welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဘန်ကောက်ရှိ မြန်မာအလုပ်သမားများ၏ တောင်းဆိုချက် ထိုင်းအလုပ်ရှင် လိုက်လျော

Wednesday, October 14, 2009

ထိုင်းနိုင်ငံရောက် ဖိနပ်စက်ရုံတရုံမှ မြန်မာ အလုပ်သမား ၁၅၀၀ ခန့်တို့သည် ၎င်းတို့ ဆုံးရှုံးနေသော အခွင့်အရေး များအတွက် ဆန္ဒပြတောင်းဆိုခဲ့ပြီး ၂ ရက်ခန့်အကြာတွင် အလုပ်ရှင်က တောင်းဆိုချက်များကို လိုက်လျောပေးလိုက်ကြောင်း သတင်းရရှိသည်။




[တောင်းဆိုချက်များ ရရှိပြီးချိန် Summit Foot Ware ဖိနပ်စက်ရုံအလုပ်သမားများကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဘစောတင်)]

တောင်းဆိုချက်များ ရရှိပြီးချိန် Summit Foot Ware ဖိနပ်စက်ရုံအလုပ်သမားများကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - ဘစောတင်)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ စမုပရကန်ခရိုင် ဘန်ဖီအရပ်ရှိ Summit Foot Ware ဖိနပ်စက်ရုံမှ မြန်မာ အလုပ်သမားများသည် အောက်တိုဘာ ၃ ရက်နေ့ကစတင်၍ ဆန္ဒပြခဲ့ကြရာ ယမန်နေ့က ၎င်းတို့ လိုလားသည့် အခွင့်အရေးများ ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စက်ရုံတွင် အလုပ်လုပ်သည့် မြန်မာအလုပ်သမားများသည် ထိုင်းအလုပ်ရှင်နှင့် စက်ရုံမှ အုပ်ချုပ်ရေး ဝန်ထမ်းများ၏ မတရားမှုကို ကာလကြာရှည်စွာ ခံစားနေပြီး ထိုင်းအစိုးရ သတ်မှတ်ထားသည့် လုပ်ခ တနေ့ ၂၀၃ ဘတ် (ကျပ် ၆၀၀၀ ကျော်) အပြည့်အဝမရရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ကင်းမဲ့ခြင်း စက်ရုံ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံသား ပွဲစားများ ပေါင်းကာ ခေါင်းပုံဖြတ်ခံရခြင်းများကြောင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် တဦးဖြစ်သူ ကိုမျိုးကြီးက ဧရာဝတီသို့ ပြောသည်။

“မကျေနပ်နေတာတော့ ကြာပြီ။ ဒါပေမယ့် အများစုက ဘတ် (အလုပ်သမားလက်မှတ်) မရှိကြတော့ ပြောချင်ပေမယ့် မပြောရဲကြဘူး။ အခု အားလုံးမှာ လက်မှတ်ရပြီ ဆှိုတော့ ကိုယ့်ခံစားချက်ကို ကိုယ် ဖော်ထုတ်ချင်လာကြတယ်” ဟု သူက ဆက်ပြောသည်။

Summit Foot Ware စက်ရုံသည် Aero soft ကဲ့သို့ သော နာမည်ကျော် တံဆိပ် ဖိနပ်များ၊ ခြေအိပ်များကို ထုတ်လုပ်ပြီး အဆိုပါ စက်ရုံတွင် မြန်မာပြည်သား အလုပ်သမား ၂၀၀၀ ခန့်ရှိကြောင်း သိရသည်။

အလုပ်ရှင်က ဆန္ဒပြနေသည့် မြန်မာအလုပ်သမားများ ပြိုကွဲသွားစေရန် ရည်ရွယ်၍ ထိုင်းရဲများကို ခေါ်ယူခဲ့သည့် အပြင် ထိုင်းဝန်ထမ်းများနှင့် ပေါင်းကာ မြန်မာအချင်းချင်း ခေါင်းပုံဖြတ်နေသော မြန်မာပွဲစား တဦးကလည်း အလုပ်မဆင်းဘဲ ဆက်လက်ဆန္ဒပြနေလျှင် ထိုင်းရဲဖြင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ခဲ့ သေးကြောင်း သိရသည်။

အလုပ်ရှင်၏ ကိုယ်စားလှယ်နှင့် ယမန်နေ့က ဆွေးနွေးရာတွင် ပါဝင်ခဲ့သူ ကိုသူရိန်က “ကျနော်တို့က စ ပြီးပြီဆိုတော့ နောက်ဆုတ်လို့ ဘယ်လိုမှ မရတော့ဘူး။ ဖမ်းချင်လည်းဖမ်း ဆိုပြီး ဆက်တိုးတယ်၊ နိုင်ရင် အားလုံးကောင်းမယ်၊ ရှုံးရင်လည်း ကျနော်တို့ ခံမယ် ဆိုပြီး လုပ်ခဲ့တာ” ဟု ဆိုသည်။

အလုပ်သမား ခေါင်းဆောင်များသည် ယမန်နေ့ နံနက်ပိုင်းက ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ် သမား အဖွဲ့နှင့် အဆက်အသွယ်ပြုလုပ်ပြီး ထိုင်းနိုင်ငံ အလုပ်သမား အခွင့်အရေးနှင့် ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) သို့ တိုင်ကြားကာ အဆိုပါရုံးမှ တာဝန်ရှိသူများနှင့်အတူ အလုပ်ရှင်သူဌေး၏ ရုံးခန်းတွင် ယင်း တို့၏ တောင်းဆိုချက်များကို ဆွေးနွေးခဲ့ကြသည်၊

အလုပ်သမားများ တောင်းဆိုသည့် အချက်များထဲမှ လုပ်ခလစာ တပြေးညီ ရရှိစေရန်၊ အလုပ်သမားများ ထိခိုက်ဒဏ်ရာရခြင်း၊ နေထိုင်မကောင်းခြင်းတို့ ဖြစ်လာပါက လုပ်ခမထိခိုက်စေဘဲ နားခွင့်ရရန်နှင့် အစိုးရ ရုံးပိတ်ရက်များတွင် အလုပ်ဆင်းရပါက လုပ်ခ ၂ ရက်စာပေးရန် စသည့် အချက်များကို အလုပ်ရှင်က သဘောတူခဲ့ကြောင်း သိရသည်။

ယခင်က ထိုင်းအလုပ်သမားများသည် ၎င်းတို့၏ အခွင့်အရေးအတွက် ၇ ကြိမ်ခန့်  ဆန္ဒပြခဲ့ဖူးသော်လည်း တကြိမ်မျှ အောင်မြင်ခြင်းမရှိဘဲ ယခုမြန်မာအလုပ်သမားများ အရေးဆိုမှသာ အောင်မြင်မှုရခြင်း ဖြစ်သည်ဟု ဘန်ဖီရပ်တွင် ၁၀ နှစ်ခန့် နေခဲ့သူ ကိုနိုင်က ပြောသည်။

အလုပ်သမားများတောင်းဆိုသော အခွင့်အရေးများကို အလုပ်ရှင်က လိုက်လျောကြောင်း သိရသောအခါ မြန်မာအလုပ်သမားများ နေထိုင်သည့် တိုက်တန်းများတွင် ယမန်နေ့ နေ့လယ်ပိုင်းက လက်ခုပ်တီးသံများ ကြားရပြီး လမ်းများပေါ်တွင် ကခုန် အော်ဟစ်နေကြသည်ကို တွေ့ရသည်။

ဘန်ကောက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ကိုအောင်မြင့်သိန်းကလည်း “ကျနော်တို့  ဘန်ကောက်မှာ အလုပ်သမား အရေးကို လုပ်လာခဲ့သမျှ ဒီပွဲက အအောင်မြင်ဆုံးပဲ။ လူဦးရေ ထောင်ချီပြီး ကိုယ့်အခွင့်အရေး အတွက် တောင့်ခံ တောင်းဆိုတာလည်း ဒီတခါပဲတွေ့ ဖူးသလို အလုပ်သမားထုနဲ့ တိုက်လို့ အောင်မြင်တာ လည်း ပထမဆုံးတွေ့ ဖူးတာပဲ” ဟု ဆိုသည်။

ထိုင်းနိုင်ငံအနှံ့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၂ သန်း မှ ၄ သန်းအထိ ရှိသည်ဟု အလုပ်သမား အဖွဲ့များ၏ အဆိုအရ သိရသည်။

ကိုဌေးဝင်း (နိုင်ငံရေးအကျဉ်းသားဟောင်း)

0 comments: