welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

သခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ရှိခဲ့ရင်

Wednesday, March 31, 2010


ဂါမဏိ

၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ် လို့ နအဖစစ်အစိုးရက တရားဝင် လေ လည်ပြလိုက်တဲ့အခါ မူလဗီဇအရကို မ အောင့်အီးနိုင်လောက်အောင် ကြိုက် လွန်းလှသူတွေ ဝမ်းအသာကြီးသာ ကုန် ကြပါတယ်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း သာ အခုနေ အသက်ရှင်လျက်ရှိနေရင် ဘယ် လို မဟာကဗျာလေးချိုးကြီးတွေ ထွက်လာအုံးမလဲလို့ ဆရာ ကြီးရဲ့ ၁၃၄ နှစ်မြောက်မွေးနေ့မှာ စဉ်းစားကြည့်မိပါတယ်။ ဆရာကြီးရဲ့ ရွေးကောက်ပွဲတွေအပေါ် သဘောထားကို လိုက် လေ့လာ ကြည့်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ နီးပါးက ၁၉၂၃ ဒိုင် အာခီရွေးကောက်ပွဲနဲ့ ၁၉၃၆ ခု ၉၁ ဌာနရွေးကောက်ပွဲ တွေအပေါ် ဆရာကြီးသဘောထားတွေကို အခုလို တွေ့မိပါ တယ်။

၁၉၂၃ ခုနှစ်ရွေးကောက်ပွဲအပေါ် ဆရာကြီးရဲ့ရပ်တည်ချက်ကိုသိရဖို့ အဲဒီကာလ နိုင်ငံရေးနောက်ခံအခင်းအကျင်းကို အရင်လေ့လာ ကြည့်ဖို့လိုပါတယ်။

၁၉၁၉ ခုမှာ အိန္ဒိယနိုင်ငံကို အင်္ဂလိပ်က ဒိုင်အာခီအုပ်ချုပ်ရေးအဆင့် ပေးတဲ့အခါ ဗမာပြည်ကိုတော့ ချန်လှပ်ထားခဲ့လို့ အဲဒီတုံးက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ မကျေမနပ်ဖြစ်ကြ ဆူကြပွက်ကြ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလက ဗမာပြည်မှာ အဓိကအတိုက်အခံ လို့ ဆိုနိုင်တဲ့ နိုင်ငံရေးအင်အားစုက ဝိုင်အမ်ဘီအေ အဖွဲ့ကြီးဖြစ်ပါတယ်။ ဒီ ဝိုင်အမ်ဘီအေက ဦးဆောင်ပြီး အမျိုးသားရေး ကိုလိုနီဆန့် ကျင်ရေးလုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်အမ်ဘီအေ ဟာ ဟုမ်းရူး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့အတွက် ဦးဘဖေ၊ ဦးပု နဲ့ ဦးထွန်းရှိန် တို့သုံးယောက်ပါ ဖေ-ပု-ရှိန် ကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်နိုင်ငံလွှတ်ပြီး အရေးဆိုခိုင်းခဲ့ပါတယ်။ ဒါကို ဆရာကြီး သခင် ကိုယ်တော်မှိုင်းက "အင်္ဂလန်သွားဒယ်လီကိတ် ဘွဲ့" မဟာကဗျာလေးချိုးကြီးရေးပြီး ထောက်ခံဂုဏ်ပြုခဲ့သလို "ကောင်းမျိုးအထွေထွေ ရယ်နဲ့ ချွန်စေမြစေစော ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော" စာသားပါတဲ့ "ဒေါင်းဋီကာ" ရေးပြီးတော့လည်း ဝိုင်အမ်ဘီအေရဲ့ အမျိုးသား ရေးသင်္ကေတ ဒေါင်းတံဆိပ်ကို ဂုဏ်ပြုခဲ့ပါတယ်။

အဲသလို ဖေ-ပု-ရှိန်အဖွဲ့ အင်္ဂလန်နိုင်ငံမှာ မြန်မာပြည်အုပ်ချုပ်ရေး တဆင့်တိုးရေးအတွက် အရေးဆိုနေချိန်မှာ အင်္ဂလိပ်အလိုတော်ရိ ဝိုင်အမ်ဘီအေခေါင်းဆောင်တွေက ဂျူဘလီဟောမှာ လျှို့ဝှက်စည်းဝေးပြီး ဖေ-ပု-ရှိန်ကို မထောက်ခံကြောင်း၊ အင်္ဂလိပ်ဘုရင်ခံ က ရက်ဒေါက် တိုက်ရိုက်အုပ်ချုပ်တဲ့ အစီအစဉ် Cradock scheme ဒီကနေ့ ခေတ်အခေါ်နဲ့ဆိုရင်တော့ ကရက်ဒေါက် လမ်းပြမြေပုံကိုပဲ ထောက်ခံကြောင်း ကြေညာပြီး အင်္ဂလိပ်ဝန်ကြီးချုပ်ဆီ ကြေးနန်းပို့ခဲ့ပါတယ်။ ဒါကြောင့် တိုက်ပွဲဝင် ဝိုင်အမ်ဘီအေ ခေါင်းဆောင်တွေ က သြဂုတ် ၁၇ ရက်မှာ ဖေ-ပု-ရှိန် ထောက်ခံကြောင်း အစည်းအဝေးလုပ်ပြီး အင်္ဂလိပ်အစိုးရဆီကို ကြေးနန်းထပ်ပို့ခဲ့ရပါတယ်။ သခင် ကိုယ်တော်မှိုင်းဟာ မျိုးချစ်ဝိုင်အမ်ဘီအေတွေရဲ့လုပ်ရပ်ကို ထောက်ခံခဲ့ပါတယ်။

ဝိုင်အမ်ဘီအေ အဖွဲ့ကြီးဟာ လွတ်လပ်ရေးလှုပ်ရှားမှု သို့မဟုတ် ဝံသာနုလှုပ်ရှားမှုကို အဆင့်မြှင့်လုပ်နိုင်ဖို့ဆိုပြီး ၁၉၂၀ မှာ ဂျီစီဘီအေ အဖွဲ့ကြီးကို ဖွဲ့လိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး (ဝါ) ဟုမ်းရူးကို တောင်းဆိုတိုက်ပွဲဝင် ရပ်တည်ခဲ့ပါတယ်။ ၁၉၂၁ ခုဟာ ဝံသာနုလှုပ်ရှားမှု အရှိန်အမြင့်ဆုံးအချိန်ဖြစ်ပြီး အစိုးရအရာရှိများနဲ့ မဆက်ဆံရေး၊ မကူညီရေးဆိုတဲ့ ဗြူရိုကရေစီ သပိတ်မှောက်ပွဲကို ဂျီစီဘီအေက ခေါင်းဆောင်ဆင်နွှဲခဲ့လို့ လူထုထောက်ခံမှု ကြီးကြီးမားမားရခဲ့ပါတယ်။ ဒါကို သခင်ကိုယ်တော်မှိုင်းက "ဗြူရိုကရေစီ အစိုးရသနင်းကို ဖြင့်၊ သူခိုးဓားပြကို ညှဉ်းသလိုပ၊ နရင်း နှောက်မယ့် ကြောက်တဲ့စရာ၊ (အိုကွယ်) အမျိုးမျိုးမြန်မာ့အသင်းတွေက ဂိုးဂိုးဂွဂွ ပုလင်းတွေ နှင့် အတင်းမှောက်မဟဲ့လို့ ပေါက်ပကွဲ့တခါ" ဆိုပြီး ဂုဏ်ပြု ကဗျာဖွဲ့ခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလိပ်က ဟုမ်းရူး မပေးဘဲ ၁၉၂၃ နိုဝင်ဘာမှာ ဒိုင်အာခီရွေးကောက်ပွဲ ကျင်းပပေးတဲ့အခါကျတော့ အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ ဂျီစီဘီအေထဲက ဦးဘဖေ၊ ဦးပု နဲ့ ဦးသိမ်းမောင်တို့ခေါင်းဆောင်တဲ့အုပ်စုက ရွေးကောက်ပွဲ ဝင်သင့်တယ်၊ "ပူးသတ်" ရ မယ်ဆိုပြီး ၂၁ ဦးပါတီကို ခွဲထွက်ထူထောင်လိုက်ပါတယ်။ ဂျီစီဘီအေထဲက ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့ကတော့ ရွေး ကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ အဲဒီကာလမှာ သခင်ကိုယ်တော်မှိုင်းဟာ "ဟုမ်းရူး အမတ်လောင်းဘွဲ့" လေးချိုးကြီး၊ "ခွေးဋီ ကာ"၊ "ခွေးဂဏ္ဍိ" ကဗျာလေးချိုးကြီးတွေရေးပြီး ၂၁ ဦးအဖွဲ့ ကိုတိုက်ခဲ့ပါတယ်။ ခွေးဂဏ္ဍိ မှာ "အစာမြင်လျှင် ဗမာမခင်မူ၍၊ သာသ နာပလ္လင်နှင့် ဝေးတဲ့အောင်၊ (အမယ်မင်း) ကျွေးမဟဲ့ အနှူးတွင်ဖြင့်၊ ခွေးအဖွဲ့ထူး…" လို့ ရေးခဲ့သလို ခွေးဋီကာမှာလည်း "ပူးသတ် အကျော်အမော်၊ မှူးမတ်ကတော်အပေါင်းတွင်ဖြင့်၊ (သြော်) ရထားအဆောင်ဆောင် ကားတပြောင်ပြောင်တွေနဲ့၊…" လို့ စပ်ခဲ့ပါ တယ်။

မြန်မာဝံသာနုအကြောင်းဘွဲ့ လေးချိုးစာထောင့်မှာလည်း "သပိတ်မှောက် မြန်မာဝံသာနုတို့မှာတော့၊ မထိတ်မကြောက်စရာ မွန်မြန်မာ တစုတို့ကိုလ၊ ညွှန်ကာယခုရယ်တဲ့ အရွာရွာလယ်တယ်၊ (အမယ်မင်း) အာဇာနည်တွေသို့ နှလုံးမြူးကြွဟန် အပိုရဲ၊ (ခေါင်းဆောင်ကြီး တို့မှာကွယ်) အခါ တာမရှည်စေဖို့တဲ့ ဟုမ်းမရူးရရန်ကိုခဲ" လို့ သပိတ်မှောက်ဂျီစီဘီအေကို ဂုဏ်ပြုသလို "တွေးကြည့်ပါ၊ ဘေးထိရန် တကယ်လေ့လာတဲ့နောက်၊ ဘယ်နေရာမှာ သပိတ်ကိုပစ်ခဲ့တယ်လို့၊ စနစ်ကို အသေအချာမေးချင်လှ၊ ကြောက်သွေးဖိုကာတုန်လို့၊… ခုများမှာ တဖုံပြင်လို့၊ မဆက် ဆံချင်သူ ဗြူရိုကရက်တို့ကိုလ၊ မနေသာ ခြေမှာဖက်ပြီး၊…" လို့ ကိုလိုနီအစိုးရနဲ့ပေါင်း သစ္စာဖောက်တဲ့ ဂျီစီဘီအေ တွေကို ရှုတ်ချခဲ့ပါတယ်။

ဒီကာလမှာဘဲ "တောင်ကျရေ နွားနှစ်ကောင် မဝသလိုပ၊ မောင်ဘဖေ ငါးထောင်မရသော်ကြောင့်၊…" ဆိုတဲ့ ပြောင်မြောက်လှတဲ့ စကားလုံးနဲ့ဆော်ထားတဲ့ ဒိုင်အာခီဘွဲ့လေးချိုးကြီးကိုလည်း စပ်ခဲ့ပါတယ်။ ဒီကနေ့လိုမျိုးဆိုရင်တော့ 'မောင်ဘဖေ' နဲ့ကာရံတူ နာမည် တွေကို ထည့်မယ်ထင်ပါတယ်။ "နွံနစ်ရှာတောင်၊ ကျွန်ခေတ်မှာ ငါတကောင် ဟဲ့လို့၊ စွာဟောင်ဟောင် သို့ကလောက် ဟိန်းကြရင်ဖြင့်၊ မှောက်ကိန်း အရှည်သွားမည်ကြောင့်၊ ငွေငါးထောင် အရာလုတွေကဖြင့်၊ သာဓုခေါ်စရာပ" လို့လည်း ရွေးကောက်ပွဲဝင်ရေးသမားတွေ ကို တီးခဲ့ပါတယ်။

အဲဒီ ၁၉၂၃ ရွေးကောက်ပွဲကို ဆရာကြီးမှိုင်း အပြင်းအထန်ရှုတ်ချတိုက်ခိုက်ခဲ့ပေမဲ့ အဲဒါနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ပြီး လှိုက်လှိုက် လှဲလှဲထောက်ခံခဲ့တာကတော့ ၁၉၃၀ ခု ဆရာစံ လယ်သမားသူပုန်ကြီး ဖြစ်ပါတယ်။ အဲဒီအချိန်က လွှတ်တော်ထဲအမတ်လုပ်နေတဲ့ ဂျီစီဘီအေဟောင်းတွေ၊ လွတ်လပ်ရေးအတွက် ချမယ်နှက်မယ် ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ သပိတ်မှောက် ဝံသာနုဂျီစီဘီအေ တွေဟာ (မတရားသင်းကြေညာခံရတဲ့ ဦးစိုးသိန်းဂျီစီဘီအေ အနည်းစုလေးကလွဲရင်) နှာစေးနေကြတဲ့အချိန်မှာ ဆရာကြီးသခင် ကိုယ် တော်မှိုင်းက "ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုံ သရဏံ ဂစ္ဆာမိကြပေတော့" လို့ ဗြောင်အတိအလင်း ဂုဏ်ပြုလေးချိုး စပ်ဆိုခဲ့ပါတယ်။ ဒီဘက်ခေတ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ ၂၀၁၀ အလုပ်သမားအရေးတွေမှာ ဒီမိုကရေစီအတွက် ရပ်တည်နေတယ်ဆိုသူတွေ နှာစေးကြတာကိုမြင်ရင်လည်း ဆရာကြီးမှိုင်း ဘယ်လိုလေးချိုးတွေစပ်မလဲ စဉ်းစားစရာပါ။

၁၉၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ ၁၉၃၆ ခု ၉၁ ဌာနရွေးကောက်ပွဲမှာတော့ ဒို့ဗမာ အစည်းအရုံးရဲ့ ကိုယ်စားပြုပါတီဖြစ်တဲ့ ကိုယ့်မင်းကိုယ်ချင်းပါတီတွက် မဲဆွယ်စည်းရုံးဟောပြောပေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ အင်္ဂလိပ်ကိုလိုနီသမားတွေဟာ နိုင်ငံရေးပါတီတွေကို ချိုးနှိမ်ကန့်သတ်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ပါတီမှတ်ပုံတင်ဥပဒေတွေ ထုတ် မထားတော့ အဓိကအတိုက်အခံအဖွဲ့ကြီးဖြစ်တဲ့ ဒို့ဗမာအစည်းအရုံးဟာ တကယ်တော်လှန် မှန်ကန်တဲ့ရည်ရွယ်ချက်တွေနဲ့ သခင်မြ ကိုယ်တိုင်ခေါင်းဆောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၃၆ ရွေးကောက်ပွဲဝင်တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ ရည်ရွယ်ချက်တွေကတော့ …
၁) အုပ်ချုပ်ရေးစနစ်သစ်ကို လွှတ်တော်တွင်းဝင်ရောက် တိုက်ခိုက်ဖျက်ဆီးရန်
၂) အုပ်ချုပ်ရေးစနစ်သစ် တိုင်းပြည်အတွက် အသုံးမကျ၊ လူထုအတွက် အကျိုးမရှိကြောင်းဖွင့်ချရန်
၃) ရွေးကောက်ပွဲကိုမှီ၍ ဒို့ဗမာဝါဒဖြန့်ရန်
၎) အောက်ခြေ မြို့နယ်ရပ်ကျေး အုပ်ချုပ်ရေးမှာ ဒို့ဗမာဝါဒအတိုင်း ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။

ဒို့ဗမာအစည်း အရုံးဟာ ပြောတဲ့အတိုင်းလည်း တကယ်လုပ်ပြီး ရွေးကောက်ခံအမတ်တွေဟာ လစာမယူ၊ အစိုးရနဲ့ မပူးပေါင်းရေးကို တောက်လျှောက်ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်သွားခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရကလည်း အခြေခံဥပဒေကို ဆန့်ကျင်ဖွင့်ချ တဲ့အတွက်ဆိုပြီး သခင်မြတို့ကို အရေးမယူခဲ့ပါဘူး။

ဒီကနေ့ ဦးဝင်းတင်ပြောနေ လုပ်နေတဲ့ မကြောက်တရားကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကနဦး လက်တွေ့ကျင့် သုံးခဲ့ဖူးပါတယ်။ ဆရာကြီး အသက် ၆၇ နှစ်အရွယ် ၁၉၃၉ ခုမှာ အင်္ဂလိပ်အစိုးရရဲ့ ကြေးစားလူမိုက်တွေက (အခု ခေတ်စွမ်းအားရှင်တွေလို) ပုသိမ် ဘူတာမှာ ဝိုင်းရိုက်လို့ ခေါင်းကွဲခဲ့ပြီးနောက် ချက်ခြင်းလိုလို ဓနုဖြူကိုသွားပြီး မဟာဗန္ဓုလ ချီးကျူးပူဇော်ပွဲနဲ့ အောင်မြေနင်းပွဲကို အကြီး အကျယ်လုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲတွေနဲ့ ဆရာကြီးပတ်သက်ပုံကို အထက်မှာဖော်ပြခဲ့တဲ့အတိုင်းတွေ့ရသလို ကြားဖြတ်အစိုးရဖွဲ့စည်းရေးနဲ့ ဆရာကြီး သ ခင်ကိုယ်တော်မှိုင်းပတ်သက်ခဲ့တာကိုလည်း လူထုဒေါ်အမာရဲ့မှတ်တမ်းမှာ အခုလို တွေ့ရပါသေးတယ်။ ၁၉၄၂ ခု ဖေဖော်ဝါရီလထဲမှာ ဂျပန်စစ်တပ်နဲ့ ဘီအိုင်အေတပ်တွေ မော်လမြိုင်သိမ်းပြီးချိန် ရန်ကုန်သိမ်းဖို့ မကြာတော့တဲ့အခါမှာ ဆရာကြီးမှိုင်းဟာ ကြားဖြတ် အစိုးရဖွဲ့ဖို့ သခင်ချစ်၊ ကိုလှမောင် တို့နဲ့အတူ မော်လမြိုင်ကို လာရာမှာ မော်လမြိုင်မရောက်ဘဲ ကျိုက်ထို၊ သထုံ၊ ဖားအံလမ်းကနေ မဲဆောက်ရောက်သွားပြီး ဂျပန်စစ်ဗိုလ်တွေနဲ့ ဆွေးနွေးပွဲလုပ်ခဲ့ရပါတယ်။ အသက် ၇၀ အရွယ်မှာ ဒေါနတောင်ကျော်ပြီး မဲဆောက် သွားရတဲ့ခရီးဟာ သူ့တသက်မှာ အပင်ပန်းဆုံးခရီးဖြစ်တယ်လို့ နောင်မှာ ဆရာကြီးက ပြန်ပြောခဲ့ပါတယ်။

ဆရာကြီးဟာ အဲဒီခေတ်ရဲ့ဒိုနာဖြစ်တဲ့ ဂျပန်တွေရဲ့ကိုယ်စားလှယ် ဗိုလ်ချုပ်ဟီရာအိုကာ ကို အခုခေတ်ကလူတွေလိုပဲ မဲဆောက်လာ တွေ့ရပြီးတော့ ဆရာကြီးမှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်မြ၊ သခင်ချစ်တို့ပါဝင်တဲ့ မြန်မာအတိုက်အခံခေါင်းဆောင် တွေနဲ့ ဂျပန်ဒိုနာစစ်ဗိုလ်တွေ ဆွေးနွေးကြတဲ့အခါ ရန်ကုန်သိမ်းပြီးရင် သခင်မြကို ကြားဖြတ်အစိုးရဝန်ကြီးချုပ်တင်ဖို့ အားလုံးသဘော တူရွေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ဒိုနာတွေဟာ နောက်ပိုင်းမှာ ကတိဖျက်ပြီး သူတို့လုပ်ချင်ရာလုပ်သွားတဲ့အတွက် သခင်မြ ဝန်ကြီးချုပ် မဖြစ်လိုက်ရဘဲ ဒေါက်တာဗမော်ကို အဓိပတိဝန်ကြီးချုပ် တင်လိုက်လို့ ဆရာကြီးမှိုင်းမကျေမလည်ဖြစ်ခဲ့ရပါတယ်။ အခုခေတ်မှာသာ ဆရာကြီးရှိသေးရင် ဒိုနာကိုမှီပြီး ကြားဖြတ်အစိုးရတော့ မဖွဲ့နဲ့၊ 'မြ' နဲ့ 'ဒေါက်တာ' ကိုသင်ခန်းစာယူလို့ ပြောမှာ သေချာပါတယ်။

သခင်ချစ်ကိုတော့ မဲဆောက်မှာ ဂျပန်တွေက အခုခေတ်ဒိုနာတွေလို စီအိုသင်တန်း ပီဒီသင်တန်းတွေ တက်ခိုင်းခဲ့သလား မှတ်တမ်း တွေမှာ သေချာဖော်ပြမထားပေမဲ့ သခင်ချစ်ဟာ နောက်ပိုင်းမှာ ပြည်သူ့အရေးတော်ပုံပါတီ (ဗမာပြည်ဆိုရှယ်လစ်ပါတီ) နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီတို့မှာ အင်မတန်ထူးချွန်တဲ့ ယူဂျီတာဝန်ခံ ဖြစ်သွားခဲ့ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ရှိနေရင်တော့ စစ်ကျွန်ခေတ်မှာ space ရချင်သူတွေကို "ရွှေပြည်တော် မကိုဋ်မန်းတွင်မှ၊ သိုကန်းတခါ ကြုံခဲ့သမို့၊ ရာဇဂုဏ် တံခွန်မလှစ်နိုင်တဲ့၊ ကျွန်ခေတ် လူရာမဝင်ချင်သနဲ့…" လို့ ထပ်ပြောမှာသေချာပါတယ်။

နအဖ လက်အောက်မှာ ပါတီရပ်တည်ရေး စဉ်းစားသူတွေကိုလဲ "ရှင်ဘုရင်လုပ်ချင်ရင် စန္ဒဂုတ်လို သတ်ရဲ ဖြတ်ရဲမှ၊ တေမိလို ငရဲ ကြောက်နေသူ ရှင်ဘုရင်မဖြစ်နိုင်" လို့ပြောမှာဖြစ်သလို ကျွဲပါးစောင်းတီးဖြစ်နေရင်လည်း "ဒို့ ဗမာပြည် ဒါလောက်ကလေး လွတ်လပ် တာဟာ လူငယ်တွေကြောင့်၊ လူကြီးတွေအလိုသာဆိုရင် အရိမေတ္တယျ ပွင့်တော်မူတောင် မလွတ်လပ်ဘူး" ဆိုတဲ့စကားမျိုး ထပ်ပြော အုံးမှာဖြစ်ပါတယ်။

ဂါမဏိ( ကိုမိုးသီးဘလော့မှကူးယူဖေါ်ပြသည်)

“လူထုတိုက်ပွဲ ဦးဆောင်ပါတီ NLD”

ရဲဘော်ဗိုလ်သူ ရဲ့ တင်ပြမှုကိုလက်ဆင့်ကမ်းလိုက်တာပါ ရည်ရွယ်ချက်က ပြည်တွင်းက ရဲဘော်တွေတန်ဖိုး

နယ်စပ် ရောက်လာပြီး ဆုံးရှုံးမှာ ကြောက်လို့ ပါ ။သူကတော့  ထွက်သွားပြီးသူများတွေကိုတားချင်တယ်

လို့ မြင်ရင်လည်းမြင်သူမမှားပါဘူး ။ တစ်ခါ တစ်ခါ အံကိုတင်းတင်းကြိတ်ပြီး တံတွေးမျိုချ သီးခံရတဲ့ ကိုယ့်

လို စိတ်အကျဉ်းအကြတ် မျိုးမဖြစ်စေ့ချင်ဘူး ။ ပြည်တွင်းက ကိုယ်တွေလှုပ်ရှားဆောင်ရွက်နိုင်ခဲ့တဲ့တန်ဖိုး

နဲ့  လားလား မှမအပ်စပ်တဲ့နေရာမို့ ပါ။ဒီလောက်ဆို ဗိုလ်သူရဲ့ စာမူကို ကျမထောက်ခံတင်ပြတာ နားလည်

လောက်ပါပြီနော့

မေအိခင်(လယ်ဝေး)

စစ်အုပ်စု နိုင့်ထက်စီနင်း ထုတ်ပြန်လာတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲကော်မရှင် ဥပဒေတွေက NLD ဘာလုပ်မလဲလို့ စိန်ခေါ်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ထိုးနှက်မှုကြောင့် NLD ပါတီတွင်း ရှေ့ ဘယ်လိုရပ်တည်မလဲ၊ သဘောထားကွဲလွဲမှုတွေ ထုံးစံအတိုင်းရှိခဲ့ပေမယ့် “ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်နဲ့ ရွှေဂုံတိုင်ကြေညာ စာတမ်းကို အခိုင်အမာ ဆုပ်ကိုင်ရင်း အညံ့မခံ အရှုံးမပေးတဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ချမှတ်လိုက်ပါပြီ။

ဒါဟာ စစ်အုပ်စုရဲ့ စိန်ခေါ်မှုကို “မှတ်ပုံမတင်ဘူး၊ ဘာလုပ်မလဲ” ဆိုတဲ့ စိန်ခေါ်မှုနဲ့ တုန့်ပြန်လိုက်တာပဲဖြစ်ပါ တယ်။ ခုလောက်ညီညွတ်ကြမှာမဟုတ်ဘူးလို့ တွေးထင်ပြီး ရည်ရွယ်ချက်ရှိရှိ NLD ပြိုကွဲအောင်လုပ်ခဲ့ပေမယ့် ဒီလို မပြိုမကွဲ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တော့ စစ်အုပ်စု နည်းနည်းတော့ ပြာယာခတ်သွားမှာပါ။ ဒါပေ မယ့် ဒီလိုဖြစ်လာရင် ဘာလုပ်မလဲဆိုတဲ့ ကြိုပြင်ထားတာမျိုးလည်း ရှိချင်ရှိမှာပါ။ သူတို့ရဲ့ထုံးစံအတိုင်း တက် ကြွသူတွေကို ဖမ်းမယ်၊ မတရားအသင်း ကြေညာမယ်၊ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချခိုင်းမယ်၊ အနိုင်ကျင့်မှုမျိုးစုံ ကို ကောက်ကျစ်တဲ့ နည်းလမ်းစုံသုံးပြီး လုပ်လာမယ်။ ကြံ့ဖွတ်တွေ၊ ရာဇ၀တ်သားတွေကို သုံးပြီး NLD အဖွဲ့ဝင် တွေကို ၀ိုင်းရိုက်တာမျိုးတွေ လုပ်လာမယ်။ ပြီးတော့ NLD ထဲက မှတ်ပုံတင်ချင်တဲ့ လူကြောက်တွေ၊ ရွေး ကောက်ပွဲဝင်ချင်တဲ့ အခွင့်ရေးသမားတွေကို မြှောက်ပေးပြီး အနိမ့်ဆုံးအဆင့် NLD က နှုတ်ထွက်ပါသည် ဆို တာမျိုး လုပ်ခိုင်းနိုင်ပါတယ်။

“စစ်အုပ်စုက ဖိနှိပ်မှုမျိုးစုံ လုပ်လာခဲ့ရင် နယ်စပ်ကို ထွက်လာတာမျိုးမဖြစ်ဖို့တော့ သတိထားရပါမယ်။ ကိုယ်က နယ်စပ်မှာနေပြီး ဒီလိုပြောရတာ NLD ကို အားနာမှုများစွာနဲ့ တောင်းပန်ပါတယ်။ စစ်အုပ်စုက နယ်စပ်က တော်လှန်ရေးအင်အားစုတွေကို လက်ရှိအခြေအနေမှာ ဂရုကိုမစိုက်ပါဘူး။ ပြည်သူလူထုအုံကြွမှာနဲ့ ငြိမ်းချမ်းရေးရထားတဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြန်တိုက်မှာပဲ ဂရုစိုက်တာပါ။ လူတွေ နယ်စပ်ကိုထွက်တာ တခြားနိုင်ငံတွေကို ခိုလှုံတာ စစ်အုပ်စုအကြိုက်ပါ။ နယ်စပ်ရောက်သွားပြီးရင် တော်လှန်ရေးအလုပ်ထက် ဘ၀ရပ်တည်ရေးအလုပ်တွေပဲ လုပ်ဖြစ်သွားကြတာ များပါတယ်”

NLD အနေနဲ့လည်း ရှေ့လုပ်ငန်းစဉ်တွေ ပြင်ရပါတော့မယ်။ စစ်အုပ်စုရဲ့ မတရားတဲ့ ဥပဒေတွေအောက်မှာ ပါ တီမှတ်ပုံမတင်ဘူး၊ တင်စရာမလိုတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ စောင့်ကြည့်နေတဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာ ဗမာပြည် ပြည်သူလူထုကြားမှာ ဒီမိုကရေစီအင်အားစုတွေကြားမှာ ဂုဏ်သိက္ခာရှိတဲ့ ရပ်တည်ချက်သာဖြစ်ပါ တယ်။ အဲဒီရပ်တည်ချက် ခိုင်မာကြောင်းပြဖို့၊ ရန်ပြုလာမယ့် စစ်အုပ်စုကိုကာကွယ်ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ရ ပါမယ်။

ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်တွေကို ကြွေးကြော်သံအဖြစ်ကိုင်ဆွဲရင်း လူထုကို ဦးဆောင်ရပါမယ်။ NLD ဟာ လူထုဦးဆောင်ပါတီ၊ လူထုရှေ့က တပ်ဦးပါတီ ဖြစ်နေရပါမယ်။ စစ်အုပ်စုက ဖိနှိပ်မှုမျိုးစုံ လုပ်လာခဲ့ရင် နယ်စပ်ကို ထွက်လာတာမျိုးမဖြစ်ဖို့တော့ သတိထားရပါမယ်။ ကိုယ်က နယ်စပ်မှာနေပြီး ဒီလိုပြောရတာ NLD ကို အားနာမှုများစွာနဲ့ တောင်းပန်ပါတယ်။ စစ်အုပ်စုက နယ်စပ်က တော်လှန်ရေးအင်အားစုတွေကို လက် ရှိ အခြေအနေမှာ ဂရုကိုမစိုက်ပါဘူး။ ပြည်သူလူထုအုံကြွမှာနဲ့ ငြိမ်းချမ်းရေးရထားတဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြန်တိုက်မှာပဲ ဂရုစိုက်တာပါ။ လူတွေ နယ်စပ်ကိုထွက်တာ တခြားနိုင်ငံတွေကို ခိုလှုံတာ စစ်အုပ်စုအကြိုက်ပါ။ နယ်စပ်ရောက်သွားပြီးရင် တော်လှန်ရေးအလုပ်ထက် ဘ၀ရပ်တည်ရေးအလုပ်တွေပဲ လုပ်ဖြစ်သွားကြတာများ ပါတယ်။

လက်ရှိ နယ်စပ်တွေမှာ ရှိနေကြတဲ့ နိုင်ငံရေးသမားဆိုသူ အများစုဟာ အလုပ်သမားရေး၊ ကျန်းမာရေး၊ ပညာ ရေး၊ကလေးအခွင့်အရေး၊ အမျိုးသမီးအရေး ... စသဖြင့် ခေါင်းစဉ်တွေပြ၊ NGO တွေနဲ့ပေါင်းပြီး ကိုယ့်ရပ်တည် ရေးအတွက် ကိုယ်လုပ်နေကြတာများပါတယ်။ လင်မယားနှစ်ယောက်ရှိရင် လင်က တဖွဲ့၊ မယားက တဖွဲ့၊ လင် မယားနှစ်ယောက်ပေါင်းပြီး တပ်ပေါင်းစုရယ်လို့ တဖွဲ့၊ နှစ်ယောက်ရှိရင် သုံးဖွဲ့ ဖွဲ့ပြီး လစာထုတ်စားနေကြတဲ့ လ ခစား နိုင်ငံရေးသမားတွေ များပါတယ် (မှန်မှန်ကန်ကန် တိုက်ပွဲဝင်နေသူတွေကို မပြောပါ)။

ဒါကြောင့် စစ်အုပ်စုက နယ်စပ်က လူတွေကို မကြောက်ပါဘူး။ ပြည်တွင်းထဲက NLD အဖွဲ့ဝင်တွေကိုတော့ လူ ငယ်လေးတွေကအစ သူတို့ ကြောက်ပါတယ်။ ပြည်သူတွေနဲ့ ထိတွေ့နေပြီး ပြည်သူ့အုံကြွမှုကို ဦးဆောင်နိုင် မယ့်သူတွေ ဖြစ်သွားမှာ စိုးရိမ်လို့ပါ။ ဗမာပြည် အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား (၂၁၀၀) ကျော်မှာ NLD အဖွဲ့ဝင် (၅၀၀) နီးပါးရှိနေတာ လူထုက ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့တဲ့ NLD ကို စစ် အုပ်စု တလျှောက်လုံး ကြောက်နေခဲ့လို့ပါ။ အဲဒီတော့ အဖမ်းခံစရာရှိ ရဲရဲအဖမ်းခံ၊ သေစရာရှိ ရဲရဲသေပြီး ပြည် တွင်းမှာပဲ ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ရင်း ဖြတ်သန်းဖို့၊ ပြည်သူကို ဦးဆောင်မှုပေးဖို့ အားနာနာနဲ့ပဲ တောင်း ဆိုပါရစေ။

“ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုသည်” လို့ တဆက်တည်း ဆုံး ဖြတ်ခဲ့တာ ဒီကနေ့အဖြေအနေနဲ့ အကိုက်ညီဆုံး တောင်းဆိုမှုပါ။ အရေးကြီးတာက တောင်းဆိုမှုက အချိန်အ ကန့်အသတ် လိုနေပါတယ်။ ပြီးရင် အဲဒီအချိန်အတွင်း တောင်းဆိုမှုကို မလိုက်လျောရင် ဘာလုပ်မလဲဆိုတာ ပါ။ ကြိုတင်ပြင်ထားဖို့လိုပါတယ်။ တောင်းဆိုနေရုံသက်သက်ဆိုရင်တော့ စစ်အုပ်စုက မလိုက်လျောတတ်ဖူး ဆိုတာ (၂၁) နှစ်စာ အတွေ့အကြုံတွေကနေ သိသင့်ပါပြီ။ တိုက်ပွဲနဲ့ တောင်းဆိုမှရမှာပါ။

ကျနော်တို့ ဒီမိုကရေစီဘက်တော်သားအားလုံးကလည်း NLD ကို တပ်ဦးတင် လိုက်ပါဖို့ လိုပါတယ်။ စစ်အုပ်စု က NLD ကို (၂၁) နှစ်တာကာလ တလျှောက်လုံး နှိပ်ကွပ်ခဲ့သလို ခုလည်း အရင်ထက်ဆိုးတဲ့ နှိပ်ကွပ်မှုတွေနဲ့ တုန့်ပြန်လာတော့မှာပါ။ ခုချိန်မှာ NLD အရေးဟာ ပြည်သူ့အရေးပါ။ NLD ဖြိုခွဲခံရရင် ကျနော်တို့တော်လှန်ရေး ကြာသထက်ကြာနေဦးမှာပါ။ “စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ ပါတီမှတ်ပုံတင်ဖို့မလိုပါ” ဆို တဲ့ NLD ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါသည်ဆိုတာမျိုး၊ ကြေညာချက်တွေ ထုတ်နေရုံသာမဟုတ်ပဲ NLD နှင့်ထပ်တူ ထိထိရောက်ရောက် တိုက်ပွဲဝင်မှုမျိုး လုပ်ကြရပါတော့မယ်။ ၂၀၁၀ လူထုတိုက်ပွဲကြီး လူထုအရေး တော်ပုံကြီးဆင်နွှဲဖို့ အချိန်ကျပါပြီ။ ဦးဆောင်ရမှာက NLD ပါ။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်။

ယုံကြည်ချက်ဖြင့် ...
ရဲဘော်ဗိုလ်သူ
ဒေါက်တာလွဏ်းဆွေ ဘလော့မှကူးယူဖေါ်ပြသည် ။

ကုလ နဲ့  အမေရိကန် ထောက်ခံသည် ။။

Tuesday, March 30, 2010


NLD ဆုံးဖြတ်ချက်ကို အမေရိကန်နှင့် ကုလ အလေးထာ;


ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ် လိုက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း အမေရိကန် အစိုးရနှင့် ကုလသမဂ္ဂတို့က တနင်္လာ နေ့တွင် ပြောကြား လိုက်ကြသည်။

(ဓာတ်ပုံ - ရိုက်တာ)

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် သူ့ပါတီ၏ မည်သည့် ဆုံးဖြတ် ချက်ကို မဆို နိုင်ငံတကာ အသိုင်းအ၀န်းက လေးစားကြရန် လိုအပ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့် ရပုဂ္ဂိုလ် မစ္စတာ မာတင်နီ ဆာကီက နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်တွင် ပြောကြား လိုက်သည်။ ပြီးခဲ့သည့် အပတ်က ထုတ်ပြန်ခဲ့သည့် မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်ကို ရည်ညွှန်းပြီး သတင်း ထောက်များကို ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“သူ (မစ္စတာ ဘန်ကီမွန်း) ပြောခဲ့သလိုပါပဲ ဒီရွေးကောက်ပွဲက မျှတပြီး ယုံကြည်စိတ်ချရတယ်လို့ ယူဆနိုင်တယ်ဆိုရင် အများရဲ့ ပါဝင်နိုင်မှု ရှိနိုင်သမျှ ရှိဖို့ လိုအပ်ပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြသည်။

မစ္စတာ ဘန်ကီမွန်းက သူ၏ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့နှင့် ပြီးခဲ့သည့် အပတ်က တွေ့ဆုံရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

အမေရိကန် အစိုးရကလည်း NLD ၏ ဆုံးဖြတ်ချက်ကို လေးစားသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ ပီဂျေခရော်လေ က ပြောသည်။

“မြန်မာပြည် နိုင်ငံရေး ဖြစ်စဉ်မှာ လိုအပ်တယ်လို့ ကျနော်တို့ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးတွေ၊ တခြား အဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အလေးအနက်ထားပြီး ဆွေးနွေးဖို့ မြန်မာအစိုးရက ဆန္ဒမရှိတဲ့အတွက်ကြောင့် NLD က ဒီလို ဆုံးဖြတ်လိုက်တာပဲ လို့ ကျနော်တို့ နားလည်မိပါတယ်” ဟု မစ္စတာ ပီဂျေခရော်လေ က ပြောသည်။

ပြီးခဲ့သည့်နှစ်ကစပြီး အမေရိကန်အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိတွေ့ဆက်ဆံရေး၊ ဒဏ်ခတ်ပိတ်ဆို့ရေး နည်းလမ်းနှစ်သွယ်ကို တပြိုင်နက် ကျင့်သုံးခဲ့သည်။

“ရွေးကောက်ပွဲဥပဒေတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အမြင်ကို ပြောပြီးပါပြီ။ စိတ်ပျက်စရာ ဥပဒေတွေလို့ ကျနော်တို့ ထင်ပါတယ်။ ဒီလို ပြောပြီး နောက်ပိုင်းမှာတော့ မြန်မာအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးတာ မရှိသေးပါဘူး။ အနာဂတ်မှာ မရှိဘူးလို့တော့ မပြောနိုင်ပါဘူး။ သို့သော်လည်းပဲ မြန်မာပြည်မှာ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဥပဒေတွေက နည်းမှန် လမ်းမှန် မဟုတ်ပါဘူး” ဟု မစ္စတာ ပီဂျေခရော်လေ က ရှင်းပြသည်။

ဤအတောအတွင်း ၀ါရှင်တန်အခြေစိုက် US Campaign for Burma ခေါ် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့က NLD ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ယမန်နေ့က ကြေညာချက် ထုတ်လိုက်သည်။

“NLD ခေါင်းဆောင်တွေက သတ္တိရှိရှိ ဆုံးဖြတ်လိုက်တာပါပဲ။ ဒီအတွက် ကျနော်တို့ အင်မတန် ဂုဏ်ယူပါတယ်” ဟု ထိုအဖွဲ့၏ ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ပြောသည်။

“စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံတဲ့ နည်းနဲ့ သူတို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြီးတော့ ပြည်သူတွေ နဲ့အတူ ဆက်လက် ရပ်တည်ဖို့ ဆုံးဖြတ်လိုက်ကြတာပါပဲ” ဟု ကိုအောင်ဒင်က ဆိုသည်။

ဧရာဝတီမှ ကူးယူဖေါ်ပြသည်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၏ အထူးကြေညာချက်

NLDST300310 ( 30-3-2010)

NLD(ပြည်တွင်း) အဖွဲ့ ဝင်ဖြစ်ခဲ့ရတာ မျက်နှာမငယ်ရဆုံးနေ့  နဲ့  ဒီညီညွတ်ရေးအတွက် စိတ်အချမ်းမြေ့ဆုံး နေ့

Monday, March 29, 2010


“ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေညာတာက ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက ဆုံးဖြတ်ချက် ၂ ခု ချလိုက်တယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် NLD ပါတီ ဗဟိုဦးစီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ကန့်ကွက်သူမရှိ ရွေးကောက်ပွဲ မှတ်ပုံမတင်ဘူး။ နောက်တချက်က မှတ်ပုံမတင်သော်လည်း ပါတီကို မဖျက်သိမ်းဘူး”


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် များသည် ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံ မတင်ရန် ဆုံးဖြတ်ချက် ယနေ့ ချမှတ် လိုက်သည်။
NLD ရုံးချုပ်၌ ကျင်းပသော မှတ်ပုံတင်ရေး မတင်ရေး ဆွေးနွေးပွဲတွင် NLD ကိုယ်စားလှယ် ၁၁၃ ဦးတို့က မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က “ဗဟို ဦးစီး အဖွဲ့ဝင်များရဲ့ ဆွေးနွေး ချက်များအရ နအဖက ထုတ်ပြန် ထားသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များသည် လုံးဝ မျှတမှု မရှိတော့ပါသဖြင့် NLD ကို ထပ်မံ မှတ်ပုံတင် တော့မည် မဟုတ်ကြောင်း အများ သဘောတူ ကန့်ကွက်သူ မရှိ ဆုံးဖြတ်သည်” ဟု ပြောသည်။
ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် ဆုံးဖြတ်ချက် ကိုလည်း ချမှတ် လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
ဥက္ကဋ္ဌ ဦးအောင်ရွှေကကျန်းမာရေး အရ အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိသော်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဆုံးဖြတ်ချက် အတိုင်း လိုက်နာမည်ဖြစ်ကြောင်း စာတစောင် ပေးပို့ခဲ့ကြောင်း သိရသည်။
ဦးအောင်ရွှေ၏စာနှင့် ဒေါ်အောင်ဆန်းစုကြည် ပေးပို့ခဲ့သော သဘောထား ရေးသားထားသည့် စာကို ဦးဉာဏ်ဝင်းက ဖတ်ပြခဲ့ပြီး ဆုံးဖြတ်မှုများဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ ဥပဒေအောက်တွင် ပါတီ မှတ်ပုံတင်ရေး အတွက် စဉ်းစားခဲ့ခြင်း လုံးဝမရှိကြောင်း ပြောကြားခဲ့ပြီး ၆ ရက်အကြာ ယခု ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်။
အဖွဲ့ချုပ်ဝင်လူငယ် ၅၀ ကျော်ခန့်ကNLDအဖွဲ့ချုပ်ရုံးရှေ့တွင် နိုးအမှတ်တံဆိပ်ပါ တီရှပ်အဖြူရောင် ဆင်တူဝတ်ဆင်ထားကြပြီး
ပြည်နယ်နှင့်တိုင်းအသီးသီးမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များကို စံပယ် ပန်းကုံးများနှင့် အောင်သပြေပန်းများ ကမ်း၍ ကြိုဆိုခဲ့ကြသည်။
“အခြေခံဥပဒေဟာ လုံးဝ လက်ခံနိုင်စရာမရှိတဲ့အတွက် မှတ်ပုံမတင်ပါဘူး” ဟု တနင်္သာရီတိုင်း ရေဖြူ မြို့နယ် ကိုယ်စားလှယ် ဦးတိုးပိုး က ဆိုသည်။
ဦးတိုးပိုးကဲ့သို့ပင် ကချင်ပြည်နယ်မှ ဦးမြသိန်း၊ ကရင်ပြည်နယ်မှ ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်မှ ဦးအောင်သာ၊ ပဲခူးတိုင်း မှ ဦးအောင်စိုးမြင့်၊ ရှမ်းပြည်နယ်မှ ဒေါ်ခင်မိုးမိုးတို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်သင့်မခံကြောင်း၊ ရွှေဂုံတိုင် ကြေညာစာတမ်း ကိုသာ ကိုင်ဆွဲထား၍ မှတ်ပုံမတင်ကြောင်း ပြောဆိုသည်။ သို့သော်လည်း ကချင်ပြည်နယ်မှ ဦးတင်ဝယ်က မှတ်ပုံတင်သင့်ကြောင်း ပြောဆိုသည်။
NLD ပါတီသည် ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင် ရရှိခဲ့သည်။

မှတ်ပုံမတင်ဘူးဆုံးဖြတ်ပြီးတဲ့နောက် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ မှတဆင့်တိုးမြှင့်သည့်နိုင်ငံရေးဦးဆောင်မှုပေးခဲ့ရင်ဖြင့်

Sunday, March 28, 2010

ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ စီအာ(ရ်)ပီပီ ရှိနေပြီးသား မို့  ဒီကော်မတီတရပ်ကို တဆင့်တိုးမြင့်ဆောင်၇ွက်လိုက်
ရုံနဲ့  ရည်ရွယ်ချက်ပြီးမြောက်သွားပါလိမ့်မယ် လို့ ကျမယုံကြည်ပါတယ် ။ ဒါ့ ကြောင့် စီအာ(ရ်) ပီပီ ကို တဆင့် တိုးမြင့်ဖို့  တိုက်တွန်းကြရမှသာလျှင် အားဖြည့်ကြမှသာလျှင်အန္တိမရည်မှန်းချက်ဆီရောက်မည်ဖြစ်ပါသည်။။

ဒီကနေ့  သတင်းနှစ်ခု ကို ကျမ တချိန်တည်းဖတ်မိလိုက်တယ် တစ်ခု က မှတ်ပုံတင်ရင် ကန့် ကွက်မယ် ဆိုတဲ့ မြို့ နယ်တွေစာရင်း
မှာကျမ ပါတီတာဝန်ယူစဉ် ရပ်တည်ဆောင်ရွက်ခဲ့တဲ့ အင်းစိန် တွေ့ လိုက်ရလို့ အင်မတန်ဝမ်းသာမိပါတယ်။နောက်ထပ် မေး(လ်)
တစ်ခုကိုဖွင့်လိုက်တော့ အန်တီ့ခြံထဲကပါးလိုက်တဲ့ လက်ဆောင် ဗူးသီးကြီး ကိစ္စ ။။ သေချာတယ် အန်တီက ဗူးဆိုဖရုံမသီးဘူးဆို
တဲ့ သင်္ကေတ -ဒီ့အတွက်လည်း ကျမ အတိတ် ကိုပြန်သတိရပြီး အန်တီ ၁၉၉၆ က ပါတီလူငယ် တွေကိုမတ်ဆိတ် ပေးခဲ့ပုံလေး
လက်ဆင့်ကမ်းလိုက်ပါတယ် ။
၁၉၉၆ မှာ ကျောင်းသားတွေ က နိုင်ငံေ၇းမပါ ကျောင်းသားအအေ၇း ကျောင်းသားသမဂ္ဂပဲတောင်းဆိုကြမယ် ဆိုပြီးကျောင်းသား
ထု လမ်းပေါ်ရောက်လာပါတယ် ၂-၁၂-၁၉၉၆ မှာဦးထောင်ဘိုလမ်းအထိ ရန်ကုန်အင်းစိန်လှည်းတန်းကနေကျောင်းသားတွေ
ချီတက်ကြတယ်
ကျမလည်းအဖွဲ့ ချုပ်ရုံကစောစောပြန်ပြီး ကျောင်းသားထု ဘေးမှာပေါ့  --ဘေးမှာဆိုလို့ ကျမရှောင်နေတာလားဆို မဟုတ်ပါဘူး။
အဲဒီ့ဆန္ဒပြပွဲမှာပါဝင်နေကြတဲ့ကျောင်းသားကျောင်းသူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းထဲမှာ ကျမတို့ နဲ့ အတူစာဖတ်ဝိုင်း
လုပ်ပြီးဆွေးနွေးနေကျ ဆိုတော့ ကျမမျက်နှာကို သူတို့ ရင်းနှီးနေတဲ့ အတွက် ကျမ ၀င်ဆန္ဒပြချင်တာတောင်သူတို့ က ခွင့်မပြုခဲ့
ပါဘူး ။ပါတီနိုင်ငံရေးမပါဘူးတဲ့လေ
၂ရက်နေ့  ချီတက်ဆန္ဒပြပွဲ မှာမည်သို့ ပင် ကျောင်းသားလှုပ်ရှားမှုသီးခြားဖြစ်စေကာမူပါတီဝင်တွေ မြို့ နယ်လူငယ်ခေါင်းဆောင်
တွေ ကတော့ မနေသာပါဘူး လိုက်ပါကူညီခဲ့ပါတယ်။ အဲဒီည (၃-၁၂-၁၉၉၆) အကူးမှာပဲ မသီသီအောင် အပါအ၀င် ပါတီလူငယ်
၎ဦးကို ဖမ်းဆီးခဲ့ပါတယ် ။ ဖမ်းဆီရတဲ့အကြောင်းရင်းက ဆန္ဒပြ သူတွေ ကိုလိုက်ကူညီတာရယ်အန်တီ့ကို ဒီသတင်းသွားပြော
တာရယ်ကြောင့်ပါ။
ဒီသတင်း နဲ့ ပတ်သတ်ပြီးကျမ က အန်တီရဲ့ သဘောထားကိုသိတ်သိချင်ပါတယ်ကျမအန်တီနဲ့ တွေ့ ခွင့်တောင်းတယ်အန်တီက
ရုံးမှာလူငယ်တွေစုထား အန်တီလာမယ်ဆိုပြီးလူငယ်တွေ အားလုံးရှေ့ မှာ အန်တီ မေး ခဲ့တဲ့ စကား က NLD ဟာပြည်သူ့ ရှေ့ရပ်
ရမှာလားပြည်သူက NLD ရှေ့က ရပ်ရမှာလား ဆိုတာရယ် -ကျောင်းသားတွေဟာဘယ်သူ့ ရင်သွေးတွေလဲ ဆိုတာရယ်ဗိုလ်ချုပ်
တို့ လက်ထက်က မျိုးချစ် လူမိုက်လေးတွေ ရှိခဲ့တယ် ဆိုတာရယ် ပဲ မေးပြော--ပြောခဲ့ပါတယ် -
အန်တီ့ ဆီကကျမတို့ က ညွှန်ကြားချက်တောင်းတဲ့အခါအန်တီကလူငယ်တွေကအလုပ်မလုပ်ချင်ရင်ညွှန်ကြားချက်တောင်းကြ
တယ် လို့ ပြောပါတယ်။။


ကဲ ရဲဘော် တို့ 
ဒါတွေ ကို ကျမ က သုံးသပ် ပြီးမြင်ခဲ့တာ က အန်တီဟာ ကျောင်းသားလှုပ်ရှားမှု ကိုပါတီ က လူငယ်တွေ ပါတီဝင်တွေ
ကရှေ့ကရပ်ပေးရမယ် ။ သတ္တိရှိဖို့  ဆိုတာကို ဗိုလ်ချုပ်တို့  လက်ထက်က လူမိုက်အလို ရှိသည်ဆိုတာလေးနဲ့  သာဓကပြပြီး
ညွှန်ကြားချက်စောင့်သူတောင်းသူက မလုပ်ချင်သူ ကိုယ်စေတနာမှန်ရင် လုပ်သင့်တယ် ထင်ရင် လုပ်ရမယ် လို့ ညွှန်ကြားလိုက်
တယ်လို့ နားလည်ခဲ့ပြီး ၁၉၉၆ ကျောင်းသားဆန္ဒပြပွဲကို ပါဝင်ခဲ့ပါတယ်။
ကျမနဲ့ အတူ လူငယ်တစ်ချို့ ကဒီလိုသုံးသပ်ပေမဲ့ အချောင်သမားများကတော့ဒေါ်စုကနင်တို့ ကိုမလုပ်စေ့ချင် လို့ မပါဝင်စေ့ချင်
လို့ လူမိုက် လို့ ပြောတာပါဆိုပြီး ၁၉၉၆ ကျောင်းသားအရေးတော်ပုံ မှာ မျက်ကွယ်ပြုခဲ့ကြပါတယ်။ ဒါအချောင်သမားစိတ်ဓါတ်ပါ
ဒီအချိန်မှာ ကိုယ်ဘာလုပ်ရမယ် ဘာလုပ်သင့်တယ် ဆိုတာ သိသိ နဲ့ အထဲ က ဆုံးဖြတ်ချက်ကိုစောင့်မယ် တို့  အများသဘော
ကို ယူမယ် တို့ ဆိုတာ တော်လှန်ရေးအတွက် တကယ်အနှစ်မရှိတဲ့ အချောင်သမားတွေ ရဲ့ လက်နက်တခုပါပဲ ။

ခု အန်တီက ဗူးသီးပေးလိုက်တာကို လိုသလို စွဲ ပြောတယ်လို့  ကျမ ကိုပြောမယ်ဆိုရင်လည်း အန်တီ့ နုတ်ကထွက်တဲ့စကားကို
တော့ဖြင့် အလေးအနက်ထားသင့်ကြပါတယ်။

ထိပ်တိုက်တွေ့ ခဲ့ရတဲ့ ပြသနာတစ်ခု မှာဆိုရင် ဒီပဲယင်းလုပ်ကြံမှုကြီး ပြီးစမှာ လူထုခေါင်းဆောင်အပါအ၀င် စီအီးစီအားလုံး
ဖမ်းထားချိန်ပေါ့  ကျမလည်းထောင်ကထွက်ကာစပါတီမှာလည်းခေါင်းဆောင်ကို လုပ်ကြံမှုကြီးနဲ့ ကြုံတော့ မဖြစ်မနေ ကျမ
လူငယ်တွေ နဲ့ လှုပ်ရှားမှုတွေ ပြုနေစဉ် အန်တီ အာရှတော်ဝင်ဆေးရုံ မှာခွဲစိတ်ကုသခံနေရတဲ့အတွက် ကျမ တို့ လူငယ်တွေနဲ့ 
ထိုင်သပိတ်တွေပြုလုပ်နေဆဲ မှာ ဦးအောင်ရွှေ နောက်လိုက် ဒေါက်တာဝင်းနိုင်နဲ့ ကိုခင်ထွန်းဆိုသူရောက်လာပြီးပါတီရဲ့ ခွင့်ပြု
ချက်မရှိပဲ နဲ့ ဆန္ဒပြလို့ ဦးဆောင်တဲ့ ကျမ ကိုပါတီ အနေနဲ့ အရေးယူမယ်လို့ လာပြောပါတယ် ။
ကျမလည်းအရေးယူတာကနောက်ခုလောလောဆယ်ခေါင်းဆောင်ဆေးရုံတက်နေတာပြည်သူမပြောနဲ့ ပါတီဝင်အကုန်တောင်
မသိသေးမလာသေးတဲ့အတွက်ပြည်သူမြင်အောင်ဆက်ဆန္ဒပြ ခဲ့ကြပါတယ်။ တချို့ အချောင်သမားလေးတွေ ဆို ကျမတို့  ကို
ပစ်တင်ချုံ့ ချကြပါသေးတယ်။(ခု ကျမရေးတဲ့ စာဖတ်ပြီးသူတို့ လိပြာတွေ မလှမှာအသေအချာပါပဲ)
ကျမတို့ ဆန္ဒပြ လို့ သိတ်မကြာခင်မှာပဲ အန်တီက ကျမတို့ ကိုထောက်ခံကြောင်းပြန်ကြားလာတဲ့အခါ ဒေါက်တာဝင်းနိုင်တို့ 
ခမျာ ကျမတို့ ကိုတလေးတစားခေါ်ဆွေးနွေးပါတော့တယ်။။ ဒါအကျဉ်းတင်ပြတာပါ။ သူတို့ တွေ ရဲ့ ပါတီတွင်းသမိုင်းကြောင်း
တလျောက် (နှစ်နှစ်ဆယ်)ဖောက်ပြန်ချက်တွေ ကို ကျမတို့ လူငယ်ထု အများဆုံး သိရှိခံစားခဲ့ကြရတာပါ။

အတိတ်အကြောင်းလေး ဦးစွာတင်ပြပြီး ဆိုလိုချင်တဲ့ရည်ရွယ်ချက်ကတော့ ဒေါ်စု ဟာသူမရပ်တည်တာဝန်ယူနေရတဲ့နေရာ
ကနေ ဘာလုပ် ဘာလုပ် ဆိုပြီးအမိန့် ပေးမှာ မဟုတ်ပါဘူးသူဟာ ဒီမိုကရေကရေစီနဲ့ လူ့ အခွင့်အရေးတိုက်ပွဲ မှာ အမိန့် နဲ့ 
အာဏာနဲ့  ပါတီဝင်တွေပြည်သူတွေကို ဦးဆောင်သွားမဲ့သူမဟုတ်ပါဘူး ။

ခေါင်းဆောင်ရဲ့စိတ်နေစိတ်ထားနဲ့ စေတနာကို နားလည်သိတက်နေမဲ့နောက်လိုက်ကောင်းတွေနဲ့ ပြည်သူတွေ ကတော့ ဒီ
ီအခြေအနေမှာဒေါ်စု ဘာလုပ်စေ့ချင်သလဲ တို့ ကရော တိုင်းပြည်အတွက်စေတနာမှန်မှန် နဲ့ ဘာလုပ်သင့်သလဲ ဆိုတာ
ဆုံးဖြတ်ကြရမှာပါ ။
ကျမ တခုခု ဆုံးဖြတ်ချက်ချဖို့ မချင့်မရဲဖြစ်တိုင်းမှာ ၁၉၉၆ကဒေါ်စု ပြောတဲ့  တကယ်အလုပ်လုပ်ချင်သူ တိုင်းပြည်အတွက်
စေတနာမှန်သူတွေ လုပ်သင့်တယ်ထင်ရင် လုပ်၇မယ် မလုပ်ချင်ကြလို့  အထက်က ညွန်ကြားချက် စောင့်ကြတောင်းဆိုကြ
တာဆိုတဲ့ စကား ကို ပြန်ကြားမိပြီး
လုပ်သင့်တယ် ထင်ရင် လုပ်ပါတယ် ။ ခုဒေါ်အောင်ဆန်းစုကြည် သဘောထားကိုလည်း
စောင့် ကြည့်ခဲ့ကြပြီးပါပြီ ကျမတို့ ဆို ခေါင်းဆောင်ရဲ့ မနောကို သုံးသပ်လာနိုင်ခဲ့တဲ့ အတွက် ရွေးကောက်ပွဲဥပဒေထွက်
ကတည်း က မှတ်ပုံမတင်သင့်ဘူးအော်ခဲ့ ပြောခဲ့ ကြသူတွေပါ။ခု မှတ် ပုံမတင်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက် သေချာ ကျလာတော့
မဲ့ဒီကနေ့ မှာ ဘာပြင်ဆင်ထားလဲ လူထုခေါင်းဆောင် နဲ့ အတူ ဘဘဦးတင်ဦး ဘဘဦးဝင်းတင်တို့  က ဘာဖြစ်စေ့ချင်မလဲ
တိုင်းရင်းသားခေါင်းဆောင်တွေက ဘာ ကို ဦးတည်ချင်လဲ?????

ကျမတို့  ညွှန်ကြားချက်ကိုမစောင့် ပဲ တဆင့် တိုးပြီးစဉ်းစားပြင်ဆင်ကြရအောင်လား ??????
ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ စီအာ(ရ်)ပီပီ ရှိနေပြီးသား မို့  ဒီကော်မတီတရပ်ကို တဆင့်တိုးမြင့်ဆောင်၇ွက်လိုက်
ရုံနဲ့  ရည်ရွယ်ချက်ပြီးမြောက်သွားပါလိမ့်မယ် လို့ ကျမယုံကြည်ပါတယ် ။ ဒါ့ ကြောင့် စီအာ(ရ်) ပီပီ ကို တဆင့် တိုးမြင့်ဖို့  တိုက်တွန်းကြရမှသာလျှင် အားဖြည့်ကြမှသာလျှင်အန္တိမရည်မှန်းချက်ဆီရောက်မည်ဖြစ်ပါသည်။။


တော်လှန်ရေးသစ္စာဖြင့်
မေအိခင် (လယ်ဝေး)
၂၆-၃-၂၀၁၀ -------၂၉-၃-၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အများစုမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခံကြကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို...

မနက်ဖြန်မှာ ကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ချက်ချမှာ ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အများစုမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခြံကကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်း ပြောဆိုပါတယ်။

" မနက်ဖြန်နေ့လည်(၁၂)နာရီမှာ အန်ကယ်တို့ CEC တွေရယ် ပြည်နယ်နဲ့တိုင်းက ဗဟိုဦးစီး CC အဖွဲ့ဝင်တွေ ပါတီမှတ်ပုံတင်သင့်၊ မတင်သင့် ဆုံးဖြတ်ကြပါမယ်.... ။ အခုလက်ရှိ နောက်ဆုံးအခြေအနေ အန်ကယ် သိရသလောက်က Majority *အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ထောက်ခံကြတာ တွေ့ရပါတယ်....။ အန်ကယ်သိရသလောက် တော်တော်များများပါပဲ..." ဟု အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၂၃)ရက်နေ့က လူထုဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေကြီးဦးဥာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ တွေ့ခွင့်ရစဉ်မှာ ပါတီမှတ်ပုံတင်ရေးအတွက် လူထုခေါင်းဆောင်မှ ပြောဆိုရာမှာ မတရားတဲ့ဥပဒေ၊ တဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေအတွက် မှတ်ပုံတင်ရေးကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီး.. ဒီလိုပြောဆိုတာဟာလည်း အဖွဲ့ချုပ်ကို ညွှန်ကြားခြင်း အမိန့်ပေးခြင်း မဟုတ်ကြောင်း အဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ ဆုံးဖြတ်ပါလို့ မှာကြားခဲ့ပါတယ်။ မနက်ဖြန်မှာ ကျင်းပမယ့် အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာမှ အထူးအာရုံစိုက် စောင့်ကြည့်နေပါတယ်။ လက်ရှိ ရွေးကောက်ဥပဒေနဲ့ ပတ်သတ်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာမှ ကန့်ကွက်ခဲ့ကြပါတယ်။

သတင်း.....ဒီမိုဝေယံ