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာတွေကိုလည်း ပြောဆိုကြပါ တယ်။ ကျမတို့တစ်တွေ တိုင်းပြည်ရဲ့ တိုးတက်မှု၊ အဆင်ပြေချောမွေ့မှုတွေကို ထိခိုက် စေနိုင်တဲ့ မူဝါဒတွေ အစီအစဉ်တွေကို ဝေဖန် ကြပါတယ်။ ကျမတို့တစ်တွေ သမိုင်းကိုလည်း ပြန်ပြောင်းလေ့လာကြပါတယ်။

ကျမတို့သုံးယောက်ဟာ တစ်ယောက်စီအလိုက် ကိုယ်အဓိကအထူးပြု ပြောဆိုရမယ့် အကြောင်းအရာ တွေကို ပြောဆိုကြပါတယ်။ တစ်ခါက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ကာကွယ်ရေး ၀န်ကြီးလည်း ဖြစ်ခဲ့၊ ရဟန်းအဖြစ်နဲ့ နှစ်ဝါလည်းရခဲ့၊ ဥပဒေပညာ ဘွဲ့ကိုရထားတဲ့ ဦးတင်ဦးက တပ်မတော်နဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ဘာသာရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ဥပဒေရေးရာ တွေကို ပြောဆိုပါတယ်။ သူဟာ နိုင်ငံရေးနဲ့ အမှန်တရားတွေကို ဗုဒ္ဓဟောကြားဆုံးမခဲ့တဲ့ ဇာတကတွေ၊ နိပါတ်တွေနဲ့ ခိုင်နှိုင်းပြီး သရုပ်ပေါ်အောင် ပြောနိုင်တဲ့ သူဖြစ်ပါတယ်။ အာဏာပိုင်တွေက အန်န်အယ်လ်ဒီ အပေါ် ပြုမူတဲ့ အရာတွေကို ဥပဒေ ရှုထောင့် ကနေ ရှုမြင်သုံးသပ် ပြပါတယ်။ အဲဒီလိုပြောတဲ့ အချိန်မှာ အမိန့်ပေးသလို အားနဲ့ မာန်နဲ့ ပြတ်ပြတ်သားသား ပြောတတ်တဲ့ အတွက် မိုက်ကလိုဖုန်းတောင် မလိုပါဘူး။ သူနဲ့သိပ်ပြီးမရင်းနှီးတဲ့ ပရိသတ်တွေတောင် သူ့ရဲ့စကားတွေကို ကြားရုံနဲ့တင် ရိုးသား ဖြောင့်မတ်မှုကို အလွယ်တကူ တွေ့မြင်နိုင် ပါတယ်။

ဦးကြည်မောင်ကတော့ စီးပွားရေး၊ သမိုင်းနဲ့ ပညာရေး ဆိုင်ရာအကြောင်းတွေကို အဓိကထားပြီး ရယ်မော စရာတွေကို ကောင်းကောင်း ပြောတတ်တဲ့သူ ဖြစ်ပါတယ်။ ကျမနေအိမ်ရဲ့ မျက်နှာချင်း ဆိုင်လမ်းရဲ့ ဟိုဖက်ခြမ်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အမြဲတမ်း စောင့်ကြည့်နေတဲ့ နေရာရှိပါတယ်။

ကျမတို့ရဲ့ လူထုဆွေးနွေးပွဲပြု လုပ်နေတဲ့ အချိန်မှာဆိုရင် ဗွီဒီယိုရိုက်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ ခြံစည်းရိုးမှာ ကင်မရာထောင်ပြီး အကုန်လုံးကို မှတ်တမ်းတင်ပါတယ်။ အဲဒီလို ဗွီဒီယိုရိုက်တဲ့အဖွဲ့ရဲ့ အနားပတ်ပတ်လည်မှာ စစ်ထောက်လှမ်းရေးတွေနဲ့ တခြားလုံခြုံရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေရှိပါတယ်။ သူတို့ဟာ ကျမ ပြောတာတွေကို သေသေချာချာ နားထောင်ပါတယ်။ တစ်ခါတစ်လေမှာ ဦးကြည်မောင် ပြောတဲ့ ဟာသတွေကို အားရပါးရ ရယ်ကြပါ တယ်။ သူတို့ရဲ့ မျက်နှာမှာ သွားတွေအဖွေး သား ပေါ်နေတာကို ကျမတို့ တွေ့ရလို့ပါပဲ။

(တချို့ဟာသတွေမှာ သူတို့တစ် တွေကို တိုက်ရိုက်ရည်ညွှန်းပြီး ပြောတာတွေ ဖြစ်ပါတယ်။) သူမကြာမကြာ ပြောလေ့ရှိတဲ့ မြေးငယ်လေး ပုံပြင်ဟာ စစ်ထောက်လှမ်းရေး တစ်ဦးနဲ့အလွန်တူပြီး အတော် လူကြိုက်များပါတယ်။

ကျမကတော့ ပရိသတ်တွေထဲက လာတဲ့ စာတွေကို ပြန်လည် ဖြေကြားပေးပြီး မြန်မာနိုင်ငံရဲ့ အတိတ်ကာလ နိုင်ငံရေး လှုပ်ရှားမှုတွေ ကမ္ဘာပေါ်ရှိ ကမ္ဘာနေရာ တွေက နိုင်ငံရေးလှုပ်ရှားမှုအကြောင်းကို ပြောဆိုဆွေးနွေး ပါတယ်။ မကြာခဏဆိုသလိုပဲ ကျမဟာ မတရားတဲ့ အမိန့်တွေနဲ့ ပတ်သတ်ပြီး ပြန်လည်မေးခွန်းထုတ်တဲ့ အကျင့်ရအောင် ပြုစုပျိုးထောင်ဖို့ ကြီးမားတဲ့ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြံ့ကြံ့ခံ ရပ်တည်ဖို့ စည်းလုံးညီညွှတ်မှုရှိဖို့လိုတဲ့ အကြောင်းတွေကို ပြောလေ့ရှိ ပါတယ်။ ကျမ ခဏခဏ အပြောဆုံး အကြောင်းအရာ ကတော့ ကျမတစ်ဦး တစ်ယောက်တည်းနဲ့ ဒါမှမဟုတ် အန်န်အယ်လဒီ တစ်ဖွဲ့တည်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရနိုင်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့ ဒီလှုပ်ရှားမှုကြီးထဲမှာ ပါဝင်သင့်ပါတယ်။ ဒီမိုကရေစီမှာ အခွင့်အရေး တွေရှိသလို တာဝန်တွေလည်း အများကြီး ရှိပါတယ်။

တစ်ပတ်ကို နှစ်ကြိမ်ပြုလုပ်တဲ့ လူထုဆွေးနွေးပွဲကို တစ်နှစ်ကျော် ကြာစေခဲ့တာက ယုံကြည်ချက် ခိုင်မာတဲ့ ကျမတို့ ပရိတ်သတ်ရဲ့ အင်အားနဲ့ စိတ်ဆန္ဒတွေ ကြောင့်ပါပဲ။ အဲဒီကာလတုန်းက အာဏာပိုင်တွေ လူထုကို ခြိမ်းခြောက်မှုတွေ ပြုလုပ်လာလေ လူထုက သွေးစည်း ညီညွှတ်တာကို ပြတဲ့အနေနဲ့ ပိုပြီးလာလေပါပဲ။ အာဏာပိုင် တွေက လူထုဆွေးနွေးပွဲတွေ မပြုလုပ်စေချင်လို့ ကျမအိမ်ကို လာတဲ့ လမ်းကိုပိတ်ထားတာတောင် ပြည်သူတွေက သူတို့ အနီးဆုံး လာလို့ရတဲ့ နေရာအထိလာပြီး သူတို့ဟာ လွတ်လပ်စွာ စုဝေးခွင့်ဆိုတဲ့ အခွင့်အရေး အတွက် ဆက်လက်တိုက်ပွဲဝင် ရုန်းကန်းသွားမယ် ဆိုတာကို ကမ္ဘာက သိအောင် ပြသနေပါ တယ်။


ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မင်္ဂလာ အတွက်
ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ အလင်းဆက် နှင့် ဘလော့ခ်ဂါ ခမိခဆဲ တို့မှစီစဉ်ပါသည်။*


စုဆောင်းတင်ပြသော ဘလော့ မောင်နှမ များကို ကျေးဇူးအထူးတင်ပါသည်။

မဲဆောက်မပါ --- သမျှ ပါတာလေးတော့ --ဒါလေးပါ

Friday, June 11, 2010

သီချင်းရေးဆရာတစ်ယောက် ကို ကိုထူးအိမ်သင် ကပြောတယ်တဲ့  ဖိတ်ကျလျံကျလာတာတွေကို ရေး ပါ
အတင်းဖြစ်ညှစ် ထုတ်ရတာကို မရေးနဲ့ တဲ့  ကျမ နားထောင်ရင်းပြုံးမိတယ်။ ကိုငှက် ပြောသလို ဖိတ်လျံကျ
လာတာကိုရေးချလိုက်ရရင်ဖြင့် --ဟင်း ---ပေါ့ --
ဟင်းဆိုတာငြီးတာမဟုတ်ဘူနော့ - ကြုံးဝါးသံလို့ ပြောလို့ ရတယ် -
စာရေးရင်းဒီစကားနဲ့ ဆပ်စပ်ပြီး ထပ်သတိရသွားပြန်တာ ဒါကတော့ ကျမတို့ လူငယ်အများတွေ အင်မတန်
ချစ်ခင်လေးစားရတဲ့ ခွန်မြင့်ထွန်း
ကျမက ဆိုကရေးတီးစကားကိုပါတီရုံးချုပ်ထဲကအစည်းအဝေးမှာ ထဲ့သုံးမိတယ် ။လူငယ်လူကြီးပြဿနာ
အထက်အောက်လုပ်ငန်းစီးဆင်းမှု အားနည်းသမျှ ကျမ ကတော့ လူမိုက်လုပ်ပြီး ပြောချင်ပြီး မပြောဝံ့သူ
အားလုံးရှေ့ က မတက်ကြွ ပေါ့ဗျာ-- အဲ ဆိုကရေးတီးရဲ့ စကားလုံးအတိအကျတော့ မမှတ်မိတာ့ဘူး အိုက်
အရွယ်တုန်းကစာအုပ်ထူကြီးတွေကိုင်ပြီးယောင်တောင်တောင်ပေါ့ --နီသလိုလို ရဲသလိုလို ကလည်းရှိသေး
ဒါနဲ့  ကျမ ပြောလိုက်တာ က ခံစားချက် --- နဲ့ ပတ်သတ်တာပါသွားပါလေရော- စကားအင်မတန်တက်ပြီး
ဖြတ်ထိုးဥဏ်ကောင်းတဲ့ ဗမာထက် ဗမာစကားပုံပြောရမလား အင်္ဂလိပ်ရိုးရာတွေပြောရမလား သိတ်ပြီး
ဗဟုသုတကြွယ်တဲ့ ကိုခွန်မြင့်ထွန်း ကျမကို ထိထိမိမိပြန်ခြေပလိုက်ပုံ က ခံစားချက် ကိုဆင်ခြင်ထုံတရားနဲ့ 
ထိမ်းရမယ် တဲ့ဗျာ --လူကြားထဲ ထူပူသွားပေမဲ့လည်း လေးစားထိုက်တဲ့ သူရဲ့ခြေပစကားဆိုတော့
ဟုတ်ပါပြီ ပေါ့ လူငယ်တွေရော ကျမကပါ ကိုခွန်ကိုချစ်ခင်လေးစားတော့ မကြေနပ်သမျှ အဲဒီ ကာလက
လည်းလျော့ခဲ့ကြတာပါပဲပေါ့ လေ ဒီလို အထက်အောက်လေးစားမှုမျိုးရိုးသားမှုမျိုး မှာ ။(မဲဆောက်မပါ)
အယ်ဒီတာ နဲ့ စာရေးဆရာဘ၀ဆိုတာလေးလည်း တစ်ချက်စဉ်းစားပေးမိပြန်တယ် ။စာရေးဆရာဟာ သူ့ 
ဆောင်ပါးတွေ ၀တ္တု အပယ်ခံရတာများတော့ အယ်ဒီတာအပေါ်နားမလည်ခွင့်မလွှတ်နိုင်ပေမဲ့ သူကိုယ်တိုင်
အယ်ဒီတာဖြစ်တော့ အယ်ဒီ့တာဘ၀ကို နားလည်စာနာမိတယ်တဲ့ ။ (မဲဆောက်မပါ)ခေါင်းဆောင်နေရာ
တန်းစီခွင့်ရာသက်ပန် ပိတ်ထားသည်။
ကျမ ကို တိုင်း က ဗဟိုကအကိုတွေအမတွေ တော်တော်ကိုမောကြီးပမ်းကြီး ထိမ်းရတာကိးု ရှုး ဒိုင်း ဆိုပြီး
ချမယ်ကြည့်ပြောနေတဲ့ ကျမကို သူတို့ ကချစ်ခင်ပြီး ဆူလိုက် ဆဲလိုက် ချော့လိုက် နဲ့  ယနေ့ ထိလည်း ကျမ
အတွက် ပူပန်ပေးတက်နေကြတုန်းဆိုတော့ -- ကျမများ တခုခု ဇွတ်ရွတ် လုပ်လိုက်မလား ပေါ့ စိုးရိမ်
လိုက်ကြတဲ့လူငယ်ခေါင်းဆောင်တွေ အိမ်ထောင်ရေး နေမှု စားမှု ကအစ ဒို့ ပါတီ တခုတည်း က ပဲဆိုပြီး
တကယ်ကို ပူအမျှ ရှိလာတာ ကျမတို့ မြန်မာနိုင်ငံထဲက ရွှေဂုံတိုင် အုဒ်လမ်း ဗဟိုပြုတဲ့နေရာလေးမှာ
တကယ့်သစ္စာတရားတွေ ရဲဘော်ရဲဘက် စိတ်ရင်းတွေနဲ့  နေလာခဲ့ရတာမျိုးမှာ(မဲဆောက်မပါ)
ထောင်ထဲမှာကျမမွေးနေ့ သီချင်းဝိုင်းဆိုကြတော့ ထောင်ပိုင်ကလျော့ရက်ခေါ်ဖြတ် တယ်ပေါ့ ကျမ က
ကျမမွေးနေ့ လည်းဖြစ် ဆိုတဲ့ သူတွေ အားလုံးသံပြိုင်ထဲမှာ ကျမအသံ အကျယ်ဆုံးလည်းဖြစ် (ရှုးတိုးတိုး)
တာမို့  တစ်ယောက်ထဲ ဆိုတာပါ ၀န်ခံပြီး ထောင်ပိုင်ရှေ့ အရေးယူခံတဲ့အခါ --ကျန်သူများက သူတို့ ပါဆို
တာပါတဲ့ (မဲဆောက်မပါ)
ထောင်ထဲမှာရင်းနှီးခဲ့တဲ့ စာရေးဆရာမကြီးတစ်ယောက်ကပြောတယ် သူ့ ကို သူ့ မိတ်ဆွေတစ်ယောက်
က အမကြီးက အစွန်းရောက်တယ် လို့ ပြောတယ် တဲ့  (ဆရေးဆရာမကြီးကပြန်ပြောလိုက်တယ် အစွန်း
လေးမှာပဲနေတာ ကောင်းပါတယ်တဲ့ )( မဲဆောက်မပါ) ( အထုတ်ပိုက်ပြီး ရွေးကောက်ပွဲ အနိုင်ရရေးကြိုး
စားပေးဦးမဲ့သူတွေ ခမျာ ရွေးကောက်ပွဲမှတ်ပုံတင် မတင် တော့ ဟတ်ကော့ကြီးတဲ့ )ခွချက်--
ပြည်တွင်း က ဗွိုင်းကောက်ပါ သေချာအော်နေလည်း ခေါင်းဆောင်ကြီးများ လျာထွက်မတက်အော်နေတာ
တောင်မှ မဲဗုံးလေးက ထောင်လိုက်ချင်သေးတာ (အဲဒါတော့ မဲဆောက် ကပါ)

အနည်းဆုံးသော ရာခိုင်းနှုန်းကို အားနာပါ၏ တောင်းပန်ပါ၏
အများဆုံးသော အခြေအနေတရပ်ကိုမြင်တက်စေရန် ။

မေအိခင် (လယ်ဝေး)







မြန်မာနိုင်ငံ မှာ နူးကလီးယား မလိုအပ်ပါ။

Tuesday, June 8, 2010

ဥပဒေပညာရှင်လူငယ်လေးတွေ နဲ့  အလုပ်သမားအခွင့်အရေး

Monday, June 7, 2010


ဆွစ်ဇလန် နိုင်ငံဂျနီဗာမှာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ်
ညီလာခံကျင်းပနေပါတယ် အပြည်ပြည်ဆိုင်ရာနိုင်ငံပေါင်း ၁၃၈ နိုင်ငံက
ကိုယ်စားလှယ်တွေတက်ရောက်နေကြတာဖြစ်ပါတယ်။
အဲဒီ့အစည်းအဝေးမှာ ၂၀၀၇ မှာ မေဒေးနေ့  ပညာပေးဟောပြောပွဲကျင်း
ပဖို့ ကြိုးစားနေစဉ် အဖမ်းခံခဲ့ရတဲ့ ဥပဒေကျောင်းသား အမျိုးသားဒီမိုက
ရေစီအဖွဲ့ ချုပ် လူငယ်ခေါင်းဆောင် ကိုသူရိန်အောင် နဲ့  ဥပဒေဘွဲ့ ရ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လူငယ်ခေါင်းဆောင် ကိုကျော်ကျော် တို့ ဦး
ဆောင်တဲ့ လူငယ်(၆) ဦးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ခုလည်းမြန်မာပြည်ထဲ မှာအလုပ်သမားထုကိုအမှန်တကယ်ကိုယ်စားပြုတဲ့အလုပ်သမားသမဂ္ဂ
ပေါ်ပေါက်ဖို့  ရဲရဲတောက် ကြိုးစားနေသူကတော့ အောင်လံ လယ်သမား
များအမှုကိုလိုက်ပါဆောင်ရွက်ပေးရင်း ထောင်ကျခံခဲ့ရတဲ့ အသက် (၃၀)
အရွယ် လူငယ်ရှေ့နေလေး ကိုဖိုးဖြုပဲဖြစ်ပါတယ် ။ ဒီလူငယ် ဥပဒေပညာရှင်လေးတွေရဲ့ ဘ၀တွေအသက်တွေ
ရင်းပြီး ပြည်သူလူထု အလုပ်သမားထု လယ်သမားထု ရဲ့ ဘ၀တွေစစ်အာဏာရှင်စနစ်ဆိုးအောက်ကလွှတ်
မြောက်အောင် ကြိုးပမ်းနေမှုကို ကျမ လှိုက်လှိုက် လှဲလှဲ ကြိုဆို ဂုဏ်ပြုမိပါတယ် ။

‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး’

Friday, June 4, 2010

ဇွန် (၆) မြင်ကွင်း ရင်တွင်းမှတ်တမ်း ’


ဗမာပြည်အလုပ်သမားလူတန်းစားဟာ၊ ခေတ်မီအလုပ်သမားလူတန်းစားအဖြစ် စတင်ဖြစ်တည်လာစဉ်ကတည်းက၊ အလုပ်သမားလူတန်းစားရဲ့ သူရသတ္တိကို ပြသခဲ့တယ်။ နိုင်ငံရေးနိုးကြားမှုကို ပြသခဲ့ပါတယ်။

နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ လက်အောက်မှာ ‘၁၃ဝဝပြည့်အရေးတော်ပုံကြီး’ နဲ့ ပြသခဲ့တယ်။ စက္ကူဖြူ စီမံကိန်းနဲ့ ကက်စဘီ အုပ်ချုပ်ရေးခေတ် တလျောက်မှာလဲ၊ ဘီအိုစီ အလုပ်သမားသပိတ်၊ ဒလသင်္ဘောကျင်းသပိတ်၊ အလုံသစ်စက်သပိတ် စတဲ့ သပိတ်တိုက်ပွဲတွေနဲ့ အင်္ဂလိပ်ကိုလိုနီ အစိုးရကို ဆန့်ကျင်ရင်း၊ ‘၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီး’ဆီအထိ ဦးတည်ခေါင်းဆောင် လှုပ်ရှားနိုင်ခဲ့ပါတယ်။

မဆလ ခေတ်ကို ရောက်တော့လဲ၊ ဖေါက်ပြန်ဆိုးဝါးလှတဲ့ မဆလတပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန် တိုက် ပွဲဆင်ခဲ့ပါတယ်။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းမှာ၊ ဘယ်တော့မှ ဖျောက်ကွယ်ချန်လှပ်ထားလို့မရနိုင်တဲ့ အလုပ် သမား တိုက်ပွဲတခုကတော့၊ ၁၉၇၄ ခုနှစ် ဇွန် (၆) ရက် အလုပ်သမားသပိတ်ကြီးပဲ ဖြစ်ပါတယ်။

‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီး’ လို့ မော်ကွန်းထိုးထားရမယ့် အလုပ်သမားသပိတ် တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်။

ဒီ သပိတ်ကြီးကို မဆလစစ်အာဏာရှင်တွေဟာ ထုံးစံအတိုင်း အကြမ်းဖက်ဖြို ခွဲပြီး၊ နှိပ်ကွပ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် သွေးမြေကျရမှု တွေ ဖြစ်ခဲ့ရပါတယ်။ ဇွန် (၆) ရက်နေ့မှာပဲ ပထမဆုံးသွေးမြေ ကျခဲ့ရတဲ့နေရာကတော့၊ ရန်ကုန် သ မိုင်း ချည်စက်ရှေ့မှာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အဖြစ်အပျက်ကို ကိုယ်တွေ့ တွေ့ကြုံခဲ့ဖူးသူတယောက်အနေနဲ့ မြင်ရာ ဒေါင့်ကနေ လေးလေးနက်နက် မှတ်တမ်းတင် ဖေါ်ပြပါရစေ …

၁၉၇၄ ခုနှစ် ဇွန်လ (၆)ရက် …
မနက်မိုးလင်းလို့ စက်ရုံအလုပ်သမားကြီးတွေ အလုပ်ဆိုင်းအလိုက် အလုပ်ဝင်ကြချိန်သာသာလောက်မှာပဲ၊ ရန်ကုန် အင်းစိန်လမ်းမကြီးတလျောက် ကြွေးကြော်သံတွေ ပျံ့နှံ့ဝေစည် လာပါတယ်။
ဒို့အရေး - ဒို့အရေး …
ဆိုတဲ့ကြွေးကြော်သံတွေဟာ ပထမတော့ ခပ်ပါးပါး ခပ်သဲ့သဲ့လေးပါ ။ နောက်တော့ တစထက်တစ …
‘ ဆန်လုံလောက်စွာ ရ ရှိရေး - ဒို့အရေး ဒို့အရေး ...’
‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ...’
‘ ကုန်ဈေးနှုန်း ကျဆင်းရေး - ဒို့အရေး ဒို့အရေး...’
‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’
ကြွေးကြော်သံတွေဟာ မုတ်သုန်အကြို မိုးသက်လေနဲ့အတူ လမ်းမကြီးတွေပေါ် ရပ်ကွက်တွေပေါ် ဝဲပျံလွင့်စင်နေပါ တယ်။

ကျနော်ဟာ အင်းစိန်မီးရထားစက်ခေါင်းရုံဖက်ဆီ ပြေးကြည့်မိပါတယ်။ အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေဟာ မိုး လုံးညံအောင် ထွက်ပေါ်လာနေပါတယ်။ အဲဒီကနေ အင်းစိန်လမ်းမကြီးပေါ် ပြန်တက်လာ၊ အင်းစိန်လမ်းမကြီးတ လျောက်အတိုင်း ကုန်ကြောင်းလျှောက်ပြီး ပြန်လာတော့၊ ခဝဲခြံမှတ်တိုင်ရှေ့တည့်တည့်က ၅ သုံးလုံး ရာဘာဖိနပ် စက် ရုံကြီးအတွင်းမှာလဲ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဒီစက်ရုံထဲမှာ ကျနော့် မိတ်ဆွေရင်းချာ အလုပ်သမားတချို့ ရှိနေ တဲ့အတွက် ခဏရပ်ကြည့်လိုက်မိပါတယ်။ မကြာခင် ကြွေးကြော်သံတွေ ထွက်လာပါတယ်။ ဆက်ပြီးထွက်လာတော သမိုင်းလမ်းဆုံက ဓါတု (၄) ၊ ဓါတု (၆) စက်ရုံတွေက ကြွေးကြော်သံတွေဟာလဲ ရှေ့ဆင့်နောက်ဆင့်ထွက်လာတာ ကြားရ ပြန်ပါတယ်။ ရှေ့ဆက်တက်လာတော့ ‘သမိုင်းချည်မျှင် နှင့် အထည်စက်ရုံ ’။
‘ ဆန်လုံလောက်စွာ ရ ရှိရေး - ဒို့အရေး ဒို့အရေး ’
‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ’
‘ ကုန်ဈေးနှုန်းကျဆင်းရေး - ဒို့အရေး ဒို့အရေး ’
‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ’
ကြွေးကြော်သံတွေဟာ စက်ရုံတွေအတွင်းကနေ ညီညီညာညာထွက်ပေါ်လာနေပါတယ်။ ပထမတော့ အတွင်းပိုင်း စက်ရုံတွေ အတွင်းကနေပဲ ထွက်ပေါ်လာနေတာပါ။

သမိုင်းချည်မျှင်နှင့်အထည်စက်ရုံ ကြီးရဲ့ တည်ဆောက်ထားပုံက၊ လမ်းမကြီးဖက် (ဆိုင်းဘုတ်ကြီးထူထားတဲ့ဖက်) မြေ ကွက်လပ်ကျယ်ကြီးပေါ်မှာ၊ ဂိတ်ပေါက် သံတံခါးကြီးနဲ့ အနီးမှာ တထပ်တိုက်အဆောက်အဦ ရှည်ကြီးတခု ရှိပါတယ်။ အဲဒီအဆောက်အဦမှာ ရုံးခန်းနဲ့ ငွေစာရင်းဌာနတို့ ဆိုတာတွေ ရှိပါတယ်။ တဆက်တည်းမှာ အလုပ်သမားကောင်စီ လို့ ဆိုင်းဘုတ်တပ်ထားတဲ့ အလုပ်သမားကိုယ်စားလှယ်အစစ်အမှန်မဟုတ်တဲ့ အလုပ်သမားမင်းသားများရဲ့ အခန်းရှိပါ တယ်။ အဲဒါတွေပြီးတဲ့နောက်၊ သံတံခါးနဲ့ ထပ်ပြီးခြားထားတဲ့ ဝန်းပြင်ကျယ်ကြီးပေါ်မှာ ချည်မျှင်နဲ့အထည်စက်ရုံတွေ သူ့ရုံ နဲ့သူ အစီအရီ တန်းစီတည်ရှိနေပါတယ်။ ပထမဆုံး ကြွေးကြော်သံတွေ တိုင်နေ ထွက်နေတဲ့နေရာက အဲဒီအ တွင်း စက်ရုံတွေအတွင်းကပါ။ နောက် မကြာမီမှာပဲ အထဲက သပိတ်ခေါင်းဆောင်တချို့ ထွက်လာပြီး၊ လမ်းမကြီးဘေး က ဂိတ်ပေါက်ဝကြီးဆီ ရောက်လာတာတွေ့ရပါတယ်။

ဂိတ်ဝသံတံခါးဘေးမှာ စားပွဲခုံတလုံးကို ချလိုက်ပြီး၊ စားပွဲပေါ်တက်ပြီး မတ်တပ်ရပ်ကာ သပိတ်တရားကို ဟောကြပါ တယ်။

အလုပ်သမားထုတရပ်လုံး အလုပ်လုပ်နေကြရင်းက ထမင်းငတ်နေရတဲ့အကြောင်း၊ ဒါကြောင့် ဆန်လုံလောက်စွာ ရရှိဖို့ တောင်းဆိုနေရတာဖြစ်ကြောင်း၊ အလုပ်ခွင်ထဲမှာလဲ အာမခံချက်မဲ့လှတဲ့အခြေအနေကြောင့် လုပ်ခွင်သက်သာ ချောင်ချိရေးကို ဖန်တီးပေးဖို့ တောင်းဆိုနေရတာဖြစ်သလို၊ လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှု ဆိုတာနဲ့အတူ စက်ရုံအလုပ်ရုံ တွေထဲမှာလဲ အလုပ်သမားကောင်စီဆိုတာတွေ ပေါ်လာပြီး၊ ဒီအလုပ်သမားကောင်စီတွေဟာ အလုပ်သမားတွေအ တွက် ဘာမှလုပ်မပေးတဲ့အပြင် ဖိနှိပ်ဒုက္ခပေး ဗိုလ်ကျနေတဲ့အဖွဲ့အစည်းတရပ်အဖြစ်ပဲ လက်တွေ့ဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ဒီအလုပ်သမားကောင်စီဆိုတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြရတာဖြစ် ကြောင်း ဟောကြ ပြောကြ ရှင်းပြကြပါတယ်။

လက်တွေ့ ဘဝထဲကလာတဲ့၊ လက်တွေ့ခံစားနေရတဲ့ အကျပ်အတည်းတွေကြောင့်၊ လက်တွေ့လိုအပ်ချက်အစစ်အမှန် ကို ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကြွေးကြော်သံတွေဟာ အင်မ တန်မှ တရားမျှတပြီး အင်မတန်မှ ကြောင်းကျိုးကျ တဲ့တောင်းဆိုချက်တွေလဲ ဖြစ်နေပါတယ်။

ကျနော်အပါအဝင်၊ ရပ်ကွက်တွေထဲက လာရောက်နားထောင်ကြသူ၊ ကြည့်ကြရှု့ကြ အားပေးကြသူတွေလဲ တဖြည်း ဖြည်းများလာပါတယ်။ တချို့ကလဲ သပိတ်မှောက်နေတဲ့ ဒီစက်ရုံထဲမှာ ကိုယ့်မိ ကိုယ့်ဖ ညီအကိုမောင်နှမ ဆွေမျိုးသား ချင်းတွေပါ ပါနေလို့ အခြေအနေလာကြည့်ကြသူမျိုးတွေလဲ ပါနေပါတယ်။

ဂိတ်ဝအတွင်းဖက် သံတံခါးကြီးဘေးမှာ တောင်းကြီးတလုံးကို ကပ်ချထားပြီး၊ သပိတ်ကို သပိတ်မှောက်တိုက်ပွဲဝင်နေ ကြတဲ့ အလုပ်သမားကြီးတွေကို အစာရေစာအဖြစ် လှူဒါန်းကူညီနိုင်ဖို့ မေတ္တာရပ်ခံစီစဉ်ထားတဲ့အတွက်၊ ဆေးလိပ်၊ ထမင်းထုပ်၊ မုန့်ပဲသရေစာတွေ လာရောက်ကူညီလှူဒါန်းကြတာလဲ တွေ့ရပါတယ်။ ကျနော်လဲ အိပ်ကပ်ထဲ ပါလာခဲ့တဲ့ ပိုက်ဆံလေးနဲ့ ဆေးပေါ့လိပ်တစီး၊ ငှက်ပျော နှစ်ဖီးဝယ်ပြီး သံတိုင်ကြားကနေ လက်လျှို ထည့်ဝင်လှူဒါန်းလိုက်ရပါ တယ်။ အလှူခံတောင်းကြီးဟာ တခဏတွင်းမှာပဲ အပြည့်အမောက်ဖြစ်ဖြစ်သွားတာ တွေ့ရပါတယ်။

အဲဒီအချိန်မှာပဲ သမိုင်းချည်စက်နဲ့ သိပ်မဝေးလှတဲ့ အုတ်ကျင်းဂုံနီစက်ရုံကြီးအတွင်းမှာလဲ အလုပ်သမားထုဟာ အလုပ် သမားသပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေကြပါပြီ။ ကြွေးကြော်သံတွေဟာ စက်ရုံတခုနဲ့ စက်ရုံတခု ဆက်နေပြီး၊ စည်စည် ညံအောင် လွှင့်ပျံ ဝေ့ဝဲနေပါတော့တယ်။ ဆင်မလိုက်သင်္ဘောကျင်းကလဲ သပိတ်မှောက်နေ သတဲ့၊ ဆပ်ပြာစက်ရုံက လဲ သပိတ်မှောက်နေ သတဲ့၊ သံမဏိစက်ရုံကလဲ သပိတ်မှောက်နေ သတဲ့… ဆိုတဲ့အသံတွေဟာလဲ နေရာပေါင်းစုံက နေ ပျံ့နှံ့ဝင်လာပါတယ်။

အဲဒီအချိန်မှာပဲ ရန်ကုန်မိုးလေး တဖြိုက်နှစ်ဖြိုက် ရွာကျလာပါတယ်။ ဇွန်လရဲ့ မိုးရေစက်တွေဟာ ခပ်ဖွဲဖွဲလေးပါပဲ။ သမိုင်းချည်စက်ရှေ့က လူအုပ်ကြီးဟာ လူစုကွဲ မသွားခဲ့ပါဘူး။ အင်းစိန်လမ်းမကြီးရဲ့ ဘေးတဖက်တချက်က ပလက်ဖေါင်းတွေပေါ်မှာ လူတွေတောင် တဖြည်းဖြည်း ပိုပိုများလာပါတယ်။

နေ့လည်လောက်မှာ စစ်ကားတွေ တန်းစီပြီး မြို့ထဲဖက်ကနေ ဝင်လာပါတယ်။ ဆယ်စီးလောက် ရှိပါတယ်။ နောက်ဆုံး ကားတွေပေါ်မှာ သံပေပါကြီးတွေရော သံဆူးကြိုးလိပ်တွေပါ ပါလာခဲ့ပါတယ်။ ကားတိုင်းပေါ်မှာ မျက်နှာထားတင်း တင်းနဲ့ လက်နက်အပြည့်အစုံ၊ အီကွေးမင့်အပြည့်အစုံနဲ့စစ်သားတွေ အပြည့်။ သေနတ်တွေမှာလဲ ဘက်နက်တွေ အဆင်သင့်တပ်ထားလို့။ တချို့က ခါးမှာ မျက်ရည်ယိုဗုံးတွေ အပြည့်ပတ်ထားလို့။ ရှေ့တန်းစစ်မျက်နှာမှာ ကတုတ် ကျင်းတခုခုကို အတင်းဝင်ရောက်သိမ်းဖို့ အသင့်ပြင်ဆင်လာခဲ့တဲ့ ပုံစံမျိုး။ စစ်သားတချို့က နောက်ဆုံးကား တွေပေါ် က ပေပါခွံကြီးတွေကို ကားအောက်ချလိုက်ပြီး ပေတရာလမ်းမကြီးပေါ်မှာ စစ်ကားတန်းကြီးရဲ့နောက် တန်းစီပြီး ထောင်ထားလိုက်ကြတယ်။ ရှေ့ကားပေါ်က စစ်သားတချို့လဲ ဆင်းလာပြီး စက်ရုံဂိတ်ဝအပေါက်နဲ့ ဝါးတရိုက်လောက် အကွာမှာပဲ ပေတရာလမ်းမကြီးပေါ် ကန့်လန့်ဖြတ်ပြီး မျဉ်းဖြူသုံးကြောင်းကို စည်းသားရေးဆွဲလိုက်ကြတယ်။ အဲဒီ မျဉ်းဖြူသုံးကြောင်းရဲ့ တလံကွာလောက်မှာ ဘက်နက်တပ် သေနတ်ကိုင်စစ်သားလေးယောက်ဟာ ရင်ဘောင်တန်းပြီး အသင့်အနေအထားနဲ့ မတ်တပ်ရပ်နေကြတယ်။ အဲဒီနောက်မှာ၊ တလံကွာလောက်ဆီမှာ၊ နောက်တတန်း နောက်တ တန်း ထပ်ပြီး ထပ်ပြီး မတ်တပ်ရပ်နေကြတယ်။ ဗိုလ်လုပ်တဲ့သူက ကားရှေ့ဘေးမှာမတ်တပ်ရပ်နေပြီး လက်ထဲမှာ စကားပြောစက်ကိုကိုင်ထားရင်း အဆက်မပြတ်မေးးလိုက် ဖြေလိုက် သတင်းအပို့အယူတွေ လုပ်နေတယ်။ ကားပေါ် မှာလဲ လက်နက်ကိုင်စစ်သားတွေက အပြည့်။

စက်ရုံ အလုပ်သမားကြီးတွေက အတွင်းစက်ရုံတွေထဲကနေ ကြွေးကြော်သံတွေ တိုင်နေကြသလို၊ ဂိတ်ဝကြီးအနီး အ ပြင်ဝင်းထဲကနေလဲ ကြွေးကြော်သံတွေ အတိုင်အဖေါက်ညီညီ အော်နေကြတယ်။ ဒီမြင်ကွင်းကို မြင်နေရတဲ့ ပြည်သူလူထုဟာ ရင်ထဲမှာ လှုပ်ရှားမှုမျိုးစုံနဲ့နိုးကြွနေပြီး သပိတ်မှောက်အလုပ်သမားကြီးတွေရဲ့ တိုက်ပွဲကို စိတ်ရောလူပါ အားပေးရင်း ရပ်ကြည့်နေမိကြတယ်။ စစ်တပ်ကတော့၊ မျဉ်းသားထားတဲ့ လမ်းမအတွင်း ဆင်းမလာနဲ့၊ လာတဲ့သူ ပစ်သတ်မယ် ထိုးသတ်မယ် ဆိုတဲ့အသွင်မျိုးနဲ့ ခပ်ထန်ထန်မျက်နှာကြောကို နှစ်ဆတိုးပြီး တင်းထားတယ်။ အဲဒီအချိန်မှာ ကျနော်လဲပဲ သပိတ်ကြီးကို ထောက်ခံသူတယောက်အဖြစ်၊ အားပေးသူတယောက်အဖြစ်၊ ပြည်သူပရိ သတ်ကြီးကြားမှာ ပါဝင်တည်ရှိ ရပ်ကြည့်ငေးမောနေမိတယ်။

ဂိတ်ဝတံခါးကြီးရှေ့ က ခုံပေါ်မှာ မတ်တပ်ရပ်ပြီး တရားဟောနေတဲ့ အလုပ်သမားခေါင်းဆောင်တဦးက ‘ကျနော်တို့ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြ သပိတ်မှောက်နေတာ ဖြစ်တယ်၊ ကျနော်တို့အလုပ်သမားတွေရဲ့ လိုလားချက်တွေကို တရားမျှတ စွာ တောင်းဆိုနေတာဖြစ်တယ်...’ဆိုတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို တခုချင်း ထပ်ပြီး ရှင်းပြနေတယ်။

အဲဒီအချိန်မှာ ဘတ်စ်ကားလိုင်းတွေလဲ ရပ်သွားလို့ ကုန်းကြောင်းလျှောက်ပြီး ပလက်ဖေါင်းအတိုင်း ပြန်လာကြရတဲ့၊ အင်းစိန်ဖက်ကနေ မြို့ထဲဖက်ဆီ ပြန်ကြရမယ့် ဝန်ထမ်းတွေ လက်လုပ်လက်စားတွေရော၊တိမွေးကုတက္ကသိုလ် စက်မှု တက္ကသိုလ်တို့ကနေ သမိုင်းအဆောင်တွေဆီ ပြန်ကြရမယ့် ကျောင်းသားကျောင်းသူတွေရော၊ ကမာရွတ်ဖက်ကနေ အင်းစိန်ဖက် သမိုင်းဖက်ပြန်ကြရမယ့် ဝန်ထမ်းတွေ ဈေးသည်တွေပါ ဒီနေရာရှေ့ရောက်လာကြတော့ ဒီလို မြင်ကွင်း ကြီးမျိုးကို မြင်လိုက်ကြရတော့ …

မတိုင်ပင်ရပဲနဲ့ ရပ်ကြည့်ပါဝင်လာကြသူတွေလဲ တဖြေးဖြေးများလာတယ်။ လူအုပ်ကြီးက ပိုပို များလာတယ်။ တချို့လဲ ဖြတ်သွားဖြတ်လာသဘော၊ တခဏ။ တချို့လဲ ဘာများ ဆက်ဖြစ်ကြဦးမလဲ စောင့်ကြည့်ချင်ကြတဲ့သဘော သိချင်ကြ တဲ့သဘော ခပ်ကြာကြာ။ တချို့ကတော့ အလုပ်သမားထုရဲ့ တိုက်ပွဲကြီးကို အားဖြည့်ပေးချင် အားရှိစေချင်တဲ့ စိတ် ပိုင်းဖြတ်မှုမျိုးနဲ့။ တချို့ကတော့ စစ်တပ်ကနေ ဒီ သပိတ်မှောက်အလုပ်သမားတွေကို အတင့်ရဲရဲ ဝင်ပြီး အကြမ်းမဖက် ဝံ့အောင် အကြမ်းမဖက်နိုင်အောင် အကာအကွယ်ပေးတဲ့သဘော စောင့်ကြည့်နေတဲ့သဘော သဘောထားအမျိုးမျိုး ခံစားမှုအဖုံဖုံနဲ့ ရပ်ကြည့်နေကြပါတယ်။ လူထုပရိသတ်ကြီးဟာ တဖြေးဖြေး များများ လာနေတယ်။ သွားတဲ့သူသွား၊ လာတဲ့သူ လာနဲ့ လမ်းဟာ ပလက်ဖေါင်းဘေး နှစ်ဖက်နှစ်ချက်မှာတော့ ပွင့်နေသေးတယ်။ အလျဉ်မပျက် စီးမျော လှုပ်ရှားနေပါတယ်။ အဲဒါကို စစ်တပ်က ဘယ်လိုမြင်မိပြီး ဘယ်လိုသဘောပေါက်လိုက်တယ် မသိပါဘူး။ ဘာဒါဖက် က အပေါက်ကို သွားလို့ လာလို့ ဖြတ်သန်းလို့မရ အောင် ပိတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ အတွင်းပိုင်းက လူအုပ် ကြီးဟာ ရှိပြီးသားအတိုင်း၊ ကျောက်ချထားသလို အသေဖြစ်သွားရပါတော့တယ်။

ဘာဒါ မှတ်တိုင်အနားက တန်းစီးရပ်ထားတဲ့ စစ်ကားတန်းကြီးရဲ့အဆုံး၊ ဝါးနှစ်ရိုက်သာသာလောက်မှာ လှိုင်ရဲစခန်း ရှိ ပါတယ်။လမ်းမကြီးရဲ့ တဖက်ခြမ်းမှာတော့ စက်မှုရိပ်သာ နှစ်ထပ်တိုက်အဆောက်အဦးတွေ တန်းစီပြီး တည်ရှိနေ ပါတယ်။ အချိန်က တဖြေးဖြေးနဲ့ ညနေ သုံးနာရီ ကျော်လောက် ရှိလာပြီ။ ကြွေးကြော်သံတွေက ညံနေဆဲ။

အဲဒီအချိန်မှာ စကားပြောစက်ကို လက်ကမချ တမ်းကိုင်ပြီး စကားပြောနေတဲ့ စစ်ဗိုလ်က ဘယ်ကနေ ဘာအမိန့်ရ လိုက်သလဲ မသိပါဘူး။ တစုံတရာ လှမ်းပြောလိုက်တယ်။ မျက်ရည်ယိုဗုံးကိုင် စစ်သားတွေက မျက်ရည်ယိုဗုံးဝါဝါတွေ ကို ခါးကဖြုတ်ပြီး လက်ထဲကိုင်လိုက်ကြတာ သတိပြုလိုက်မိတယ်။ လူထုထဲမှာလဲ လှုပ်ကနဲ ဖြစ်သွားတယ်။ အဲဒီအ ချိန်မှာ လှိုင်ရဲစခန်းထဲက အဓိကရုဏ်းနှိမ်နင်းရေးပုလိပ်တွေဟာ လက်တဖက်မှာ ဒိုင်းခြင်းကြား၊ လက်တဖက်မှာတုတ် တွေကို ကိုယ်စီကိုင်ပြီး ထွက်လာတာ ခပ်ပျပျ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီဖက်ခြမ်းက နီးရာလူတွေကို လူအုပ်ကြီးထဲကနေ ဖြတ်သန်းရင်း ဘယ်ညာရိုက်ပါတော့တယ်။ အဲဒီတော့ လူတွေဟာလဲ ရှောင်ကြတိမ်းကြ ပြန်ခုခံကာ ကွယ်ကြနဲ့ ဝုန်းကနဲ ရုန်းရင်းဆန်ခတ်ဖြစ်သွားပါတယ်။

ရှေ့ဆုံးစစ်သားတွေဖက်က မျက်ရည်ယိုဗုံး နှစ်လုံး၊ လူအုပ်ကြီးဘက် ပြေးဝင်လာပါတယ်။ တရှူးရှူး မီးခိုးတွေနဲ့ မျက် ရည်ယိုဗုံးငွေ့ကြားမှာ လူထုပရိသတ်ကြီးဟာ ပလက်ဖေါင်းပေါ်ကနေ ပေတရာလမ်းမပေါ် ပြိုကျလာပါတယ်။ အဲဒီ အချိန်မှာ သေနတ်သံ နှစ်ချက် ထွက်လာတယ်။

‘ ပစ် ပြီ ဟေ့ ’ ဆိုတဲ့အသံ -
‘ ကျည် မပါဘူး ’ ဆိုတဲ့ အသံ -

နောက်တော့ တဒိုင်းဒိုင်းအသံတွေကြားမှာ …
‘ ဟ…ကျည် ပါတယ် ဟ... ရှေ့မှာ ထိသွားပြီ ...သွေးတွေနဲ့ မတွေ့ဘူးလား...’ ဆိုတဲ့အသံ
တွေနဲ့အတူ၊ စစ်တပ်ရဲ့ လူထုကြီးဆီကို ပေတရာလမ်းမတလျောက် တည့်တည့်ပစ်ခတ်နေသံတွေကြားမှာ ကျနော်လဲ ပလက်ဖေါင်းဘေး ခုန်ချဝပ်မှောက်လိုက်ရပါတယ်။ ဝပ်ရင်း မော့်ကြည့်လိုက်မိတော့ သွေးတွေနဲ့ ထိမှန်ထားတဲ့ လူတ ယောက်ကို လူသုံးလေးယောက်က အတင်းဝင်ဆွဲနေတာ မြင်လိုက်ရတယ်။ မကြာခင်မှာပဲ မျက်ရည်ယိုဗုံးက မီးခိုးငွေ့ တွေ ဟပ်မိပြီး၊ မျက်ရည်တွေ တွေတွေ တွေတွေ ထွက်ကျလာလို့ ခပ်ဝါးဝါးဖြစ်လာရာကနေ၊ စက်မှုရိပ်သာတွေဖက်ဆီ ဆုတ်ပြေးသွားရတဲ့ လူအုပ်ကြီးကြားထဲ ကျနော်လဲ ပါသွားရတော့တယ်။

အုတ်ကျင်းဖက်ခြမ်း ပလက်ဖေါင်းပေါ်က လူ အုပ်ကြီးကလဲ၊ လမ်းဘေးရှိ ဆောက်လက်စတိုက်တခုက ပုံထားတဲ့ အုတ်နီခဲတွေနဲ့ စစ်သားတွေဆီ ပြန်ပစ်ရင်း တရုန်းရုန်းဖြစ်သွားတယ်။ ချက်ချင်းဆိုသလိုပဲ၊ စစ်တပ်ရဲ့ လမ်းမတည့် တည့်တလျောက်ပစ်နေတဲ့ ကျည်ဆံတွေဟာလဲ လေးဘက်လေးတန်ဆီကို အဆက်မပြတ် လှမ်းပစ်တော့တာပါပဲ။ ရက်ရက်စက်စက်ကို လူအုပ်ကြီးတွေဆီ လှမ်းပစ်တော့တာပါပဲ။ ဒါကြောင့် လမ်းဘေးက အိမ်ပေါ်က ကြည့်နေကြသူ တွေဆီကိုပါ ဝင်မှန်ပါတယ်။ စက်မှုရိပ်သာ တိုက်တန်းတွေဖက်ဆီ အပြေးဆုတ်လာရတဲ့ ကျနော်တို့လူအုပ်ကြီးရဲ့ ခေါင်းတွေပေါ်မှာလဲ ကျည်ဆံတွေ တဝီဝီ ဖြတ်လာပါ တယ်။

မျက်ရည်ယိုဗုံးဒဏ်ကြောင့် မျက်လုံးတွေ နီ၊ မျက်ရည်တွေ ကျ ၊ စပ်ပူ စပ်လောင်ခံစားကြရရင်း၊ စက်မှုရိပ်သာက တိုက်ခန်းတွေထဲ ပြေးဝင်လာရပါတယ်။ ‘ရေပေးပါ … ရေလေး ပေးကြပါ ခင်ဗျာ...’ လို့ တောင်းသံတွေနဲ့အတူ၊ စေတ နာကြီးလှတဲ့ အိမ်ခန်းရှင်တွေက ရေအိုးတွေ ချပေးလို့၊ ကိုယ့်ပုဆိုး ကိုယ်ဆုတ်ဖြဲပြီး၊ အဝတ်စကို ရေထဲနှစ်၊ မျက်နှာ အုပ်သူ အုပ်ကြရ ၊ အိမ်ရှင်တွေက ချပေးတဲ့ မျက်နှာသုတ်ပုဝါ လက်ကိုင်ပုဝါအစတွေ ရေဆွတ်ပြီး မျက်နှာသုတ်ကြ မျက်နှာသစ်ကြနဲ့ တရုန်းရုန်းဖြစ်သွားရပါတယ်။ ကျနော်လဲ ပုဆိုးစုတ်စ ရေနှစ်ပြီး မျက်နှာကို ခဏခဏသုတ်ပေးနေရ တယ်။

ဒီနားမှာဆက်နေရင် ဒီဘက်တွေအထိ ဆက်တက်လာပြီးရှင်းရင်၊ အဖမ်းခံကြရနိုင်တာကြောင့် ခပ်သုတ်သုတ်ဆက် ထွက်လာခဲ့ကြတော့၊ ဒဏ်ရာရသူ နှစ်ဦးကို မနိုင့်တနိုင် ပွေ့ယူလာကြတဲ့လူအုပ်တအုပ်နဲ့ ကင်ပွန်းခြံ ကင်ပွန်းခြုံတွေ ကြား သွားတိုးပါတယ်။ ကျနော်တို့ပါ ဝိုင်းကူပြီးသယ်ပေးခဲ့ရပါတယ်။ တယောက်က ဒူးကို ထိမှန်ထားပြီး ခြေထောက် ကြီးဟာ လည်ထွက်နေပါတယ်။ သွေးတွေကလဲ ဒလဟော ထွက်လို့။ တယောက်က ပေါင်ရင်းမှာ မှန်ထားတာပါ။

သမိုင်းကောလိပ်ဖက်ဆီ ဆက်ထွက်လာခဲ့ကြပြီး ဒဏ်ရာရထားသူ နှစ်ဦးကို လမ်းဘေးမှာ ခဏချထားရင်း၊ အဲဒီတုန်း က ဘယ်ကထွက်လာမှန်းမသိရတဲ့ ပလကအလုပ်သမားကားကြီးတစီးကို လူအုပ်နဲ့ လက်ပြတားလိုက်ကြပြီး နီးရာ ဆေးရုံ ဆေးခန်းတခုခုကို ပို့ပေးပါလို့ အကူအညီတောင်းကာ ဝိုင်းပြီးတင်ပေးလိုက်ကြပါတယ်။ တဦးကတော့ ဒဏ်ရာ ရသူရဲ့ ညီတော်လို့၊ သူလိုက်သွားမယ်ဆိုပြီး ဒဏ်ရာရထားသူနဲ့အတူလိုက်သွားမှ ကျနော်တို့လဲ ရပ်ကွက်ထဲ ဟိုကွေ့ သည်ရှောင် ဝင်ရင်း လူစုခွဲပြီး ပြန်လာခဲ့ရပါတယ်။

အဲဒီအချိန်မှာပဲ ...
‘ ပုံ - သိန်းအောင်၊ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ’ ဆိုတဲ့ နာမည်နဲ့ ထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၁၄၄ အမိန့်ကျေညာချက် အသံဟာလဲ နေရာအနှံ့ကနေ ထွက်ပေါ်လာနေပါတယ်။ မြန်မာ့အသံကနေ တဆင့်၊ ကားတွေပေါ်ကနေ တဆင့် လှည့်လည်အော်ဟစ်ကျေညာနေသံဟာ သပိတ်မှောက်အလုပ်သမားထုရဲ့ ကြွေးကြော်သံတွေအကြားမှာ ပျာလောင် ခတ်မျှ ထွက်ပေါ်လာနေခဲ့ပါတယ်။
မရှေးမနှောင်းမှာပဲ ...
‘ပုံ - အေးကို ၊ တိုင်းမှူး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ’ဆိုတဲ့ ကျေညာသံလဲ ထွက်ပေါ်လာပြန်ပါတယ်။ စစ်မာန် စစ်သံ တင်းတင်းနဲ့ ကျေညာလိုက်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အသံဟာ စစ်ကားတွေပေါ်က တဆင့်၊ ပြည်သူလူထုကြီးကို အပေါ်စီးကနေ ချိမ်းခြောက်နေသလို ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိန်ဝင်းရဲ့ နိုင်ငံတော်မှာ ဆန်အလုံအလောက်ရှိတဲ့အကြောင်း၊ ဆန်ပြဿနာ တစုံတရာမရှိနိုင်တဲ့အကြောင်း ရှင်းလင်းပြေဆိုသံဟာ မြန်မာ့အသံကနေ ဆက်တိုက်လိုလို ထွက်ပေါ်လာနေခဲ့ပါ တယ်။

ညဖက်ရောက်တော့ သမိုင်းချည်စက်ရှေ့ဒီပစ်ခတ်မှု ကြီးကြောင့် သွေးမြေကျ ရတာမှာ သေကြေထိခိုက် ဒဏ်ရာရကြ ရသူတွေ မနည်းလှကြောင်း၊ ဟိုက သည်က ထပ်ပြီး ကြားရပါတယ်။ ကျနော့်ရှေ့မှာတင် မြင်လိုက်ရတာက လေး ယောက်တိတိ။ ကျနော်ကိုယ်တိုင် မမြင်လိုက်ရတဲ့ဘက်မှာက ဘယ်နှစ်ယောက် ရှိလေမလဲ မသိပါ။ ဒါ..ဇွန်လ(၆)ရက် သမိုင်းချည်စက်ရှေ့က ကျနော့်ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်တကွက်ပါ ။ ဒီ သမိုင်းချည်စက်ရှေ့က သွေးမြေကျ ခဲ့ ရမှု အဖြစ်အပျက်ကြီးဟာ ‘၇၄ - ဇွန်(၆)အလုပ်သမားအရေးတော်ပုံကြီး’ ရဲ့ ဘယ်တော့မှ ဖျောက် ဖျက်ပစ်လို့မရနိုင် မယ့် ကနဦးအဖွင့်နိဒါန်းသဖွယ်လဲ ဖြစ်ခဲ့ပါတယ်။

ဇွန်လ(၆)ရက်အကျော် (ရ)ရက်နေ့အကူးမှာလဲ သမိုင်းချည်စက်ရှေ့က ပထမဆုံးသွေးမြေကျခဲ့ရရာ နေရာအနီးမှာပဲ နောက်ထပ်ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိပ်ကွပ်တာ ခံခဲ့ကြရပြန်ပြီး၊ ဆင်မလိုက်သင်္ဘောကျင်းသပိတ်ကိုလဲ အတင်းဝင်ရောက်ပစ်ခတ်ဖြိုခွဲပစ်လို့ သေဆုံးရတဲ့ အလုပ်သမားတွေ ရှိခဲ့ရပါတယ်။ စစ်တပ်နဲ့ဝင်ပြီး အတင်းဖမ်းဆီးခံ ကြရတာတွေကတော့၊ ဆန္ဒပြတဲ့ စက်ရုံအလုပ်ရုံ တိုင်းလိုလိုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အင်းစိန်မီးရထားစက်ခေါင်းရုံ၊ အုတ်ကျင်းဂုံနီစက်ရုံ၊ ဆင်မလိုက်သင်္ဘောကျင်း၊ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံနဲ့ သမိုင်းချည်စက်တို့က အလုပ် သမားတွေ အများဆုံးဖြစ်ခဲ့ပါတယ်။ အုတ်ကျင်းဂုံနီစက်ရုံက အဖမ်းအဆီးခံကြရသူတွေထဲမှာ ကျနော့်မိတ်ဆွေ စာရေး
ဆရာဖိုးကျော့ တို့လဲ ပါခဲ့ပါတယ်။

ပြည်သူလူထုကြီးရဲ့ (၉ဝ ဒဿမ ၁၉)ရာခိုင်နှုန်းကျော်က တခဲနက်ထောက်ခံဆန္ဒပြုထားကြတဲ့ ‘၁၉၇၄- ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေ’ ဆိုတာကြီးကို လူထုကြီးတရပ်လုံးရဲ့ အကျိုးပွားအတွက် အောင်မြင်စွာအကောင်အထည်ဖေါ် အတည်ပြု ပြဌာန်းနိုင်ပြီးပြီ လို့ မိုးတလုံးလေတလုံးလိမ်ညာကြွေးကြော်ဟစ်အော်ပြသနေဆဲ ကာလမှာပဲ၊ အသံတောင် မစဲသေးမီမှာပဲ၊ မဆလစစ်အစိုးရဟာ ဆန်တောင်းတဲ့အလုပ်သမားတွေကို ကျည်ဆံတွေပဲပေးပြီး၊ သူတို့ရဲ့ စစ်အာ ဏာရှင် ဘီလူးသရုပ်ကို အစွယ်တပြူးပြူးနဲ့ ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာမှ ကာလတခု ခြားပြီး၊ စက်ရုံ အလုပ်ရုံ ဝန် ထမ်းတိုင်းကို တလလျှင် လူတကိုယ် ဆန်(၅)ပြီ နှုန်း ထုတ်ပေးခဲ့ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကြီးရဲ့ အကျိုး ဆက်တခုလို့ပဲ ပြောရမှာပါ။ နောက်ပိုင်းတော့ ‘အလုပ်သမားကောင်စီ’ ဆိုတဲ့ နာမည်အစား၊ ‘အလုပ်သမားအစည်း အရုံး’ လို့ နာမည်အသစ်ပြောင်းပြီး သဏ္ဍာန်အရ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းပေးတာတွေ လုပ်ခဲ့ရပါတယ်။

ဂုဏ်ရောင်ပြောင်တဲ့၊ သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းတင်ထားရမယ့် ဒီ ‘ ဇွန် ၆၊ အလုပ်သမားအရေးတော်ပုံကြီး’ ဟာ ဗမာပြည်အလုပ်သမားလှုပ်ရှားမှု သမိုင်းမှာသာမက၊ ဗမာပြည်စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းမှာရော၊ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာပါ ထာဝရ မော်ကွန်းထူထားခဲ့ရပါ ပြီ။
အလုပ်သမားထုရဲ့ ၈ုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲဝင်စိတ်ဓါတ် - ထာဝရ ဂုဏ်ရောင် ပြောင်ပါစေ ...
ဇွန်(၆)စိတ်ဓါတ် အဓွန့်ရှည်ပါစေ ...

( ဝင်းတင့်ထွန်း )
ဇွန်လ၊ ၁၉၉၉

မှတ်ချက်။ ။ ဇွန်(၆)အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်၊ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ အခု ပြန်လည်ရှာဖွေကူးယူရိုက်နှိပ်ပေးလိုက်ရတာ ဖြစ်ပါတယ်။

မေး(လ်) ဖြင့်ပေးပို့ သူအားအထူးကျေးဇူးတင်ရှိပါသည်။