welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

၂၂ နှစ်ပြည်ခဲ့တဲ့ ကာလရဲ့နောက်မှာ ဒီအောင်ပွဲ ကို ဘယ်လို အဆုံးသတ်ဖို့ လိုတယ်ဆိုတာ သူတို့ ဟောပြောနေတယ် လုပ်ဆောင်နေတယ်။။

Wednesday, August 4, 2010



၈၈ အရေးတော်ပုံက ပေါက်ဖွါးလာတဲ့ ကျောင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူထုကျမ်းမာရေးအကျိုးပြုတွေလုပ်ပေးနေနိုင်
တဲ့ ကျောင်းသားဆေးခန်း (ခ) မယ်သော် ဆေးခန်း က ရှစ်လေးလုံး နှစ်ပတ်လည် သရုပ်ပြ မှုကို ကျောင်းသားလူငယ်တွေက ပြုလုပ်ခဲ့
ကြတယ် ။ မြို့ တော်ခမ်းမ ရှေ့ရဲ့ အဖြစ်ကိုပြန်မြင်ယောင် မိတော့ မျက်ရည် တွေ ထိမ်းမရခဲ့ဘူးပေါ့။။။





လူထုတိုက်ပွဲ ကော်မတီ (၂၀၁၀) မှာ ပါဝင်တဲ့ သူတွေ ဟာ အဖွဲ့ အစည်းအသီးသီးမှာ ပြန့်  နံ့ တည်ရှိခဲ့ပေမဲ့ အားလုံး ဟာ ရှစ်ဆယ့်
ရှစ် ကို ဖေါ်ဆောင် ခဲ့သူတွေ ဦးဆောင်ခဲ့သူတွေ ပါဝင် ခဲ့သူတွေ ဖြစ်တာမို့  မျိုးဆက်သစ် တွေ ကို ဒီကိုယ်တွေ့ အဖြစ်တွေ ထပ်တူမြင်
ကြား ခံစား နိုင်ဖို့ နဲ့  တော်လှန် ရဲတဲ့ သတ္တိသွေး တွေ လက်ဆင့် ကမ်းပေးနိုင်ဖို့  ထိုင်းနိုင်ငံ မှာရှိတဲ့ မြန်မာစာသင်ကျောင်းတွေ ကကျောင်းသားလူငယ်တွေ ကို ခုလို ဟောပြော ပွဲ တွေ ပြုလုပ်ခဲ့ကြတယ် ဟောပြောရုံမဟုတ်ပဲ ကျောင်းသားလူငယ်တွေ သိလို တာတွေ
သူတို့ ရဲ့ ဖြစ်စေ့ချင်တဲ့ အကြံဥာဏ်တွေ သဘောထား တွေ သူတို့ ရင်ထဲက ဆန္ဒတွေကို လည်းရယူဖလှယ်ခဲ့ကြတယ်ပေါ့ ဒီပုံ ကတော့
BHSOH ကျောင်း မှာ ဟောပြောနေတဲ့ ပုံပါ ။ဒါ့ အပြင် SAW ကျောင်း ၊ BLSO ကျောင်း၊ မင်းမဟောနဲ့  ယနေ့ နှစ်ပတ်
လည်ပြုလုပ်ခဲ့တဲ့  CTC ကျောင်းသားတွေ ရှိနေတဲ့  မယ်တော်ဆေးခန်းမှာလည်း လူထုတိုက် ပွဲ မှ တာဝန်ရှိသူများ က ကျောင်းအသီးသီး
ကို တာဝန်တွေ ခွဲဝေပြီး ကိုယ်တွေ့  အဖြစ်သနစ်တွေ နဲ့  နောင် လုပ်ဆောင်ရမဲ့ မပြီးဆုံးသေး တဲ့  သမိုင်းကြွေးတွေအတွက် ဆွေးနွေးတင်
ပြခဲ့ကြပါတယ် ။


ကျဆုံးသူတွေ ရဲ့ရည်ရွယ်ချက်က

ပြန်ပြောရင် မျက်ရည်စို့ တယ် ဒါတောင်ကျမပြန်ပြောရုံပဲ ရှိမယ် တွေး လိုက်တာ မပါသေးပါဘူး တွေးမိပြီ
ပြန်မြင်ယောင်လိုက်ပြီဆိုရင်ဖြင့် မျက်ရည်စီးကျရုံမက ရှိုက်ငိုမိခဲ့ရပါတယ် အဲဒါ ဒီလိုလ ဒီလိုဖြိုင်ဖြိုင်ရွာချ
နေတဲ့ မိုးကာလ ရှစ်ရက် ရှစ်လ -- လရဲ့ နှစ်တွေတိုင်းမှာပါ။
ကျမ ဘာ့ကြောင့် နှစ်ဆယ့် နှစ်နှစ်တာကာလလုံး အခဲမကြေနိုင်သေးတာလဲ သင်ပုန်းခြေပါတယ်ပြောနေ
သူတွေကိုနားမလည်နိုင်သေးတာလဲ ကျမ အညှိုးသိတ်ကြီးလို့ လား အတ္တကြီးလို့ လားကိုယ့်ကိုယ်ကိုယ်
အဆိုးမြင်တွေနဲ့ အရင်ဆုံးပြန်သုံးသပ်ပါတယ်။သေချာတာက တော့ ဒီကိစ္စက ကျမအတ္တ ကျမအညှိုး မဟုတ်
ဘူး ဆိုတာ သုံးသပ်နိုင်ခဲ့တယ်။
ကိုယ်ရေးကိုယ်တာ စိတ်ခံစားမှုနဲ့ ပတ်သတ်သမျှဟာတွေ ကိုယ်ကနစ်နာဆုံးရှုံးမှုတွေရှိရင်တောင်ကျမ ဒေါသပြင်းပြင်းခဏ ပဲဖြစ်ပါတယ် ကျမ စိတ်က ပြေလွယ်ပျောက်လွယ်တယ်ပေါ့
ရှစ်လေးလုံးရဲ့အတိတ်အရိပ် ကိုတော့ ဘယ်လိုအရာနဲ့ မှကျမမဖျောက်နိုင်ဘူး ။ ဒီည ကျမ ဆိုင်ပိတ်ပြီးအပြန်
မိုးတွေရွာနေတော့ ကျမစိတ်အာရုံမှာ --ကျမရဲ့ ၁၅ နှစ်ကျော် ကလေးဘ၀ မိုးရေထဲကနေ အလံကိုင်ပြီး ချီတက်
ခဲ့ရ ပစ်ခတ်လို့ ထွက်ပြေးခဲ့ရ လူပြန်စု ပြီး ပြန် ချီတက်ကြွေးကျော်ခဲ့ရ ကျမ တို့  မျိုးချစ်တပ်ဦးလူငယ် အဖွဲ့ ကနေ
အပစ်ခတ်ခံခဲ့ရတဲ့ ထောင်တွင်းအကျဉ်းသားတွေကို သွားကယ်ထုတ်ခဲ့ရတာတွေ တွေ့ ခဲ့ရတဲ့ အလောင်းတွေ
ကြက်သီးဖြန်းဖြန်းထ ပြန်သတိရမိပြီး ကျမ အကြွေးတင်နေသလိုပဲ ခံစားရတယ် ။
ဘာကြောင့်လဲဆိုရင် သေသူတွေကြားထဲမှာ ကျမကရှင်လျက် ကျန်ခဲ့ရတာကိုး ဒါကိုက တင်ကျန်နေ
သေးတဲ့ အကြွေးပဲ -- ဒီအကြွေးက သာမာန်ကြွေးတော့ မဟုတ်ဘူး သွေးကြွေးတွေပါ ။
မြို့ တော်ခန်းမရှေ့ အားနဲ့ မာန်နဲ့ ချွေးတွေ နစ်နစ်ချွဲတဲ့ ကြားက ကျည်တွေကြားက ဖြာထွက်တဲ့ နှလုံးသွေးပွက်
်တွေနဲ့ သေဆုံးခဲ့ရသူတွေဟာ တကယ်ကို ဒီ လူထုအင်အားဟာ ဒီမိုကရေစီရပြီပဲ လို့ ယုံကြည်ခဲ့ကြတာနော်
ယုံကြည်မှုနဲ့ အသေခံသွားကြတာ ။


ဆက်လက်ဖေါ်ပြပါမည် '' မေအိခင်(လယ်ဝေး)''


ဝိညာဉ်များနဲ့ အတူ


ရှစ်ဆယ့်ရှစ်ည
ကျမကလေးဘ၀ပါ--
အကျီ င်္အဖြူ စကက်အစိမ်းနဲ့ 
ကျမလည်း စွာရဲခဲ့သူပဲပေါ့
ထ(၁) အင်းစိန် စုရပ် က
ရှစ်ဆယ့်ရှစ် ညအတွက်
ထင်ရှားတဲ့မှတ်တိုင်ပေါ့
အင်းစိန် ဆူးလေထိ လမ်းလျောက်
ကျမအဲဒီည အိမ်ကပျောက်ခဲ့တယ်

ပူလောင်စပ်ဖျင်း မောပမ်းခြင်းနဲ့ အတူ
အာခေါင်ကွဲအက်အသံတွေမထွက်တော့တဲ့ညပေါ့
ဒါပေမဲ့ဘေးဝဲယာက ပြည်သူ့ အသံ
ပင်ပမ်းရဒဏ်ပြေပြီပဲလေ

ဆားသံပရာခွံ့ ကျွေးလာတဲ့ပြည်သူ
ဖြူဖြူမဲမဲ ကျမနုတ်ခမ်း ဟပေးမြဲပေါ့
ဘယ်သူဦးဆောင်ဦးဆောင်
အားလုံးဟာတစ်သံတည်းပါ
အရေးတော်ပုံအောင်ရမည်

တဖြောင်းဖြောင်းလက်ခုတ်သံတွေရဲ့ကြား
မြို့ တော်ခမ်းမရှေ့ကိုရောက်သွားကြပြီ
ကျမကိုချီမရဲဘော်တစ်ဦးက
ငါ့ညီမငယ် ဒါဟောကွယ်တဲ့
ဘယ်သူဘယ်ဝါမသိ
ကျမစာရွက်ကိုင်ပြီးအသံကုန်ဟစ်တော့
လက်ခုတ်သံတွေမဆဲ
ဟုတ်တယ်ဟုတ်တယ်သြဘာပေး
ကျမ နထင်သွေးကြွ
အဲဒါကျမရဲ့တော်လှန်ရေးအစပါ
တက်နိုင်သူကလက်ကိုင်ပ၀ပလေးတွေဝေငှ
မျက်ရည်ယိုဗုံးသတင်းပျံ့လွင့်
အားလုံးဟာကြောက်ရွံ့ခြင်းအလျဉ်းမဲ့ညပေါ့
ခွန် ခွန် (၇၇) လာတယ်ဟေ့
ပစ် ခိုင်းလို့ ပြန်သွားတယ်တဲ့
ဟော -- ခုလာတာ နှစ်နှစ် (၂၂)
ချင်းတပ် အသစ်ဆိုပဲ
ပစ် ပစ် ကွာ ဒို့ ဆန္ဒကမ္ဘာသိစေရမယ်
ကျောင်းသားတစ်ဦးရဲ့အသံ

အဲဒီ့နောက် ဒိုင်း ဒိုင်း ဒိုင်း
ကျမကိုလူတစ်ယောက်ဆွဲပြေး
ဗန္ဓုလပန်းခြံဘေးကလက်မှတ်ရုံလေးကြားမှာ
ကျမတုန်ရီစွာနဲ့

ပစ်တယ်ဟပစ်တယ်ဟအသံကြားရာလှည့်ကြည့်
ကျမမျက်စိမမှားခဲ့ပါဘူး
ဖြူစိမ်း ရင်ဖုန်းနဲ့ကျောင်းဆရာမတစ်ဦး
သူနဲ့အတူကျောင်းသားနှစ်ဦးဝမ်းလျားမှောက်ကျ
သွေးအိုင်ထဲမှာ အဲဒီ့ညပေါ့

ကျမဒူးတုန်လို့ ရှေ့ဦးတည်ရာပြေး
လသာကပြည်သူဖေးမကူလို
အသက်ရှင်သန်ခွင့် ရခဲ့သေးပေမဲ့
ရှစ်ဆယ့်ရှစ်ညရဲ့ဝိညာဉ်များဟာ
ကျမတို့ နဲ့ အတူခုချိန်ထိ
တိုက်ပွဲဝင်နေဦးမှာအသေအချာပါ---
ခုလိုလ ရဲ့ ရှစ်ရှစ်(၈၈)ညတွေဟာ
အသစ်အသစ်သောဝေဒနာကိုရစေတာမို့ 
အာဏာရှင်မကျမချင်းအံကြိတ်အားခဲရင်းနဲ့ 
အမြဲထာဝရ သင်တို့ ဝိညာဉ်များ နဲ့ အတူတကွ--

မေအိခင်(လယ်ဝေး)


မိမိသည်ရှစ်လေးလုံးည တွင်မြို့ တော်ခန်းမရှေ့အထိပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးချိန်ထိ ဆက်လက်
ဆန္ဒပြသည့်အတွက် ၁၉၈၉ မတ်လတွင်(၅)လနီးပါးထောင်သွင်းအကျဉ်းချခံခဲ့ရပြီးနောက် ၁၉၉၆ တွင်
ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု နှင့်ပတ်သတ်ပြီး (အမျိုးသားီးမိုကရေစီအဖွဲ့ ချုပ် လူငယ်တာဝန် ယူ
စဉ်) ထောင် (ရ ) နှစ် ကျခံခဲ့ရသည်။။ ဤ ကိုယ်တွေ့ ဖြစ်ပျက် ခဲ့သည့် ကဗျာ အား နှစ်စဉ် မိမိရောက်
ရှိသော နေရာများတွင်ဖြန့် ဝေခဲ့သည်။မျိုးဆက်သစ်များခံစားနားလည်နိုင်ရန် တော်လှန်ရေး သတိ အမြဲ ရှိနေစေဖို့ ရည်ရွယ်ပါသည်။

မေအိခင်(လယ်ဝေး)


မုန်တိုင်းရှစ်ဆယ့်ရှစ်

၁၉၈၈တိုက်ပွဲဝင်အခြေခံပညာကျောင်းသားတစ်ဦး

(မောင်ကျောင်းသားပြန်လည်ခံစားဖေါ်ပြပါသည်။)



*သမိုင်းတွင်မဲ့နေ့တနေ့……။

အဲဒီနေ့က

မုန်တိုင်းဆင်မဲ့ကောင်းကင်ပြင်တခုလိုပဲ

လူလှိုင်းလုံးတွေတလိမ့်လိမ့်

ဟစ်ကြွေးသံတွေတခြိမ့်ခြိမ့်

မြေမိုးသိမ့်ညံ နိုးပွက်လျှံခဲ့….

ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်ရက်

ခေတ်တခေတ်ကို ထုဆစ်ပေတော့မည်….။



*ကျောင်းအရိပ်ကခွာ

စာသင်ခန်းကိုကျောခိုင်း

ရရာအလံဒီဇိုင်းလေးတွေ တဖျတ်ဖျတ်နဲ့

တချို့ကအလံမပါ

တချို့ကဖိနပ်မပါ….

အသံတစာစာနဲ့

မင်္ဂလာပါဆရာလို့ အော်သံခေါ်သံအစား

နှလုံးသားထဲကအနက်ရှိုင်းဆုံးခံစားမှု

တရားမျှတမှုလူ့အခွင့်အရေး

သွေးအသက် ပေးဆက်တောင်းဆို

ရွှေမလိုငွေမလို

ဒီမိုကရေစီသာလိုချင်တယ်…..။



*ကိုးရက်ရှစ်လရှစ်ဆယ့်ရှစ် ရက်

အဲဒီမနက်မှာ

ရန်ကုန်မြို့ရဲ့မြို့တော်ခန်းမရှေ့

မည်းနက်ခြုံသိုင်း ယမ်းခိုးမှိုင်း၍

ငှက်ပျောပင်ရိုင်း ဓါးနဲ့ပိုင်းသလို

အပျိုင်းရိုင်းပက်လက်

ဒိုင်းဒိုင်းဒက်ဒက်နဲ့….

သြော်…..ရိုင်းစိုင်းရက်စက်ကြပါပေ့ …….။



*သားသတ်သမားတွေရဲ့  လှံစွပ်ဖျားအောက်

မြေခွေးတွေရဲ့ အစွယ်တဖွေးဖွေးအောက်မှာ

ကျဆုံးသွားရတဲ့ငါတို့ကလေးအပေါင်းရဲ့

လည်ချောင်းသွေးနဲ့ခြေဆေး

စစ်ဘီလူးတို့ရဲ့အောင်ပွဲ

အမှောင်တိုက်မှာမင်းမူနေ

သားပျောက်အမေ သမီးပျောက်အဖေတွေရဲ့

ဆူဝေနေတဲ့ရင်ထဲ

အမုန်းသွေးများစီးဆင်း

အံကြိတ်ရင်းပင့်သက်ရှိုက်

လက်သီးကျစ်ကျစ်ဆုတ်ခဲ့ကြ………..

အပြစ်မဲ့ပြည်သူကိုလက်နက်နဲ့အနိုင်ယူနေသမျှ

လှပတဲ့ဇတ်သိမ်း

ငြိမ်းချမ်းတဲ့အနာဂတ်

တည်ဆောက်လို့ရနိုင်မတဲ့လား…….။



*ဓါးမိုးအုပ်ချုပ်

ကြိုးနှောင်တုပ်တဲ့ဘ၀ထဲမလေ

အမှန်တရားကို သေနတ်ဖျားနဲ့ထောက်ပေမဲ့

မကြောက်ရွံ့တဲ့အသဲ

ရဲပတဲ့စိတ်ဓါတ်

မျှတမှုအတွက်တိုက်ပွဲဝင်

(သူတို့တတွေဟာ)

ပြည်သူတို့ရင်ခွင်မှာ ထာဝစဉ်လဲလျောင်းနေတဲ့

မဟာသူရဲကောင်းတွေပါ….။



*သူတို့သွေးနဲ့ရေးတဲ့သမိုင်း

မုန်တိုင်းရှစ်ဆယ့်ရှစ်

ရစ်ပတ်နှောင်ဖွဲ့

ချဉ်ခြင်းမပြေ……..

တို့ရင်ထဲမှာ ဝေဒနာ……။ ။



ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်မှ အကြမ်းဖက်အာဏာသိမ်းအပြီး အခြေခံပညာကျောင်းသားသမဂ္ဂများပေါ်ပေါက်ချိန် အကသ ၀င်ကျောင်းသားတယောက် ကလေးတယောက်တတ်စွမ်းနိုင်သလောက်ဖြင့် ရေးဖွဲ့ခဲ့သော ကဗျာအား ပြန်လည်ခံစားဖေါ်ပြပါသည်။ နှစ်၂၀ကျော်အချိန်ကာလကြောင့် စကားလုံးအချို့ကျန်နိုင်ပါသည် ။ အနည်းငယ်ကွဲလွဲနိုင်ပါသည် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးတွင်တိုက်ပွဲဝင်ခဲ့သော ၊ ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့သော ကျောင်းသားထုတစ်ရပ်လုံးနှင့်

အခြေခံပညာကျောင်းသားများအား ဤကဗျာကိုပြန်လည်ဖေါ်ပြခြင်းဖြင့် ဂုဏ်ပြုဦးညွှတ်ပါသည် ။



စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ

မောင်ကျောင်းသား

0 comments: