welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

"အတိတ်သမိုင်းပြန်လှန်တဲ့အခါဆင်ခြင်စရာ"

Tuesday, July 27, 2010

ဒီတနှစ်လောက်အတွင်းဂျာနယ်တွေဖတ်ကောင်းလာတယ်။အရင်ကလိုအရည်မရအဖတ်မရ ဖျော်ဖြေရေးသတင်းတွေအစား နိုင်ငံရေးအကြောင်းဒီမိုကရေစီအကြောင်း၊ရွေးကောက်ပွဲအကြောင်း၊ သတင်းဆောင်းပါးတွေသူ့ ထက်ငါ ပြိုင်သထက်ပြိုင်အောင်
ဖေါ်ပြလာကြတယ်။

ယောင်ဝါးဝါးအသိ
ဒီလိုဖေါ်ပြလာကြတာလူကြီးပိုင်းအတွက်လဲကောင်းတယ်။မကြားရ၊မပြောရတာကြာပြီဖြစ်တဲ့ 
စကားတွေကို အားရပါးရဖတ်ပြီး အားရပါးရစားမြုံ့ ပြန်နိုင်ကြတယ်။လူငယ်လူရွယ်တွေအတွက်လဲအများကြီးကောင်းတယ်။
အဆက်ပြတ်နေတဲ့ခေတ်အကြောင်းတွေကိုသိကြရတယ်။ဂျာနယ်တွေကိုကျေးဇူးတင်မိတယ်။
လူငယ်လူရွယ်တွေသာမကဘူးအခုချိန်မှာ အသက်(၅၀)တန်းအောင်ရောက်နေသူတွေတောင် ကိုယ့်နိုင်ငံရဲ့ 
သမိုင်းကိုသေသေချာချာမှန်မှန်ကန်ကန်သိကြာတာမဟုတ်ဘူး၊ယောင်ဝါးဝါးလောက်သာသိကြတာ။
အတိတ်သမိုင်းကိုမသိတဲ့အခါကျတော့အခုပစ္စုပ္ပန်မှာရွေးကောက်ပွဲတို့ ဒီမီုကရေစီတို့ အကြောင်းတွေကို ကြားရတဲ့အခါမှာ
ဟိုလူပြောလဲဟုတ်နိုးနိုးဒီလူပြောလဲဟုတ်နိုးနိုးနဲ့ ယောင်ဝါးဝါးဖြစ်ကြနေကြရတယ်။
ကိုယ်တိုင်တိတိကျကျ ဘာမှဆုံးဖြတ်နိုင်စွမ်းမရှိကြဘူး။

တအံ့တသြဖြစ်ကြ
ဂျာနယ်လစ်တွေ ပြန်ပြီးဖေါ်ပြနေကြတဲ့ အတိတ်သမိုင်းကြောင်းတွေ ဖတ်ပြီး တချို့ ဆိုရင်မယုံနိုင်လောက်အောင်ကို ပါးစပ်အဟောင်းသားဖြစ်နေကြတာတွေ့ ရတယ်။
ကာတွန်းတွေတွေ့ ပြန်တော့လည်းဒီလိုသရော်လို့ ရသလား၊ဒီလိုလှောင်လို့ ရသလားနဲ့ တအံ့တသြဖြစ်နေကြတယ်။
ဒါကြောင့်ဂျာနယ်တွေကိုကျေးဇူးတင်တယ်ပြောခဲ့တာ။
ဒါပေမယ့်ဘ၀င်မကျသဘောမတူနိုင်တာတွေလည်းရှိပါတယ်။
ဂျာနယ်တွေကပြန်လည်ဖေါ်ပြတဲ့အတိတ်ဖြစ်ရပ်တွေထဲမှာအများစုကနိုင်ငံရေးသမားအချင်းချင်းကွဲ
ကြပြဲကြတာတွေ တဦးနဲ့ တဦးအပြန်အလှန်ပုတ်ခတ်တာတွေချည်းတွေ့ ရတယ်။
နိုင်ငံရေးဆိုတာကိုယ်တိုင်မကြုံဘူးသူတွေရဲ့  အမြင်မှာနိုင်ငံရေးသမားတွေ ဆိုတာ ဒီလိုဘဲကွဲကြပြဲကြတိုက်ခိုက်နေကြတာဘဲ၊
ဘယ်သူမှမကောင်းပါလားလို့ ယူဆထားစရာဖြစ်နေတယ်။
ဒီနေ့ မြန်မာ့တပ်မတော်ရဲ့ အမတေဖြစ်တဲ့ ရဲဘော်သုံးကျိပ် ဗိုလအောင်ဆန်း၊ဗိုလ်လင်္ကျာ၊ဗိုလ်စင်္ကြာ၊ဗိုလ်နေ၀င်း၊
ဗိုလ်ဇေယျ၊ဗိုလ်ရန်အောင်၊ဗိုလ်မှုးအောင်၊ဗိုလ်ဗလ၊ဗိုလ်တာရာ၊စတဲ့ပဂ္ဂိုလ်တွေအားလုံးဟာ သခင်ဘွဲ့ ခံနိုင်ငံရေးသမား
ဆိုတဲ့အချက်မှေးမှိန်ကွယ်ပျောက်သွားနိုင်ပါတယ်။

နားမလည်နိုင်ဘူး
ညီညွတ်ရေးအရေးကြီးပုံကို ပြောချင်လို့ အကွဲအပြဲတွေကို ပြန်ဖေါ်ထုတ်တာဆိုတဲ့အကြောင်းပြချက်ကလည်းမှန်တယ်မထင်ပါဘူး။
ညီညွတ်ရေးအကြောင်းတခြားပြောစရာပြစရာ နမူနာတွေအများကြီးရှိပါတယ်။၁၃၀၀ပြည့်အရေးတော်ပုံကြီးအကြောင်း၊၁၉၂၀၊၁၉၃၆
ကျောင်းသားသပိတ်ကြီးအကြောင်းတို့ ၊နေသူရိန်အစည်းအဝေးကြီးအကြောင်းတို့ ။ပင်လုံညီလာခံအကြောင်းတို့ လိုအကြောင်းတွေ
မနည်းလှပါဘူး။ဒါတွေကိုဇောင်းပေးဖေါ်ထုတ်ခြင်းမပြုဘဲနဲ့ ကွဲတာပြဲတာတွေချည်းဖေါ်ထုတ်နေကြတာတော့ နားမလည်နိုင်အောင်
ဖြစ်ရပါတယ်။လူ့ လောကမှာအမြင်သဘောထားခြင်းမတူကွဲပြားတာဟာလူ့ သဘာဝဖြစ်တယ်။ကဲ့ရဲ့ ရှုတ်ချရမယ့်ကိစ္စမဟုတ်ဘူး၊
နိုင်ငံရေးလုပ်တယ်ဆိုတာကလည်းလူ့ လောကအရေးကိုလုပ်ကြတာဘဲ။အဲဒီတော့သဘောများအယူအဆကွဲပြားတာတွေ ဆွေးနွေးငြင်းခုန်
တာတွေ ရှိမြဲဖြစ်တယ်။

ငြင်းခုန်တာလူ့ သဘာဝ
ဆွေးနွေးငြင်းခုန်ခြင်းဟာရန်ဖြစ်တာမဟုတ်ပါဘူး။သမ္မတ အိုဘာမားရဲ့ ကျန်းမာရေးဥပဒေကို အမေရိကန်တစ်နိုင်ငံလုံးငြင်းးခုံခဲ့ကြသလို
လွှတ်တော်နှစ်ရပ်လုံးမှာလည်းငြင်းခုံဆွေးနွေးကြတာပါဘဲ။လွှတ်တော်ထည်းမဲခွဲတဲ့အခါမှာလည်းအိုဘားမားရဲ့ ပါတီကဒီမိုကရက်အမတ်
ကန့် ကွက်မဲပေးသူတွေရှိခဲ့သလို၊ပြိုင်ဘက်ရီပတ်ဘလစ်ကန်အမတ်တွေကထောက်ခံမဲပေးသူလည်းရှိခဲ့ပါတယ်။အဲဒီလိုငြင်းခုန်ခဲ့ကြလို့ 
ကန့် ကွက်/ထောက်ခံမဲပေးခဲ့ကြလို့ ဘယ်ပါတီမှနှစ်ခြမ်းမကွဲသွားသလို ဘယ်အမတ်ကိုမှလည်းသူ့ ပါတီတွေကပုတ်ခတ်မပစ်ခဲ့ကြဘူး။
ဂျပန်နိုင်ငံက LDP ဆိုတဲ့ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေ တစ်ဒါဇင်လောက် တရားဝင်တည်ရှိနေတဲ့ပါတီဖြစ်တယ်။ဒါတောင် LDP
ဟာနိုင်ငံရေးအာဏာကို တစ်လျှောက်လုံးနီးပါး၊ချုပ်ကိုင်ထားနိုင်ခဲပါတယ်။ဂိုဏ်းအုပ်စုတွေကြောင့် ပါတီအစိတ်စိတ်အမွှာမွှာကွဲတာမျိုး
မဖြစ်ခဲ့ပါဘူး။

သဘောပေါက်သင့်တယ်
စိတ်ဓါတ်အတွေးအခေါ်ရင့်ကျက်သူတိုင်းငြင်းခုန်တာဟာရန်ဖြစ်တာမဟုတ်၊ကိုယ်နဲ့ အယူအဆမတူတိုင်းရန်သူဖြစ်သွားတာမဟုတ်ဆိုတဲ့
သဘောသဘာဝကိုနားလည်ကြပါတယ်။ဂျာနယ်တွေကဒီအချက်ကိုသဘောပေါက်ထားသင့်တယ်။မီးလောင်ရာလေပင့်သလိုဖြစ်မသွားအောင်
သတိထားဆင်ခြင်သင့်တယ်။ငြင်းခုံတိုင်းရန်ထဖြစ်တာမရင့်ကျက်သေးတဲ့ကလေးတွေရဲ့ အပြုအမှုဖြစ်တယ်။ရင့်ကျက်သူတွေဟာငြင်းတိုင်းရန်
ထမဖြစ်ဘူး၊ကိုယ့်နဲ့ မတူကိုယ့်ရန်သူလို့ သဘောမထားဘူး၊မတူပေမယ့်လက်တွဲမဖြုတ်တမ်းနေချင်ကြတယ်။အိုဘားမားနဲ့ ဟီလာရင်ကလင်တန်
ဟာအကြီးဆုံးပြိုင်ဘက်ကြီးများအဖြစ် တစ်ဦးနဲ့ တစ်ဦးအပြင်းအထန်ဝေဖန်တိုက်ခိုက်ကြငြင်းခုန်ခဲ့ကြတာဘဲ။ဒါပေမယ့်အခုတော့သမ္မတနဲ့ နိုင်ငံခြား
ရေးဝန်ကြီးအဖြစ်လက်တွဲနေနိုင်ခဲ့ကြတယ်။ဒါဟာရင့်ကျက်ခြင်းရဲ့ အကောင်းဆုံးသာဓကဖြစ်တယ်။

ကျေးဇူးကန်းရာရောက်ရောက်မယ်
ဂျာနယ်တွေအနေနဲ့ နှောင်းခေတ်လူငယ်တွေကို နိုင်ငံရေးနဲ့ ပက်သက်တဲ့ဗဟုသုတဖြန့် ဝေပေးရာမှာဒီအချက်တွေကို အလေးအနက်ထား
စဉ်းစားပြီးမှပေးသင့်တယ်။နိုင်ငံရေးသမားဆိုတာဘယ်သူမှမကောင်းဘူးဆိုတဲ့ အမြင်မှားတွေဖြစ်ပေါ်စေမယ့်အကြောင်းတွေကိုရှောင်ရှားသင့်
တယ်။လူငယ်တွေလက်ထဲဒီလိုအမြင်မျိုးစွဲသွားရင် နယ်ချဲ့ သမားတွေနဲ့ ဖက်ဆက်တွေကို အသစ်စွန့် တိုက်လိုက်ပြီး တိုင်းပြည်လွှတ်လပ်ရေးရ
အောင် မပစ်ဖပစ်၊အိုးပစ်အိမ်ပစ်၊သားပစ်မယားပစ်၊ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံ့ကျေးဇူးရှင်ကြီးများကို ကျေးဇူးကန်းရာရောက်သွားပါလိမ့်မယ်။
သတိထားကြ၊ဆင်ခြင်ကြစေလိုပါတယ်။


"လူထုစိန်ဝင်း"

ဝိညာဉ် များနှင့်အတူ

Sunday, July 25, 2010


ကိုယ် ရှေ့မှာမတရားတာကိုမြင်တာကစ တော်လှန်သူဘ၀ရောက်ခဲ့ရတာ ခုရော မတရားတာတွေကိုမျက်ကွယ်ပြုထားမယ်ထင်သလား အသက်ပိုကြီးလာတာအသိတရားပိုကြီးဖိုနဲ့ ရင့်ကြတ်လာဖို့ ပဲ ။
ကိုယ့်အယူအဆတွေဒီထက်ပိုခိုင်မာလာသမျှ မတရားမှုဟူသမျှ ဖေါ်ထုတ်ရမယ်။ရှင်းထုတ်ရမယ်။


ရှစ်ဆယ့်ရှစ်ရဲ့ည
ကျမကလေးဘ၀ပါ--
အကျီ င်္အဖြူ စကက်အစိမ်းနဲ့ 
ကျမလည်း စွာရဲခဲ့သူပဲပေါ့
ထ(၁) အင်းစိန် စုရပ် က
ရှစ်ဆယ့်ရှစ် ညအတွက်
ထင်ရှားတဲ့မှတ်တိုင်ပေါ့
အင်းစိန် ဆူးလေထိ လမ်းလျောက်
ကျမအဲဒီည အိမ်ကပျောက်ခဲ့တယ်

ပူလောင်စပ်ဖျင်း မောပမ်းခြင်းနဲ့ အတူ
အာခေါင်ကွဲအက်အသံတွေမထွက်တော့တဲ့ညပေါ့
ဒါပေမဲ့ဘေးဝဲယာက ပြည်သူ့ အသံ
ပင်ပမ်းရဒဏ်ပြေပြီပဲလေ

ဆားသံပရာခွံ့ ကျွေးလာတဲ့ပြည်သူ
ဖြူဖြူမဲမဲ ကျမနုတ်ခမ်း ဟပေးမြဲပေါ့
ဘယ်သူဦးဆောင်ဦးဆောင်
အားလုံးဟာတစ်သံတည်းပါ
အရေးတော်ပုံအောင်ရမည်

တဖြောင်းဖြောင်းလက်ခုတ်သံတွေရဲ့ကြား
မြို့ တော်ခမ်းမရှေ့ကိုရောက်သွားကြပြီ
ကျမကိုချီမရဲဘော်တစ်ဦးက
ငါ့ညီမငယ် ဒါဟောကွယ်တဲ့
ဘယ်သူဘယ်ဝါမသိ
ကျမစာရွက်ကိုင်ပြီးအသံကုန်ဟစ်တော့
လက်ခုတ်သံတွေမဆဲ
ဟုတ်တယ်ဟုတ်တယ်သြဘာပေး
ကျမ နထင်သွေးကြွ
အဲဒါကျမရဲ့တော်လှန်ရေးအစပါ
တက်နိုင်သူကလက်ကိုင်ပ၀ပလေးတွေဝေငှ
မျက်ရည်ယိုဗုံးသတင်းပျံ့လွင့်
အားလုံးဟာကြောက်ရွံ့ခြင်းအလျဉ်းမဲ့ညပေါ့
ခွန် ခွန် (၇၇) လာတယ်ဟေ့
ပစ် ခိုင်းလို့ ပြန်သွားတယ်တဲ့
ဟော -- ခုလာတာ နှစ်နှစ် (၂၂)
ချင်းတပ် အသစ်ဆိုပဲ
ပစ် ပစ် ကွာ ဒို့ ဆန္ဒကမ္ဘာသိစေရမယ်
ကျောင်းသားတစ်ဦးရဲ့အသံ

အဲဒီ့နောက် ဒိုင်း ဒိုင်း ဒိုင်း
ကျမကိုလူတစ်ယောက်ဆွဲပြေး
ဗန္ဓုလပန်းခြံဘေးကလက်မှတ်ရုံလေးကြားမှာ
ကျမတုန်ရီစွာနဲ့

ပစ်တယ်ဟပစ်တယ်ဟအသံကြားရာလှည့်ကြည့်
ကျမမျက်စိမမှားခဲ့ပါဘူး
ဖြူစိမ်း ရင်ဖုန်းနဲ့ကျောင်းဆရာမတစ်ဦး
သူနဲ့အတူကျောင်းသားနှစ်ဦးဝမ်းလျားမှောက်ကျ
သွေးအိုင်ထဲမှာ အဲဒီ့ညပေါ့

ကျမဒူးတုန်လို့ ရှေ့ဦးတည်ရာပြေး
လသာကပြည်သူဖေးမကူလို
အသက်ရှင်သန်ခွင့် ရခဲ့သေးပေမဲ့
ရှစ်ဆယ့်ရှစ်ညရဲ့ဝိညာဉ်များဟာ
ကျမတို့ နဲ့ အတူခုချိန်ထိ
တိုက်ပွဲဝင်နေဦးမှာအသေအချာပါ---
ခုလိုလ ရဲ့ ရှစ်ရှစ်(၈၈)ညတွေဟာ
အသစ်အသစ်သောဝေဒနာကိုရစေတာမို့ 
အာဏာရှင်မကျမချင်းအံကြိတ်အားခဲရင်းနဲ့ 
အမြဲထာဝရ သင်တို့ ဝိညာဉ်များ နဲ့ အတူတကွ--

မေအိခင်(လယ်ဝေး)


မိမိသည်ရှစ်လေးလုံးည တွင်မြို့ တော်ခန်းမရှေ့အထိပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးချိန်ထိ ဆက်လက်
ဆန္ဒပြသည့်အတွက် ၁၉၈၉ မတ်လတွင်(၅)လနီးပါးထောင်သွင်းအကျဉ်းချခံခဲ့ရပြီးနောက် ၁၉၉၆ တွင်
ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု နှင့်ပတ်သတ်ပြီး (အမျိုးသားီးမိုကရေစီအဖွဲ့ ချုပ် လူငယ်တာဝန် ယူ
စဉ်) ထောင် (ရ ) နှစ် ကျခံခဲ့ရသည်။။ ဤ ကိုယ်တွေ့ ဖြစ်ပျက် ခဲ့သည့် ကဗျာ အား နှစ်စဉ် မိမိရောက်
ရှိသော နေရာများတွင်ဖြန့် ဝေခဲ့သည်။မျိုးဆက်သစ်များခံစားနားလည်နိုင်ရန် တော်လှန်ရေး သတိ အမြဲ ရှိနေစေဖို့ ရည်ရွယ်ပါသည်။

အလေးပြုပါတယ်

Sunday, July 18, 2010



ဒီမိုဝေရန်ထံမှ ( စီစဉ် သောသူအား အထူးကျေးဇူးတင်ပါသည်)

မေအိခင်(လယ်ဝေး)

အာဇာနည်နေ့  နှစ်လည် ကို ရန်ကုန် မှာ ကျေးဇူးသိတက်သူတွေကကျင်းပမယ်

Saturday, July 17, 2010







မဲဆောက် ကို ကျမ ၂၀၀၄ ကရောက်လာတော့ အံ့သြစရာ အများကြီးတွေ ထဲ မှ အာဇာနည်နေ့  နှစ်လည်ကို မလုပ်ကြတဲ့
တော်လှန်ရေးသမားတွေ လို့ ပြောရတဲ့ လူတွေကြားကထူးခြားဖြစ်စဉ်ကို တွေ့ ရတယ်။ ကျမ လူကြီး လူလတ်တွေကိုလိုက်
မေးကြည့်တော့ အကြောင်းပြချက်တွေကမခိုင်လုံပါဘူး လူမျိုးရေးအမြင်ကျဉ်းသူတွေ ကို အားပဲနာသလိုလို ကြောက်ပဲကြောက်
သလိုလိုပေါ့ -ဒါနဲ့  ကျမ ပါဝင်ဦးဆောင်ခွင့်ရတဲ့ အဖွဲ့ တစ်ဖွဲ့ မှာ ကျမတို့ နှစ်စဉ်တိုင်း အာဇာနည်နေ့ အခမ်းအနား ကိုပြုလုပ်နိုင်
ခဲ့တယ် -
ပြောချင်ပါတယ် ရင်ထဲရှိတဲ့ မြင်တဲ့အမှန်တရားတွေ ရေးဖို့  ဒီဘလော့ကို စဖြစ်တာဆိုတော့ ထိမ်းထိမ်းသိမ်းသိမ်းတော့ ရင်ဖွင့်
ချင်ပါတယ်။
အနီဆိုတဲ့ နာမည်ခံထားသူတွေက ဆဲဗင်းဇူလှိုင်ကို မပျက်မကွက် မှိုင်း နှစ်လည်း မှိုင်းမွေးနေ့  တွေကို မပျက်မကွက် အမေမာ
ကိုလည်း မမေ့ကြ အခမ်းအနားတွေကျင်းပကြတယ်။ဒါလည်အစဉ်အလာကောင်းပါ ကျမ ကိုယ်တိုင်လည်း ဒီနှစ်လည်တွေမှာခံ
စားချက် ရှိပါတယ် ။
ဒါပေမဲ့ အယူအဆ တွေ ကိုပဲ မစွန့် နိုင်တာလား (စွန့် ပစ်ဖို့ မပြောပါဘူး) ရှမ်းပြည်နဲ့ နီးရင် ရှမ်းဆန္ဒ ရခိုင်ပြည်နဲ့ နီးရင် ရခိုင်
သဘော ဟော ခု ကရင့်ပြည်နယ် နဲ့ နီးတော့ကရင့်သဘော အနီယောင်ယောင်တွေများတော့ အနီသဘော လိုလို ဆိုကြဦးမလား
ဒါတွေ ဟာအမြင်ကျဉ်းမြောင်းတဲ့ အတွေးရယ်။ ရဲရဲရင့်ရင့် ကိုယ်ယုံကြည်မှု ကို ကိုးစားမပြရဲတဲ့ ဥာဏ်ဆိုးတွေကြောင့်ပဲ
ဒါမှမဟုတ် ကျေးဇူးတရားတွေ ကိုအောင့်မေ့တသမှု ကင်းမဲ့ကြလို့ ပဲ လို့ ကျမ မြင်ပါတယ် ။
ဥပမာပေးပြောရရင် ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဟာ သောတာပန် ဖြစ်ပြီဆိုရင် ဘုရား ကို ဘုရားလို့ မပြောနဲ့  မရှစ်ခိုးနဲ့ 
ပြောရင်ရှစ်ခိုးရင် သတ်ပစ်မယ်လို့  ဓါးမိုးထားရင်တောင် အဲ ဒီ့ သောတာပန်တည်ပြီး ဖြစ်ပြီးသား အရိယာ က အသေခံပြီး
ဗုဒ္ဓ ကို ကိုးကွယ်ဆည်းကပ်ပါတယ် ။
ပရယ်ပိုဇယ် နဲ့ ရပ်တည်ရေး တွေ အတွက် နိုင်ငံတကာမှာ ဒေါ်အောင်ဆန်းစုကြည် အနီးကပ်ပါ ဒေါ်စု ကိုဘယ်လိုထောက်ခံ
တာဒေါ်စုက ဘာတွေပေးဆပ်တာ ဒေါ်စု နာမည် နဲ့  ထမင်းစားနေရတဲ့ တော်လှန်ရေး အင်အားစုတွေဟာ တခါမှ အာဇာနည်
နေ့ ကို ကျင်းပတာမတွေ့ ဖူး မကြားဖူးပါဘူး ( ခြွင်းချက် --(မဲဆောက်ကို ဆိုလိုခြင်း) တစ်ကြိမ်သာ ကြား သိဖူးသည်)
အာဇာနည် နေ့ မှကျဆုံးသူတွေနာမည်ပဲ ရွတ်လိုက်ပါ မန်းဘခိုင် ၊ မိုင်းပွန်စော်ပွါးကြီး တို့  နာမည်ကြားရင်ပဲ တိုင်းပြည်လွတ်
လပ်ရေးအတွက်ကြိုးပမ်းသူတွေ ထဲ မှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ တိုင်းပြည့်ခေါင်းဆောင်တွေဟာဆို လူမျိုးအစုံပါပဲ။
ဗိုလ်ချုပ်တို့ က ၁၉၄၇ မှာ အလုပ်ကြံခံခဲ့ရတာပါ ။ကျမက ၁၉၇၂ မှလူဖြစ်တာ ဘယ်လောက်ပဲအတားအဆီးများပါစေ အာဇာနည် ကုန်း ကို ကျမ နှစ်စဉ်အရောက်တက်ပြီး အလေးပြု ခဲ့တယ်အာဇာနည် ခေါင်းဆောင်ကြီးများ ရဲ့ ပေးဆပ်ခဲ့ရမှု ကြိုးစားအားထုတ်ခဲ့မှု ကို မျိုးဆက်သစ် လူငယ်လေးတွေ ရင်ထဲကို ကျမတို့ ရင်ထဲ ရှိနေသလို ဘယ်သူတွေ က လက်ဆင့်ကမ်းရမှာလဲ
ကျမတို့ နဲ့  တိုင်းပြည်အတွက်လုပ်နေသူတွေ ဆိုတဲ့ ပုဂိုလ်တွေ က လက်ဆင့်ကမ်းရမှာ သမိုင်းပေးတာဝန်ပါပဲ ။
မနေ့ က မြန်မာပြည်ထဲက ကလေး တစ်ယောက်က ပြောတယ် အမရေ ဗိုလ်ချုပ်ရဲ့ အသံဖိုင်တွေ လူငယ်လေးတွေ ကျောင်းသား
လေးတွေ က အရမ်း နားထောင်ချင်တာပဲ ကျနော့်ဆီက တောင်းကြတာ အများကြီးပဲ တဲ့ 
- အားရကြေနပ်စရာပါပဲ ။
ကျမတို့  ဘယ့်သူကို အတုယူပြီး နိုင်ငံရေး လုပ်ခဲ့သလဲ ဆို သူ့ ခြေဖျား သူ့  ကြိုးစားခဲ့သမျှ သဲမှုံတစ်စတောင် မမှီပေမဲ့  သူ့ ရဲ့
မိန့် ခွန့်တွေ သူ့ ရဲ့ စကားတွေ ရှစ်လေးလုံးမှာ ဆို ဒီအရေးတော်ပုံကြီးကို သူ့ ဓါတ်ပုံ က ဦးဆောင်ခဲ့တာကို ပဲ ကြည့်ပါ။
ဗိုလ်ချုပ် ရဲ့ အံ့ချီးမကုန်တဲ့ ပေးဆပ်မှု တွေ ကို ဘယ်အယူအဆ လွှမ်းမိုးမှု နဲံ့ မှမေ့ပျောက်မနေကြဖို့  မသိကျိုးကျွံ မပြုမျကြဖို့ 
ဟာ သိတ်ကိုအရေးကြီး တဲ့ တာဝန်တစ်ရပ်ပါ ။
မျိုးဆပ်သစ်တွေ တော်လှန်ရဲတဲ့ စိတ် ဖြစ်ပေါ်ဖို့ ကလည်း ဗိုလ်ချုပ် ကို နမူနာပြဖို့ မှတပါး အခြားမရှိပါ ။ ဒီလိုပြောလို့ အဖိုးမှိုင်း
ကိုအောင်ကျော် တို့ ရဲ့ သမိုင်း ကို မလိုဘူးလို့ မဆိုလိုပါဘူး ။ ဗိုလ်ကြီးအုန်းကျော်မြင့် တို့ စလိုင်းတင်မောင်ဦးတို့ ကအစ နမူနာ
ယူရမဲ့ ပေးဆပ်ရဲသူတွေပါ ။
ဒါပေမဲ့ ဒီလိုနေ့ မျိုးကိုတော့ မသိကျိုးကျွံပြုနေတဲ့  တော်လှန်ရဲသူတွေပါဆိုတဲ့ သူတွေကို ကျမအသိပေးလိုက်တာပါ။
(မြန်မာပြည်က အခမ်းအနားလုပ်မဲ့သတင်းတွေ ဖိတ်စာလေးတွေ အာဇာနည်ကုန်းအတက်မှရင်ဆိုင်ကြရတဲ့(မဲ့) မြင်ကွင်းလေး
တွေ ကို တွေ့ ရ ပြန်ခံစားရတဲ့ အခါ ကျမဒီစာကို ရေးဖြစ်လိုက်တာပါပဲ)

ရပ်တည်ရေးအတွက်တော်လှန်နေသူတွေ ကို မဟုတ်ပဲ တော်လှန်ရေးအတွက် ရပ်တည်နေသူ အားလုံး ကို လေးစားလျက်

မေအိခင်(လယ်ဝေး)


ဗိုလ်ချူပ်ရဲ့ မိန့် ခွန်းတစ်ချို့ 

သပိတ်ကိစ္စ၊ လယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ၊ တိုင်းပြည်ကိစ္စတွေနဲ့
ဟိုပြေး သည်လွှားနဲ့ အင်မတန် ခေါင်းကြိမ်းတယ်။
ကျုပ်အဖို့ တိုင်းပြည် ခေါင်းဆောင်လုပ်ရတာ ခင်ဗျားတို့က သိပ်ပြီး စည်းစိမ်ရှိတယ်ထင်တယ်။
ကျုပ်အဖို့ ကျားအမြီးဆွဲမိလို့သာ ဆက်လုပ်နေရတယ်။
သို့သော် လွတ်လပ်ရေးရတဲ့အထိ ဆက်လုပ်ပြီး လွတ်လပ်ရေးရပြီးနောက် အနားယူရမလား မပြောတတ်သေးဘူး..

၁၉၄၇ခု ဖေဖေါ်ဝါရီလ ၂၅ ရက်တွင် ကျင်းပသော တောင်သူလယ်သမား ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှ

'ဒိုမီနီယံ' ကိစ္စနှင့် ပတ်သက်၍ ပြောတဲ့လူတွေ ရေးတဲ့လူတွေဟာ နားလည်လို့ ပြောတာ ရေးတာ မဟုတ်ဘူးဗမာပြည်မှာ နိုင်ငံရေးသမားတွေ သတင်းစာ ဆရာတွေ လုပ်နေတာ ပြောနေတာတွေဟာ သူတို့ဟာ သူတို့ နားမလည်တာတွေ အများကြီး ရှိတယ်။ နားမလည်ဘူး ပြောလိုက်တော့ ခံချင်မှာ မဟုတ်ဘူး။ မခံလောက်အောင် မှန်နေတော့ မခံချင် ဖြစ်တာဘဲ။ အဲဒါကို ကျွန်တော်က ရဲရဲကြီး ပြောလိုက်တယ် အဲဒီလို လုပ်တဲ့ နိုင်ငံရေးသမားနဲ့ သတင်းစာ ဆရာတွေ အများကြီး ရှိတယ်။ ကျွန်တော်ဟာ ဒီကိစ္စကို အချိန်ရလျှင် အပတ်စဉ်လိုလို နေ့စဉ်လိုလို တိုင်းပြည်ကို အမြဲ ရှင်းပြချင်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူများသို့ နောက်ဆုံး ပြောကြားခဲ့သည့် မိန့်ခွန်းမှ
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန် မြို့တော်ခမ်းမ လူထု စည်းဝေးပွဲ


ခေါင်းဆောင်ဆိုတာ ကိုယ်ယူချင်တဲ့နေရာကို ကိုယ့်
ဖာသာသတ်မှတ်ပြီး အရယူထားတာမဟုတ်ဘူး ။
အဲလိုလူတွေ ဟာ ကုမ္မဏီတွေ ရဲ့ အကြီးအကဲ အဆင့် ပဲ
ရှိတာမို့  သူတို့ ကိုခေါင်းဆောင် လို့  မသတ်မှတ်ပါနဲ့  ။
ခေါင်းဆောင်ဆိုတာအများကြည်ညိုလေးစား ပြီး
လူအများကြားမှာ ကောင်းတဲ့ဂုဏ်သတင်းတွေ လှိုင်
နေမှ ခေါင်းဆောင် လို့ မည်တွင်တယ်။


ဥပမာပေးရရင် ဗိုလ်ချုပ် တို့ လို အာဇာနည် ကြီးများ က တိုင်းပြည်ကို တကယ့်စေတနာ စစ်စစ်နဲ့  ဦးဆောင်ခဲ့တော့ ယနေ့ တိုင်းပြည်နဲ့ ပြည်သူတွေ ကမေ့ပျောက်လို့ မရဘူးပေါ့ ။ တိုင်းပြည့်ခေါင်းဆောင်
အာဇာနည်ခေါင်းဆောင် များ ဆိုတာ ဗိုလ်ချုပ် လို ဒေါ်အောင်ဆန်းစုကြည်လို အာဇာနည် ကိုးဦး လို ပေးဆပ်ရဲသူတွေပဲပေါ့။

မေအိခင်(လယ်ဝေး)

ဝမ်းနည်းကြေကွဲ ရပါသည်

Wednesday, July 14, 2010

ဝမ်းနည်းကြေကွဲ ရသည်ထက် ပို ၍ နှမျောတသ ရပါသည်။ သက်တမ်းစေ့ နေရသော်လည်း
မျက်စိမှိတ်မသွားစေ့ချင်သေးပါ။ ကျမ၏ မွေးသမိခင် ဖြစ်သူ ပန်တျာဝင်းဝင်းမော် ၏ ဆရာ
လည်းဖြစ် ကျမတို့ လေးစားချစ်ခင်ရသော ကိုဇာဂနာ (ခ) ကိုသူရ၏ဖခင်လည်းဖြစ် ပြည်သူ
တွေကို သူရဲ့အနုပညာ နဲ့  အလင်းတွေ အများကြီးပေးနိုင်ခဲ့တဲ့ အတွက် ဆရာကြီး နန်းညွန့် ဆွေ
ကွယ်လွန်ခြင်း အား မိသားစုနှင့် ထပ်တူ ၀မ်းနည်းကြေကွဲနှမျောတသရပါကြောင်း နှင့်အကျဉ်း
ထောင်တွင်းမှ ကိုသူရနှင့် ထပ်တူ နားလည်ခံစား ရပါသည်။
မေအိခင်(လယ်ဝေး)

မိတ်ဆွေအပေါင်းတို့ ..

..ယနေ့  ၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ )ညနေ (၅း၀၀)နာရီမှာ..ကျွန်တော်တို့ ရဲ့ ရဲဖော်ရဲဖက်၊သူငယ်ချင်း ဇာဂနာ ရဲ့ ဖခင်ဦးအောင်သိန်း(ခေါ်)
ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်)ကွယ်လွန်သွားရှာပြီဗျာ....

.......။

လေးစားဦးညွတ်လျက်....ကျော်သူ

(မနက်ဖြန်...၁၅.၇.၂၀၁၀ရက်နေ့ နံနက်၁၁း၀၀နာရီမှာရေဝေးသုသ၁န်မှာသဂြိုလ်ရန်စီစဉ်နေပါကြောင်း....။)

နာရေးကူညီမှုအသငိး ဥက္ကဋ္ဌ ဦးကျော်သူမှ ပေးပို့လာပါတယ်။

မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း...

ဒီမိုဝေရန် ထံမှ
__._,_.___

သမီး လေး မွေးနေ့ ပါ

Saturday, July 10, 2010


မိတ်ဆွေရဲဘော်အပေါင်း ကို ဖိတ်ကြားပါတယ် ။
အကြောင်းကြောင်းကြောင့် ဖိတ်စာမရောက် လည်း ဒီပို့ (စ်) လေးကို ကြည့် မိရင် လာခဲ့ ကြပါလို့  ဖိတ်ကြားပါတယ်။
စုထိတာ မေမေ

ဒီတော်လှန်သမိုင်းတွေအတွက် သွေးသစ်လောင်းရမယ်

Tuesday, July 6, 2010

ဒီကနေ့  ကျမတို့ ငယ်ငယ် က ကြားဖူးနေတဲ့ ဇူလိုင်ဆဲဗင်း(၄၈)နှစ်ပြည့်ပြီ။အသက်သွေးတွေ ဘ၀တွေပေးဆပ်ခဲ့တဲ့အဲဒီ့တော်လှန်သမိုင်းအတွက် ၈၈ လို မမြင်ခဲ့ရပေမဲ့ သိခွင့်ကြားခွင့်ရတဲ့အတွက် မပြီးပြတ်ခဲ့တဲ့ အာဏာရှင်တော်လှန်ရေးကို ကျမတို့ ခေတ်မှာ အဆုံးသတ် စေရမယ်။(ဆဲဗင်းဇူလိုင်တွင် ကျဆုံး ခဲ့ မကျဆုံးပေမဲ့အကျဉ်းကျခံခဲ့ အကျဉ်းမကျပေမဲ့ ဘ၀တွေကို ဆုံးရှုံးမှုအမျိုးမျိုးနဲ့ ပေးဆပ်ခဲ့ရတဲ့ နောင်တော်ကျောင်းသားတွေ ကို ကျမအလေးပြုပါတယ် ။

မေအိခင်(လယ်ဝေး)

ဆဲဗင်းဇူလိုင် - ရင်တွင်းမှ ငိုချင်းများ

၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း အချို့ရဲ့ ရင်တွင်း ခံစားမှု တချို့  ၏ ဇူလိုင် - ရင်တွင်းမှ

ခံစားမှု (၁)။

ကျောင်းတော် ခရီး
လမ်းမကြီး၌
သွေးစီး ပွက်ပွက်
ခုနစ်ရက်နေ့
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင် အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ ကောင်းရာ လားစေသော်ဝ်။
ခံစားမှု (၂)။


လက်သီး ဆုပ်လျက် ၊ ကြွေးကြော် တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသား လူရွယ် ရဲဘက်များ ...
နီရဲ ပူနွေး သတ္တိ သွေးကား
စွန်းထင်း ကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီ တကား
သြော် ....
သမိုင်း စာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့သွေး ကွက်မူ
အသူဖျက်၍ ရအံ့နည်း။
ခံစားမှု (၃)။

သူရူးမ တစ်ယောက်
သားပျောက် ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်း ဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။
ခံစားမှု (၄)။

ငါ့ရင်ဝတွင် ကျည်ဆံ ၀င်၍
သွေးရှင် လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်း ငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင် ဆန္ဒ မရမချင်း
အားမာန် တင်း၍
လက်ငင်း တိုက်ပွဲဝင်ကြပါ။

(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း များကနေ ခံစားရေးဖွဲ့ခဲ့ကြမှု များထဲမှ အချိုအား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

ငွန်ငယ်ထံမှ

ဒို့  ဗမာ အမျိုးသမီးများလည်း ထင်ရှားခဲ့ပေသည် ။

Saturday, July 3, 2010

စစ်အုပ်စု သည် သမိုင်းကြောင်းကိုဖျက် ၏ အစဉ်အလာကောင်းကိုထိုးနှက်၏ မြန်မာ

အမျိုးသမီးများ ၏ ဂုဏ်ရောင်ကို ရုပ်ရှင်အကယ်ဒမီရ အမျိုးသမီးများ ၏ အလှအပ အမူအယာများနှင့်
ဖုံးအုပ်နိုင်ရန်ကြိုးစား ၏ မည်သို့ ပင် မတန်မရာ လုပ်ပါစေ မြန်မာ အမျိုးသမီးထု က ဤ သို့  အမြင်ကျယ်
မှု တိုးတက်မှုရှိကြ၏ သို့ အတွက်ကြောင့် ကျမတို့ ခေတ် ကိုဖြင့် ရောက်ရမည်မှာ မလွဲ ပါဟု စာရေးသူ
အား အားပေးစကားပြောရင်း မြန်မာအမျိုးသမီးထုထံ လက်ဆင့်ကမ်းလိုက်ပါသည်။

“မြန်မာအမျိုးသမီးခေတ်နဲ့ မြန်မာအမျိုးသမီးများနေ့”'' 19-6-2010"

မိထ္ထီလာမြင့်မြင့်အေး(အများအခေါ်)


မြန်မာ့ဒီမိုကရေစီအင်အားစုများက ၁၉၉၇ ခုနှစ်ကစပြီး ဒေါ် အောင်ဆန်းစုကြည်မွေးနေ့ ဇွန်လ ၁၉ ရက်ကို “မြန်မာအမျိုး သမီးများနေ့” ရယ်လို့ သတ်မှတ်ကြပြီး နှစ်စဉ်နှစ်တိုင်း မြန်မာ အမျိုးသမီးများနေ့ ကျင်းပခဲ့ကြတာဟာ ဒီနှစ်ဆိုရင် ၁၄ နှစ် မြောက် ကျင်းပတာဖြစ်ပါတယ်။ အရင်က “မြန်မာအမျိုးသမီး များနေ့” ရယ်လို့ မရှိခဲ့ဘူးပါ။

“မိန်းမ - ဘ, သမီး”

မြန်မာနိုင်ငံမှာ လူဦးရေးရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီး များ ဖြစ်ကြပါတယ်။ အင်္ဂလိပ်ကျွန်ဘဝရောက်ခဲ့ကြရပြီး လွတ် လပ်ရေးတိုက်ပွဲ တလျှောက်လုံးမှာ မြန်မာအမျိုးသမီးများဟာ အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး အတူတိုက်ပွဲဝင်ခဲ့ကြတာ ပါ။ အမျိုးသားများနဲ့ တန်းတူစီတန်းလှည့်လည် ဆန္ဒပြခဲ့ကြ တယ်။ ခရီးရှည်ချီတက်လမ်းလျှောက်ခဲ့ကြတယ်။ သပိတ်မှောက်တယ်။ သပိတ်တားတယ်။ မြင်းနဲ့အတိုက်ခံကြရတယ်။ အရိုက်ခံ အ ဖမ်းခံကြရတယ်။ ထောင်ကျခဲ့ကြတယ်။ အသတ်ခံအသေခံပြီး တိုက်ခဲ့ကြတယ်။ အမျိုးသားတွေထက်ပိုတာက မုဒိမ်းအကျင့်ပါခံကြရ ပါသေးတယ်။

“မိန်းမ သတ္တိ”

နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓါတ်တွေ၊ မျိုးချစ်စိတ်ဓါတ်တွေ၊ တရားဟောပြောမှုကအစ အမျိုးသားတွေထက် နောက်ကျမကျန်ခဲ့ကြပါဘူး။ နယ်ချဲ့ကို ဆန့်ကျင်ရာမှာ အင်္ဂလိပ်မုန်းကြောင်း ခေါင်းပေါ်ကလိပ်ခွံဘီးကို ချိုးလွှင့်ပြစ်တယ်။ ခါးပေါ်က အင်္ဂလိပ်လုပ် အင်္ကျီစဝတ် ထားတာကို ဆုတ်ဖြဲပြခဲ့ ကြတယ်၊ ဆန္ဒပြပွဲမှာ အင်္ဂလိပ်အရေးပိုင် (D.C) ဒုတိယကော်မရှင်နာ (ယ္ခု ခယကဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီးအဆင့်) ကို ဖိနပ်နဲ့ ပါးရိုက်ပြီး ထောင်အကျခံခဲ့တယ်။

“အားနွဲ့သူလား”

ခေတ်အဆက်ဆက်-
- ဂျီစီဘီအေခေတ်မှာ ကုမ္မာရီ အမျိုးသမီးအသင်း
- ဒို့ဗမာအစည်းအရုံးခေတ်မှာ သခင်မ သခင်မကြီးများ
- ဖဆပလခေတ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ လွတ်လပ်ရေးအမျိုးသမီးအဖွဲ့
- ပြည်သူ့ရဲဘော်အဖွဲ့ချုပ်မှာ ရဲဘော်၊ ရဲမေ
- ဗမာပြည်ကွန်မြူနစ်ပါတီမှာ အမျိုးသမီးကွန်ဂရက်၊ အမျိုးသမီးသမဂ္ဂ

အဲဒီလိုတွေဖွဲ့စည်းပြီး အသင်းအပင်းအဖွဲ့အစည်းနဲ့ကို အမျိုးသားများနဲ့ ရင်ဘောင်တန်းပြီး တတပ်တအားပါဝင်ခဲ့ကြတာပါ။
“ဘယ်သောအခါမှ နောက်မကျန်ရစ်ခဲ့ကြပါ။”

ခေတ်အဆက်ဆက် လှုပ်ရှားမှုတိုင်း ပါတီအဖွဲ့အစည်းတွေဖွဲ့တိုင်း အမျိုးသမီးအဖွဲ့ မပါရင် မပြီးခဲ့ပါဘူး။ ပမညတမှာ အမျိုးသမီးညီ ညွတ်ရေးအဖွဲ့။ ပြည်သူ့အမျိုးသမီးအဖွဲ့ချုပ်။ တည်မြဲ၊ သန့်ရှင်း ဖဆပလကွဲတော့ ဦးနုရဲ့ ပထစမှာ ပြည်ထောင်စုအမျိုးသမီးအဖွဲ့။ ထ မိန်နီ၊ ထမီဝါ တွေနဲ့ပါ။
“အဖြည့်ခံဘဝနဲ့”

အဲဒီလို သမိုင်းမှာ မြန်မာအမျိုးသမီးတွေဟာ အမျိုးသားများနဲ့ တန်းတူရင်ဘောင်တန်းပြီး စဉ်ဆက်မပြတ် လှုပ်ရှားခဲ့ကြပေမဲ့ “မြန်မာ အမျိုးသမီးများနေ့” ရယ်လို့ သတ်သတ်မှတ်မှတ် ထိုက်ထိုက်တန်တန် အသိအမှတ်ပြုခြင်းမခံခဲ့ကြရပါဘူး။ အမျိုးသားများသာ သမိုင်း မှာ ထင်ရှားပြီး အမျိုးသမီးများရဲ့သမိုင်းဟာ တိမ်မြုပ်ပျောက်ကွယ်နေခဲ့ပါတယ်။ အမျိုးသားများနဲ့ တန်းတူရည်တူတဲ့အခွင့်အရေး မရ ခဲ့ကြပါဘူး။ အဖြည့်ခံဘဝသာ ဖြစ်ခဲ့ကြရပါတယ်။

“အာဇာနည် စုဖုယားလတ်”

ဒီလိုဖြစ်ရတာဟာ ကျမတို့အမျိုးသမီးခေါင်းဆောင်တွေရဲ့ အစွမ်းအစက ညံ့လို့လား။ မဟုတ်ပါဘူး။ ထက်မြက်ပြီး စွမ်းရည်ပြည့်ဝတဲ့ ပညာရှိ၊ သတ္တိရှိ၊ သိက္ခာရှိ၊ အိနြေ္ဒရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ဒုနဲ့ဒေးပါ။ သမိုင်းမှာရှာဖွေလေ့လာရင်တွေ့နိုင်ပါတယ်။ ကျမတို့ မြန်မာ့သမိုင်းမှာ “ဗီလိန်” လို့သိနေကြတဲ့ မိဘုရား စုဖုယားလတ်အကြောင်း လေ့လာကြည့်လိုက်တော့ တကယ့်အစွမ်းထက်တဲ့ အမျိုး သမီးခေါင်းဆောင်ဆိုတာ တွေ့ရပါတယ်။ စုဖုယားလတ်ဟာ မိဘုရားဖြစ်နေလို့ပါ။ ဘုရင်မသာဖြစ်ခဲ့ရင် ကျမတို့နိုင်ငံ ကျွန်ဘဝ မ ရောက်နိုင်ဘူးလို့လည်း ထင်မြင်မိပါတယ်။ စုဖုယားလတ်အကြောင်း တစွန်းတစတင်ပြရရင် သီပေါဘုရင် ကံတော်ကုန်တော့ မြန်မာ နိုင်ငံကို အလောင်းပြန်သယ်ဖို့ စုဖုယားလတ်က စီစဉ်တယ်။ အင်္ဂလိပ်အစိုးရက နိုင်ငံတွင်းမတည်မငြိမ်ဖြစ်မှာစိုးလို့ ခွင့်မပြုဘူး။ ရတ နာဂီရိမှာပဲ သင်္ဂြိုလ်ဖို့ အင်္ဂလိပ်အစိုးရကခွင့်ပြုတယ်။ စုဖုယားလတ်က လက်မခံတော့ အင်္ဂလိပ်အစိုးရက သီပေါဘုရင်အလောင်းကို အတင်းအဓမ္မလုတယ်။ မိဘုရား စုဖုယားလတ်ဟာ အလောင်းပိုက် အဆောင်သော့ခတ်ပြီး အချိန်ကြာမြင့်စွာခုခံတယ်။ နောက်ဆုံး အ င်္ဂလိပ်အစိုးရက အင်အားသုံး အဓမ္မလုတော့မှ သီပေါဘုရင်အလောင်း အင်္ဂလိပ်အစိုးရ လက်ထဲရောက်သွားတယ်။ သူတို့ကြိုက်သလို သင်္ဂြိုလ်လိုက်ကြတယ်။

“သုံ့ပန်းအကျဉ်းသား မိဘုရား”

စစ်ရှုံးသုံ့ပန်း ဘုရင့်မိဘုရားဟာ ပင်လယ်ရပ်ခြားတိုင်းတပါးမှာ နေမဝင်အင်ပါယာပိုင်ရှင် အင်္ဂလိပ်နယ်ချဲ့အစိုးရကို အထိန်းသိမ်းခံ အ ကျဉ်းသား ဘဝနဲ့အံတုခဲ့တဲ့ သတ္တိကိုလေ့လာသိရှိရခြင်းဖြင့် သူမရဲ့အစွမ်းထက်မြက်မှု မြန်မာအမျိုးသမီးများရဲ့ထက်မြက်မှုကို အကဲ ဖြတ်နိုင်ပါလိမ့်မယ်။ မိဘုရားစုဖုယားလတ်ဟာ မြန်မာနိုင်ငံကို ကြိုသူမရှိ၊ အသိအမှတ်ပြုသူမရှိဘဲ မထင်မရှားနဲ့ ပြန်ရောက်လာ ခဲ့ရပါ တယ်။

သမိုင်းမှာ ကျမတို့ မြန်မာအမျိုးသမီးခေါင်းဆောင်တွေ ဘယ်လောက်ဘဲ စွမ်းဆောင်နိုင်ပါစေ ရှေ့တန်းရောက်မလာခဲ့ကြပါဘူး။ အ မျိုးသားခေါင်း ဆောင်ကြီးများရဲ့ ဇနီးမယားအဖြစ်နဲ့ ညှိုးနွမ်း၊ မှေးမှိန်၊ တုံးကုန်ကြတာတွေ့ရပါတယ်။

“ထိုက်တန်တဲ့နေ့”

ဒါ့ကြောင့် ကျမတို့မြန်မာနိုင်ငံအမျိုးသမီးများရဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုခံရရေးနဲ့ အမျိုးသားများနဲ့ တန်းတူရရှိရေးတို့အတွက် “မြန်မာအမျိုး သမီးများနေ့” မှတ်တိုင်ထူရတာဖြစ်ပါတယ်။ ဒီလို သတ်မှတ် မှတ်တိုင်ထူရာမှာ သတ်မှတ်ချင်တဲ့နေ့ကို ပေါ့ပေါ့တန်တန် သတ်မှတ်လို့လည်းမဖြစ် နိုင်ပါဘူး ကျမတို့ထူလိုက်တဲ့ “မြန်မာအမျိုးသမီးများနေ့” မှတ်တိုင်ဟာ ထာဝရတည်မြဲဖို့လည်းလိုပါတယ်။

“စစ်အာဏာရှင်ခေတ်မဟုတ်”
“အမျိုးသမီးများခေတ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို "မြန်မာအမျိုးသမီးများနေ့" သတ်မှတ်ရတဲ့အကြောင်းတင်ပြပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးကိုး ကွယ်မှု ထူထောင်ဖို့မဟုတ်ပါဘူး။

ဒီခေတ်မှာ စစ်အာဏာရှင်အုပ်စိုးနေတာမှန်ပါတယ်။ စစ်အာဏာရှင်ခေတ်လို့ မြင်ကြမှာပါ။ ဒါမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ "မြန်မာအမျိုးသမီးများခေတ်" ဖြစ်ပါတယ်။ ဒို့ အမျိုးသမီးများခေတ်ကိုရောက်ပါပြီ။ အမျိုးသမီးသူရဲကောင်းတွေ ပေါ်ထွန်းလာတာတွေ့နိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံတကာက မြန်မာအ မျိုးသမီးတွေကို အသိအမှတ်ပြုလာကြရတဲ့ခေတ်ပါ။ မြန်မာအမျိုးသမီးတွေကို ဂုဏ်ပြုဆုတံဆိပ်တွေ ချီးမြှင့်နေတာတွေ၊ မြန်မာအမျိုး သမီးငယ်တဦးကို အမေရိကန် သမတကြီးက လက်ခံတွေ့ဆုံနေတာတွေ၊ သတင်းမီဒီယာတွေမှာ မြန်မာအမျိုးသမီးတွေရဲ့ အခန်း ကဏ္ဍ၊ မြန်မာအမျိုးသမီးတွေရဲ့အသံကို နေ့စဉ်မြင်နေကြားနေရတာတွေ ရှိနေပါတယ်။ သူတော်စင် မြတ်သီလရှင်တို့ရဲ့ အေးမြကြည် လင် သာယာရွှင်တဲ့ ကြည်ညိုဘွယ်ရာ မေတ္တာပို့သံနဲ့၊ သေနပ်သံ တဒိန်းဒိန်းညံ "အားပြိုင်" လို့နေတာကိုလည်း တွေ့ခဲ့ကြရပါတယ်။ ဒါ တွေဟာ မြန်မာအမျိုးသမီးခေတ်ရဲ့ ကြေးမှုံပြင်ပါပဲ။

“ခိုင်မာတဲ့ ခေါင်းဆောင်မှု”

မြန်မာအမျိုးသမီးခေတ်ကို ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ…
- မြန်မာအမျိုးသမီးခေါင်းဆောင်
- မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
- မြန်မာနိုင်ငံ့ခေါင်းဆောင် Head of state ပထမဦးဆုံး အမျိုးသမီးခေါင်းဆောင်
- ကမ္ဘာ့ထူးခြားထင်ရှားတဲ့ နိုဘယ်လ်ဆုရှင် ….
ဒီလိုကြီးမြတ်တဲ့ခေါင်းဆောင်ကြီးဖြစ်ပါတယ်။

“နေမဝင် အမျိုးသမီးနေ့”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ခေတ်ဟာ မြန်မာအမျိုးသမီးများရဲ့ခေတ်ပါ။ မြန်မာအမျိုးသမီးများဆိုတာ မြန်မာပြည်တွင်းမှီတင်းနေထိုင်ကြ သော တိုင်းရင်းသူများအားလုံးပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဟာ “မြန်မာအမျိုးသမီးများနေ့” ဖြစ်ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကို မြန်မာနဲ့ ကမ္ဘာ့နိုင်ငံရေးဇတ်ခုံပေါ်က ဖယ်ရှားဖျောက်ဖျက်ပြစ်လို့ မရနိုင်ပါဘူး။ နွံထဲကိုနှစ်လို့မရတဲ့ “ပတ္တမြား” ပါ။ ကျမတို့ ဒီလိုမျိုး “မြန်မာအမျိုးသမီးများနေ့” လို့ သတ်မှတ်တာဟာ သင့်မြတ်ပါတယ်။ ခိုင်ခန့်ပါတယ်။ ဂုဏ်မြောက်ပါတယ်။ ဘယ် လိုပြိုင်ဖက်ကပဲဖြစ်ဖြစ် ပြိုင်ဆိုင်ပြီးချေဖျက်လို့ မရနိုင်ပါဘူးလို့ ဆိုချင်ပါတယ်။

ဒီကနေ့ နအဖစစ်အစိုးရဟာ ဇူလိုင်လ (၃) ရက်နေ့ကို “မြန်မာအမျိုးသမီးများနေ့” ရယ်လို့ သတ်မှတ်ကျင်းပကြတယ်လို့ ကြားရပါ တယ်။ ဘယ်အထိန်းအမှတ်နဲ့ သတ်မှတ်ကြတယ်လို့ တိတိကျကျမသိရပါဘူး။ ဒိအပြင် နအဖက ဖွဲ့စည်းပေးထားတဲ့ အမျိုးသမီးရေးရာ အဖွဲ့ဆိုရင် အမျိုးသမီးများရဲ့ အခွင့်အရေးကို အမှန်တကယ်ရစေချင်လို့ ဖွဲ့စည်းပေးထားတာမဟုတ်ပါဘူး။ စစ်ဗိုလ်စစ်သား မိန်းမများ၊ အရာရှိကြီး၊ ငယ်များရဲ့ ဇနီးမယားများနဲ့ အဓမ္မဖွဲ့၊ ဟန်ပြဖွဲ့၊ ပြိုင်ဆိုင်ဖွဲ့တာသာဖြစ်ပါတယ်။ အမှန်တကယ် အမျိုးသမီးတို့ရဲ့အရေးကို လုပ်နေတယ်ဆိုရင် ခေါင်းဆောင်အမျိုးသမီးများဟာ အမျိုးသမီးရေးရာဌာနမှာ မြဲနေရမှာပါ။ အခုတော့ ယောင်္ကျားရာထူးပြုတ်ရင် မိန်း မလည်းပြုတ်၊ ဒါဟာ အမျိုးသမီးရေးရာအဖွဲ့ အစစ်အမှန်မဟုတ် ဘူးဆိုတာကို ဖော်ပြနေခြင်းဖြစ်ပါတယ်။

ဒီလိုမျိုး ဟိုရှေးရှေးတုံးကလည်း ကုမ္မာရီအမျိုးသမီးအသင်းနဲ့အပြိုင် အင်္ဂလိပ်ဗျူရိုကရေစီအရာရှိကြီးများရဲ့ ကတော်တွေက အမျိုးသမီး နေရှင်နယ် ကောင်စီဆိုတာဖွဲ့ခဲ့ကြတယ်။ အသင်း ဥက္ကဋ္ဌက မင်းကြီးကတော် ဒေါ်မြမေပါ။ အသင်းလုပ်ငန်းက ရံဖန်ရံခါ ကလေးပြပွဲ၊ ကျန်းမာရေးပြပွဲ၊ လုပ်တာမျိုးပဲရှိခဲ့ပါတယ်။ နောက်ဆုံးတော့လည်း ပျက်သွားတာပါပဲ။

ကျမတို့ မြန်မာအမျိုးသမီးတွေ ထိုက်တန်တဲ့အသိအမှတ်ပြုမှုကို ရယူလိုရင်၊ အမျိုးသားများနဲ့ တန်းတူရည်တူအခွင့်အရေးတွေ ရနိုင်ဖို့ ဆိုရင် ….
(၁) မြန်မာနိုင်ငံအမျိုးသမီးများနေ့ရယ်
(၂) ဒေါ်အောင်ဆန်းစုကြည်ရယ်
(၃) မြန်မာအမျိုးသမီးထုရယ်၊ ခွဲခြားလို့ မရနိုင်ပါဘူး။

ဒိအပြင် အမျိုးသားများနဲ့ ရင်ဘောင်တန်းတိုက်ပွဲဝင်နေကြသော မြန်မာအမျိုးသမီးထုတရပ်လုံးရဲ့ စွမ်းဆောင်ရည်များ တိုးတက်မြင့် မားလာဖို့နဲ့ မြန်မာအမျိုးသမီးများနေ့ကို ကမ္ဘာတည်သရွေ့တည်တန့်အောင် အမျိုးသားများနဲ့ တန်းတူရေးတိုက်ပွဲ ရည်ရွယ်ချက် အောင်မြင်အောင်၊ ခိုင်ခန့်အောင်၊ ကျမတို့ မြန်မာအမျိုးသမီးထုကြီးတရပ်လုံးက ဇွဲနဲ့ သတ္တိနဲ့ လုံ့လဝီရိယနဲ့ ကြံ့ကြံ့ခံ ရပ်တည်ကြရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

မြန်မာအမျိုးသမီးများ သွေးစည်းညီညွတ်ကြ
မြန်မာအမျိုးသမီးများနေ့ အဓွန့်ရှည်ပါစေ

ဒေါ်မြင့်မြင့်အေး
အတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိတ္ထီလာ
၃ - ၇ - ၂ဝ၁ဝ